Part 3

816 107 38
                                        

Unicode

ယနေ့မှဒီသို့ရောက်သဖြင့် ကြီးတော်မေမှ သူ့အားအလုပ်လုပ်ရန်မလိုသေးဟုပြောလာရာ ရေချိုးလိုက်ပြီးနောက် ခရီးပန်းလာသည့်အရှိန်ကြောင့် အိပ်သာအိပ်ပစ်လိုက်သည်။ ညနေစောင်းလောက်တွင် အခန်းတံခါးခေါက်သံကြားလိုက်ရသည့်အခါမှ အိပ်ယာမှနိုးလို့လာတော့သည်။ ချက်ချင်းဆိုသလို ကုတင်ပေါ်မှဆင်းကာ တံခါးသွားဖွင့်လိုက်သည့်အခါ ကြီးတော်မေနှင့်အတူ လူတစ်ယောက်ပါလာသည်ကိုတွေ့လိုက်ရသည်။

“အိပ်နေတာလား ကျောက်ခဲ”

“ဟုတ်တယ် ကျုပ်အိပ်ပျော်သွားတာ”

ကျောက်ခဲမှတံခါးဖွင့်ပေးလိုက်သည့်အခါ နှစ်ယောက်သားအထဲသို့ဝင်လာခဲ့ကြပြီး ဒေါ်မြင့်မေသည်ကုတင်ပေါ်၌ထိုင်ကာ နောက်လူတစ်ယောက်မှာတော့အခန်းထဲရှိတစ်ခုတည်းသောထိုင်ခုံတွင်ဝင်၍ထိုင်လိုက်လေသည်။

“ဒါကြီးတော်မေရဲ့ယောက်ျား မင်းရဲ့ဦးလေးလှဆောင်လေ”

ယခုအချိန်အထိမတ်တပ်ရပ်လို့နေသေးသော ကျောက်ခဲအားကြည့်ကာ ခုံတွင်ထိုင်နေသည့်ကိုလှဆောင်ရှိရာသို့လှမ်းပြ၍ ဒေါ်မြင့်မေမှာမိတ်ဆက်ပေးလာသည်။ ပြီးမှတစ်ဖန် သူမယောက်ျားရှိရာသို့အကြည့်ပြောင်းပြီး...

“ကိုလှဆောင် ဒါက ကျောက်ခဲပေါ့”

ကိုလှဆောင်သည်ကား အောက်ပြည်အောက်ရွာသားဖြစ်ကာ ပိန်ပါးသောခန္ဓာကိုယ်၊ အတော်အတန်မြင့်သည်ဟုဆို၍ရသောအရပ်နှင့် ခပ်လတ်လတ်အသားအရေရှိကာ ရုပ်ရည်မှာတော့သာမန်မျှသာဖြစ်ပြီး အတန်းပညာအသင့်အတင့်တတ်မြောက်ထားသူဖြစ်ကာ မစ္စတာဟက်မင်တန်၏လူယုံအဖြစ်အလုပ်လုပ်နေသူဖြစ်သည်။ မူလပထမတုန်းက ရန်ကုန်တွင်အလုပ်လုပ်ခဲ့ရာမှ မစ္စတာဟက်မင်တန်တာဝန်ကျရာ မန္တလေးသို့လိုက်ပါလာရပြီး ‌ဒေါ်မြင့်မေနှင့်ဆုံကာအိမ်ထောင်ကျခဲ့သည်။ သဘောမနောကောင်းသူတစ်ယောက်ဖြစ်ပြီး အလုပ်လုပ်ရာတွင်စေ့စပ်သေချာကာ စိတ်ရှည်သည်းခံတတ်သည့်စရိုက်ကြောင့် မစ္စတာဟက်မင်တန်ထံမှ ယုံကြည်မှုကိုရရှိထားခြင်းဖြစ်သည်။

“ငါ့တူကြီးတောင်အတော်ကြီးလာပြီကိုး ငယ်ငယ်ကထက်အသားတွေမည်းလာလိုက်တာ မှတ်တောင်မမှတ်မိတော့ဘူးကွ”

Beautiful  MasterWhere stories live. Discover now