Unicode
ကျယ်ဝန်းလွန်းသောခြံထဲသို့ဝင်ရောက်လာသည့်အချိန်ကတည်းက မြင်မြင်သမျှအရာအားလုံးက ကျောက်ခဲအတွက်ဆန်းသစ်လို့နေသည်။ အိမ်ထဲသို့ရောက်သည့်အခါ အနီးကပ်မြင်တွေ့လိုက်ရသည့် နယ်ချဲ့ကြီးကြောင့် လူကအလိုလိုကြီးတော်မေ၏နောက်သို့ရောက်လို့သွားရသည်။
အထက်အညာဒေသရှိ ဝေးလံခေါင်ဖျားသောရွာငယ်လေးတစ်ရွာတွင်နေခဲ့ရသူ ကျောက်ခဲအဖို့နယ်ချဲ့များနှင့်ပတ်သတ်ပြီး ရွာမှလူတွေပြောကြသည်ကိုသာ ကြားဖူးနားဝရှိကာ ကိုယ်တိုင်တွေ့မြင်ဖူးခြင်းမရှိပေ။ သို့ပေသိကြားဖူးသည့်အကြောင်းအရာများသည်ကား ကောင်းမွန်ခြင်းအလျဥ်းရှိမနေခဲ့။ ထိုသူများကသူတို့၏နိုင်ငံကြီးအားလာရောက်သိမ်းပိုက်ထားသည့်သူများပင်မဟုတ်လား။
သူမြင်နေရသည့်လူကြီးမှ ဗမာစကားပြောလာသည့်အခါ ကျောက်ခဲအံ့သြသွားရပြန်သည်။ စိတ်ထဲမှလည်း ဒီနယ်ချဲ့ကြီးက မပီပေမယ့်လည်း ဗမာလိုတော့ပြောတတ်သားပဲဟုတွေးမိနေသည်။ တဆက်တည်းမှာပင် ထိုနယ်ချဲ့ကြီးမှာ ကြီးတော်မေပြောနေကျ သခင်ကြီးဆိုသည့်လူမှန်းသိလိုက်ရသည်။
သူနှင့်ပတ်သတ်သည့်အကြောင်းများကို ကြီးတော်မေနှင့်ထိုနယ်ချဲ့ကြီးမှပြောနေကြတုန်း အသံသေးသေးလေးတစ်ခုကိုကြားလိုက်ရသဖြင့် ကျောက်ခဲစိတ်ဝင်စားမိသွားသည်။ သိချင်စိတ်ကြောင့် အသံလာရာသို့အသာလေးလှမ်းကာကြည့်လိုက်တော့ ဖြူဖြူဖွေးဖွေးကလေးတစ်ယောက်ဖြစ်လို့နေသော်လည်း တည်တင်းလွန်းတဲ့မျက်နှာထားကြောင့် ချက်ချင်းဆိုသလို ခိုးကြည့်နေခဲ့သည့်သူ၏အကြည့်များကိုရုတ်သိမ်းလိုက်ပြီး ကြီးတော်မေကိုသာပြန်ပြီးအကာအကွယ်ယူထားလိုက်မိသည်။
သူတို့ရှိရာအနားသို့ရောက်လာပုံရသည့် ထိုကလေးက ကြီးတော်မေ၏အမည်ကိုခေါ်ကာစကားပြောလာသည့်အချိန် ကျောက်ခဲမှာအတော်လေးလန့်ဖြန့်သွားမိသည်။ လွန်ခဲ့သောအချိန်ပိုင်းကမှချမ်းလို့တုန်နေခဲ့သည့်ခန္ဓာကိုယ်က ယခုအချိန်မှာတော့ ချွေးစေးများပင်ပြန်လို့နေသည်။
သူ့အားထွက်လာဖို့ပြောသည့်အခါတွင်တော့ရွေးချယ်စရာမရှိတော့ဘဲ ကြီးတော်မေ၏ အနောက်မှထွက်လာခဲ့လိုက်ရသည်။ အမှန်တော့ ဒီအတိုင်းထွက်လာဖို့ပြောလိုက်ခြင်းမျိုးမဟုတ်ဘဲ အမိန့်ပေးလိုက်ခြင်းသာမဟုတ်ပါလား။