Unicode
တစ်နေ့တာလုပ်ငန်းဆောင်တာများပြီးစီးသည့်အခါ အိပ်ယာမဝင်သေးခင် ဦးလေးလှဆောင်ဆီသို့သွားရန် ကျောက်ခဲပြင်လိုက်မိသည်။ အပြင်ဘက်မှအအေးဒဏ်ကို အံတုနိုင်ဖို့ရာ ခန္ဓာကိုယ်အားခြုံစောင်ဖြင့်လွှမ်းခြုံဖို့ကိုလည်းမမေ့။
ကြီးတော်မေတို့လင်မယားမှာ သူတို့ကဲ့သို့ အလုပ်သမားတန်းလျားတွင်နေထိုင်ခြင်းမျိုးမဟုတ်ဘဲ ခြံ၏တောင်ဘက်စွန်းထောင့်တွင် ပျဥ်ထောင်အိမ်အသေးလေးဖြင့်သီးသန့်နေထိုင်ခြင်းဖြစ်သည်။ တစ်နေကုန်အလုပ်များတတ်သည့် ဦးလေးလှဆောင်မှာ ယခုလိုညဘက်မျိုးတွင်ပင် သူ၏အိမ်မှာရှိနေဖို့ရာမှာ သိပ်တော့မသေချာ။
“ဗျို့! ဦးလေးလှဆောင် ရှိလားဗျ”
အိမ်အပြင်ဘက်သို့ရောက်သည့်အခါ အထဲသို့ဝင်မနေတော့ဘဲ အပြင်မှသာလှမ်းခေါ်လိုက်သည်။
“ဦးလေးလှဆောင်ရေ”
“ဟေ...ဘယ်သူတုန်း”
နောက်ထပ်တစ်ကြိမ်ထပ်မံခေါ်လိုက်သည့်အခါ အိမ်ထဲမှလှမ်းထူးရင်း အပြင်သို့ထွက်လာသည့် ဦးလေးလှဆောင်ကို ကျောက်ခဲမြင်လိုက်ရသည်။
“ဪ...ကျောက်ခဲပဲကွ။ လာလာအိမ်ထဲဝင်”
သူ့ကိုမြင်သည်နှင့်ဦးလေးလှဆောင်မှာ အနားသို့လျှောက်ကာလာပြီးအိမ်ထဲသို့ဖိတ်ခေါ်နေတော့သည်။
“မဝင်တော့ဘူးဗျ။ ဒီမှာပဲခဏထိုင်တော့မယ်”
အပြင်ဘက်ရှိကွပ်ပျစ်တွင်သာ သူဝင်ထိုင်လိုက်သည့်အခါ ဦးလေးလှဆောင်မှာလည်းဘေးတွင်အတူလာ၍ထိုင်သည်။
“ဘယ်လိုလဲ နေရထိုင်ရအဆင်ရောပြေရဲ့လား”
“ဟုတ် ပြေပါတယ်”
“ဦးလေးလည်း မအားတာနဲ့ ငါ့တူကြီးဆီကိုတောင်မလာနိုင်ဘူးဖြစ်နေတာ။ တစ်ခုခုလိုတာရှိရင်ပြောနော်”
သူ့ဆီသို့ရောက်လာသည့်ကျောက်ခဲထံ၌ အကြောင်းကိစ္စတစ်စုံတစ်ရာများရှိနေမလားဟုတွေးကာ ကိုလှဆောင်မှမေးလိုက်ခြင်းဖြစ်သည်။
“အထွေအထူးတော့ဘာမှမရှိဘူးဗျ။ ဒါပေမယ့် ဟိုလေ..သခင်လေးရဲ့ နာမည်ကိုသိချင်လို့ပါ”