ရက်ကိုလစား၊လကိုနှစ်စားဆိုသလို လင်းနှင့် အာကာမင်းမြတ်တို့ ချစ်သူသက်တမ်း၁လပြည့်ခဲ့ပြီဖြစ်သည်။၁လအတွင်း ရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်နှင့် မသိတဲ့လူတွေ အမြင်မှာတော့ အားကျစရာစုံတွဲပေမဲ့ လင်းအတွက်ကတော့ တွဲမိတာတောင် နောင်တရချင်သလိုလို။အာကာမင်းမြတ်အား အဲ့လောက်ဂျစ်တိုက်မယ်မှန်းမထင်ခဲ့။လင်းက အကြီးပီပီအလျော့ပေးပေမဲ့ သူက လင်းအလျော့ပေးမှန်းသိတော့ ပိုမိုကာ ဂျစ်တိုက်သည်။မတွဲခင်ကတော့ သူ့ကိုယ်သူ လူကြီးလိုလို၊ဘာလိုလိုနှင့်။တွဲပြီးတော့မှ တကယ်ကလေးပင်။
ခုလည်း ၁လပြည့်မှာ 'လျှောက်လည်မယ်'ဟုပြောသည်ကို ဒီနေ့ကျောင်းမှာ စာမေးပွဲရှိသဖြင့် လင်းက အခန်းစောင့်ရမည်ဖြစ်သည်။အဲ့တာကို မသွားနဲ့ဟု ဂျစ်တိုက်နေပြန်သည်။
"ကိုလင်းက ၁လပြည့်ကိုတောင် အာရုံမစိုက်ဘူး.."
"မဟုတ်ဘူးလေ..ဒီနေ့ကလေးတွေ စာမေးပွဲရှိတာကို ငါက ဘယ်လိုလုပ်ရမှာလဲ.."
"မသွားချင်လဲနေ.."
ထိုင်နေသည့် ကွပ်ပျစ်မှ ဆူပုတ်ပြီး ထထွက်သွားသည်။လင်းအော်ခေါ်နေသည်ကို လှည့်ပင်မကြည့်။ကျောင်းချိန်ကလည်း ကပ်နေပြီဖြစ်သည့်အတွက် လင်းလည်း ညနေမှ ချော့မည်ဟု တွေးပြီး ကျောင်းစီသို့သာ ခြေဦးလှည့်ခဲ့သည်။
* * *
ကလေးတွေ စာမေးပွဲဖြေနေသည်ကို လိုက်ကြည့်နေပေမဲ့ စိတ်ကတော့ ဟိုကလေးဆိုးကြီးစီမှာသာ ရှိသည်။လင်းအား နည်းနည်းပါးပါးနားမလည်ပေး။လင်းက အလုပ်အားရဲ့သားနဲ့ သူနဲ့ မသွားဘူးဆိုလည်း တစ်မျိုးပေါ့။ခုက လင်းက မအားလို့ မသွားတာကို ပြဿနာမဟုတ် ပြဿနာရှာနေသည်။"ကလေးတို့ရေ..အချိန်ပြည့်ခါနီးပြီနော်..သွက်သွက်ဖြေကြ..ဖြေပြီးသားလူတွေကလည်း စာလုံးပေါင်းတွေ ပြန်စစ်ကြ.."
အချိန်ပြည့်တော့မှာ ဖြစ်သည့်အတွက် စာမေးပွဲဖြေနေသည့် ကလေးတွေအား သတိပေးလိုက်သည်။
ခဏကြာတော့ ခေါင်းလောင်းသံကြားရသည်။ခေါင်းလောင်းသံကြားတော့မှ ကလေးတွေက ခါးတွေမတ်သွားကြပြီး အဖြေစာရွက်လေးတွေ ကိုင်ကာ ရွစိရွစိဖြစ်နေကြပြီ။