Part 4

551 99 14
                                    

Unicode

ညနေစောင်းမှသည် တစ်စတစ်စညဥ့်နက်လာသည်နှင့် ကျောက်ခဲမှာအတော်ပင်ဒုက္ခရောက်လာရသည်။ သူ့အနေဖြင့် ဤမျှလောက်သောအအေးဒဏ်ကိုခံနိုင်ဖို့ရာလွယ်ကူနေသည်မဟုတ်ပေ။ အခန်းတံခါးနှင့်ပြတင်းပေါက်ကိုစေ့စေ့ပိတ်ထားသည့်တိုင် လူကချမ်းတုန်နေခြင်းဖြစ်ရာ အပြင်ဘက်မှအခြေအနေကိုဖြင့် တကူးတကတွေးနေစရာလိုလိမ့်မည်မဟုတ်။

ကျောရိုးတစ်လျှောက်တစိမ့်စိမ့်ချမ်းတက်လာခြင်းပြေပျောက်ရန်အလို့ဌာ ကြီးတော်မေလာပေးထားသည့် ဦးလေးလှဆောင်၏အနွေးအင်္ကျီကိုဝတ်ဆင်ကာ ကုတင်ထက်တွင်ကွေးလို့စောင်ကိုတစ်ကိုယ်လုံးလုံအောင်ခြုံ၍ထားရသည်။ ထိုမျှအထိပြင်ဆင်ထားသည့်တိုင် မည်သည့်နေရာကမှန်းမသိသောအအေးဓာတ်များက သူ၏ခန္ဓာကိုယ်အားလာရောက်ထိတွေ့နေသည်ဟု ခံစားနေရသေးသည်။

နေ့လယ်ခင်းတုန်းက တ‌‌ရေးတမောအိပ်ထားမိသဖြင့် အိပ်ရာထက်လူးလိမ့်ရင်း ညဥ့်အတော်နက်သည့်အခါမှသာ အိပ်စက်ခြင်းကိုပြုနိုင်ခဲ့သည်။

************************
မနေ့ညကနောက်ကျမှအိပ်ပျော်ခဲ့သော်လည်း အကျင့်ဖြစ်နေသည့်မျက်လုံးများက အာရုံတက်ချိန်လောက်ဆိုနိုးချင်နေပြီဖြစ်သည်။

အိပ်ယာနိုးနိုးခြင်းမျက်လုံးနှစ်လုံးတောင်မဖွင့်ရသေးခင် မနက်ခင်း၏အအေးဓာတ်မှာ ကျောက်ခဲကိုလာရောက်နှုတ်ဆက်နေတော့သည်။

“ချမ်းလိုက်တာ..နေ့ရော ညရော ချမ်းနေတော့တာပဲ”

တစ်ယောက်တည်း ရာသီဥတုအား မကျေမချမ်းဖြစ်ကာရေရွတ်နေရင်း ကုတင်ပေါ်မှဆင်း၍ ညအိပ်ထားသည့်အိပ်ရာအားသေချာပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် အခန်းတံခါးဖွင့်ကာအပြင်ဘက်သို့ထွက်လာခဲ့သည့် ကျောက်ခဲမှာ မိုးစင်စင်မလင်းသေးသည့်ကြားတွင် ပိန်းပိတ်နေသောမြူခိုးများကိုတွေ့လိုက်ရလေသည်။

“နွေရာသီကြီးကို နှင်းတွေကျနေတာလား”

မြင်ကွင်းမရှင်းလင်းသည့်ကြားမှ အနီးတဝိုက်ကိုဟိုဒီလှမ်းကြည့်လိုက်တော့ မည်သူကိုမှမတွေ့ရ။ ပတ်ဝန်းကျင်တစ်ခွင်လုံးသည်ကားတိတ်ဆိတ်မှုကိုသာဆောင်ကျဥ်းပေးထားလို့နေသည်။

Beautiful  MasterWhere stories live. Discover now