ဒါဘယ်လမ်းလည်းဆိုတာ လင်းမသိ။လင်းလည်ပင်းထက်၌ ဓားချွန်မရှိတော့ပေမဲ့ ထိုလူက လင်းလက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
"ဒါဘယ်နေရာလဲ.."
သိလိုစိတ်ပြင်းပြနေသဖြင့် လင်းမေးလိုက်သည်။
"ကိုယ်တို့စခန်းစီကို သွားနေတာ.."
လင်းလည်း ဘာမှဆက်မပြောတော့ပဲ နှုတ်ပိတ်နေလိုက်သည်။ဒီချိန်ဆို ရွာမှာ ဘာတွေဖြစ်နေမလဲ။အာကာမင်းမြတ်ကော..အဆင်ပြေပါ့မလား။လင်းအကိုလည်း ငိုနေမလားစသည့် စိုးရိမ်မှုတွေကလည်း ရင်ထဲ တပွေ့တပိုက်။
"ရောက်ပြီချာတိတ်.."
လင်းပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိတော့ တောအုပ်တစ်ခု။ရွာကနေဆို တော်တော်အလှမ်းဝေးသည်။ပတ်ဝန်းကျင်က မှောင်မဲတိတ်ဆိတ်ကာ ပိုးဖလံကောင်လေးများ အသံက တဂျီဂျီ။
"ချာတိတ်.."
"ဘာလဲ.."
"ကိုယ့်နောက်လိုက်ခဲ့.."
လင်းလည်း ဘာမှဆက်မပြောတော့ပဲ ဘဒင်ဆိုသည့် လူနောက်သာ လိုက်ခဲ့သည်။
ဝါးတဲလေးတစ်ခုထဲကို ဘဒင်ဆိုသည့်လူက ဝင်သွားတော့ လင်းလည်း လိုက်ဝင်မိသည်။
"အိပ်နိုင်လား.."
"ဘာလို့ မအိပ်နိုင်ရမှာလဲ.."
"အင်း..အိပ်တော့..နောက်ကျနေပြီ.."
"ခင်ဗျားကကော.."
"ကိုယ့်နာမည်ဘဒင်..ခင်ဗျားမဟုတ်ဘူး.."
"ဟုတ်ပါပြီကိုဘဒင်..ခင်ဗျားက မအိပ်ဘူးလား.."
"ကိုယ့်တပည့်တွေကို သွားစောင့်လိုက်ဦးမယ်..ချာတိတ်အိပ်နှင့်.."
လင်းအား ပြောပြီးသည်နှင့် ဘဒင်ဆိုသည့်လူက ဝါးတဲထဲမှ ထွက်သွားသည်။လင်းလည်း ဘေးနားရှိ ခေါင်းအုံးနှင့်စောင်ခေါက်အား ယူလိုက်ပြီး ခေါင်းအုံးပေါ်သို့ ခေါင်းချကာ စောင်ခေါက်လေးအား ဗိုက်ပေါ်တင်ထားလိုက်သည်။
ဟိုလှိမ့်၊ဒီလှိမ့်နှင့် အိပ်လို့မပျော်။အပြင်၌ ဆူညံဆူညံအသံများ ကြားသဖြင့် လင်းလည်း အမှောင်ထဲ၌ စမ်းတဝါးဝါးလျှောက်ကာ ထွက်လာခဲ့လိုက်သည်။
![](https://img.wattpad.com/cover/329764794-288-k228812.jpg)