Part 7

403 86 13
                                    

Unicode

ညတုန်းကတစ်ညလုံးခြေထောက်တွေနာနေသဖြင့် သေချာအိပ်မပျော်ခဲ့သည့်တိုင် မနက်ခင်းတွင်သူ၏အကျင့်အတိုင်း ကျောက်ခဲတစ်ယောက်စောစောနိုးထလာသည်။ တော်သေးသည်က နိုးလာသည့်အချိန်မှာတော့ သူ၏ခြေထောက်များမှာ အတော်လေးသက်သာနေခြင်းပင်။

မနေ့ကအတိုင်းပင် ခြံဝန်းထဲတွင်တံမြက်စည်းလှဲကာ ဦးသံချောင်းနှင့်အတူမနက်စာစားပြီးချိန်မှ အိမ်တော်ရှိရာဘက်သို့ထွက်လာခဲ့သည်။ ဒီနေ့တော့သူ့အားစောင့်လို့နေသော ကြီးတော်မေတစ်ယောက်ရှိမနေပါ။ မှာထားသည့်အတိုင်း အိမ်ထဲသို့ဝင်သွားလိုက်ပြီး သခင်လေးရှိရာအပေါ်ထပ်သို့တက်သွားရန်ပြင်လိုက်သည်။

ဟက်မင်တန်အိမ်တော်သည်ကား အုတ်များဖြင့်ဆောက်လုပ်ထားသော ကြီးမားသည့်ဗြိတိသျှလက်ရာအိမ်ကြီးဖြစ်ကာ တမံတလင်းခင်းထားသောအိမ်အောက်ထပ်နှင့်မတူစွာအပေါ်ထပ်တစ်ထပ်လုံးအား ကျွန်းသစ်များဖြင့်ကြမ်းခင်းထားခြင်းဖြစ်ရာ ကျောက်ခဲမှာအပေါ်ထပ်သို့ရောက်သည်နှင့် ထိုသစ်သားကြမ်းခင်းများမှအသံများထွက်ပေါ်မလာစေရန်အလို့ဌာ ခြေထောက်အားဖွကာလျှောက်တော့လေသည်။

အခန်းထဲသို့ဝင်လိုက်သည်နှင့် ကုတင်ထက်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေသော သခင်လေးကိုတွေ့မြင်လိုက်ရသည်။ ဝင်လာသည့်အခန်းတံခါးကိုအသာပိတ်လိုက်ပြီးနောက် ဦးစွာလုပ်မိသည်က ကုတင်ခြေရင်းတွင်ချွတ်လို့ထားပါသောအဝတ်ဖိနပ်လေးအား သခင်လေးနိုးလာသည့်အချိန်တွင်အဆင်သင့်စီးလို့ရစေရန်အတွက် ကုတင်ဘေးနားတွင်ချထားပေးလိုက်ခြင်းသာဖြစ်သည်။

ထို့နောက်တွင်တော့ ရေချိုးခန်းထဲသို့သွားကာ မနေ့တုန်းက ကြီးတော်မေမှာထားခဲ့သည့်အတိုင်း လိုအပ်သည်များကိုပြင်ဆင်ထားလိုက်သည်။ လုပ်ဆောင်ရမည့်သူ၏တာဝန်များပြီးဆုံးသွားသည့်အချိန်အထိ သခင်လေးမှာအိပ်ကောင်းတုန်းဖြစ်သည်။

မနေနိုင်စွာကုတင်အနားသို့ခြေသံကိုဖွကာသွားလို့ကြည့်လိုက်တော့ အိပ်ရာထဲတွင်ကွေးကွေးလေးအိပ်နေသည်က ရွာရှိချောင်းထဲမှသူတို့ဖမ်းယူနေကျ ပုစွန်ကွေးလေးနှယ် ချစ်ဖို့ကောင်းလွန်းလှသည်။ အိပ်စက်နေသည့်အချိန်မှာတော့ မျက်နှာထက်တွင်အလိုမကျဟန်တွန့်ချိုးနေခြင်းများမှာစိုးစိမျှရှိမနေတော့သည်က ဖြူစင်လွန်းသည့်ကလေးတစ်ယောက်သဖွယ်ဖြစ်လို့နေသည်။

Beautiful  MasterDonde viven las historias. Descúbrelo ahora