Unicode
ပုံမှန်နေ့များကဲ့သို့မနက်ခင်းလုပ်ငန်းဆောင်တာများကိုပြုလုပ်နေသော်လည်း ယနေ့မှာတော့ ကျောက်ခဲတယောက် အရင်ရက်များထက်များစွာတွက်ကြွလို့နေ၏။
ပြင်ဆင်စရာရှိသည်များကိုအားလုံးပြင်ဆင်လိုက်ပြီးနောက် သခင်လေးအားအိပ်ရာနှိုးဖို့ရာအိမ်တော်အပေါ်ထပ်သို့တက်၍သွားလိုက်တော့သည်။
အခန်းထဲသို့ဝင်လိုက်သည်နှင့် နှိုးစရာမလိုဘဲ အိပ်ရာထနေပြီဖြစ်သော သခင်လေးကိုတွေ့လိုက်ရ၏။
“နိုးနေပြီလား သခင်လေး”
“-------“
“သွားတိုက်ပြီးမျက်နှာသစ်လိုက်ပါဦး၊ ဒီနေ့ကျောင်းသွားရမှာမို့ ကျွန်တော်ကျောင်းဝတ်စုံထုတ်လိုက်ဦးမယ်နော်”
အနည်းငယ်မျှအိပ်မှုန်စုံမွှားဖြစ်လို့်နေသေးသောလူးဝစ်မှာတုန့်ပြန်မှုပေးမလာဘဲ အခန်းထဲတွင်ဟိုဘက်ဒီဘက်လမ်းလျှောက်ကာအလုပ်လုပ်နေသော ပုံမှန်မြင်နေကျအိမ်နေရင်းဝတ်စုံမျိုးဖြင့်မဟုတ်ဘဲ ကျောင်းဝတ်စုံဖြင့်တမူထူးခြားနေသည့်ကျောက်ခဲအား သေချာကြည့်လိုက်ကြည့်နေတော့သည်။
“သခင်လေး အခုမပြင်ဆင်ရင် ကျောင်းနောက်ကျတော့မယ်နော်”
သတိပေးသလိုပြောလာပြန်သည့် ကျောက်ခဲ၏အသံဆာဆာလေးကိုကြားရသည့်အခါမှ လူးဝစ်မှာရေချိုးခန်းထဲသို့ဝင်၍သွားတော့သည်။
ခဏအကြာ၌ပြန်၍ထွက်လာသည့် လူးဝစ်အား ကျောက်ခဲမှာလုပ်နေကျအတိုင်း ကျောင်းဝတ်စုံလဲပေးတော့သည်။
ကျောက်ခဲလဲပေးသည့်ကျောင်းဝတ်စုံအားငြိမ်သက်ကာအဝတ်ခံနေရင်းမှ လူးဝစ်၏ပုံစံမှာသူ၏အရှေ့တွင်ရပ်နေသောလူအားသေချာကြည့်ရင်းအလိုမကျသလိုဖြစ်လာသည်ကို မအားမလပ်ဖြစ်နေသောကောင်လေးမှာသတိမမူမိခဲ့။
“မောင်မင်းမျက်နှာကဘယ်လိုဖြစ်တာလဲ”
နောက်ဆုံးတော့တလျှောက်လုံးငြိမ်နေခဲ့သည့်သခင်လေး၏စကားသံမှာတိတ်ဆိတ်နေသည့်အခန်းထဲတွင်ပျံ့လွင့်လို့လာတော့သည်။