Part 5

527 93 16
                                        

Unicode

“အဲဒါကဘာကြီးလဲ”

ရေချိုးခန်းထဲတွင် ကြီးတော်မေယူလိုက်သည့်ဘူးလေးအားမည်သည့်အရာမှန်းမသိသဖြင့် ကျောက်ခဲမှာမေးလိုက်ခြင်းဖြစ်သည်။

“ဒါကသွားတိုက်ဆေးလို့ခေါ်တယ်။ ဒီမှာတွေ့လား သွားပွတ်တံ။ ဒီဘူးထဲကဆေးကို အခုလိုဖြည်းဖြည်းချင်းညှစ်ပြီး သွားပွတ်တံပေါ်တင်ပေးထားရမယ်။ အရမ်းကြီးညှစ်မချရဘူးနော်။ မဟုတ်ရင်သွားတိုက်ဆေးတွေအများကြီးအပြင်ကိုထွက်ကုန်မယ်”

တခုတ်တရသေချာလက်တွေ့ပြသနေသည့် ‌‌ဒေါ်မြင့်မေကြောင့် ကျောက်ခဲ၏မျက်နှာလေးမှာမဲ့ကနဲဖြစ်လို့သွားသည်။

“ဒါကတော်တော်အလုပ်ရှုပ်တာပဲ။ ဒီတိုင်းလက်ထဲဆားထည့်ပြီးပဲတိုက်လိုက်တာမဟုတ်ဘူး”

“မရဘူးလေ။ အင်္ဂလိပ်တွေက သွားတိုက်ဆေးနဲ့ပဲသွားတိုက်ကြတာ။ ကဲ..အခု ရေနွေးကိုဘယ်အနေအထားလောက်စပ်ရမလဲပြပေးမယ်။ မနက်တိုင်း ဒီကအလုပ်သမားတစ်ယောက်က ရေနွေးတည်ပြီး သခင်လေးအခန်းကိုပို့ပေးထားမှာမို့ အနေတော်ဖြစ်အောင်စပ်‌ပေးယုံပဲ”

“ဟုတ်ကဲ့”

“နောက်နေ့တွေလည်းဒီအတိုင်းပဲလုပ်ရမှာ လုပ်နိုင်တယ်မလား”

“လုပ်နိုင်ပါတယ်”

သွားတိုက်မျက်နှာသစ်ဖို့ရာ သွားပွတ်တံ၊ သွားတိုက်ဆေး၊ တဘက်၊ ဆပ်ပြာနှင့် ရေနွေးအစရှိသည့် လိုအပ်သည်များကို ပြင်ဆင်ပြီးသည့်အချိန် အပြင်ဘက်အခန်းဆီမှအသံတစ်ချို့ကိုကြားလိုက်ရသည်။

“သခင်လေးနိုးပြီထင်တယ်။ သွားကြည့်ရအောင်”

ဒေါ်မြင့်မေ၏အပြောကို ကျောက်ခဲမှခေါင်းငြိမ့်ပြကာ နာခံလိုက်သည်။

ရေချိုးခန်းမှထွက်လိုက်သည်နှင့် ကုတင်ပေါ်တွင်ဆံပင်စုတ်ဖွားနှင့် ငုတ်တုတ်ကလေးထိုင်နေသည့်သခင်လေးကိုချစ်ဖို့ကောင်းစွာတွေ့လိုက်ရသည်။ အိပ်ရာနိုးစမို့ မျက်ဝန်းဝိုင်းလေးတွေကမပွင့်တပွင့်ဖြစ်နေရာမှ သူတို့ရှိရာသို့အကြည့်များရောက်လာသည့်အခါ ချက်ချင်းပင်မျက်မှောင်လေးများကုတ်လို့သွားတော့လေသည်။

Beautiful  MasterWhere stories live. Discover now