Part 10

643 99 20
                                        

Unicode

အမှောင်ထုနဲ့ဆတူ တစ်စတစ်စတိုးလို့လာသည့် အအေးဒဏ်အား ကျောက်ခဲတစ်ယောက်ခါးစည်းကာခံနေရရှာသည်။ ထင်းရှူးတောဘက်သို့ထွက်လာသည့်အချိန်တုန်းက အအေးဓာတ်သိပ်မရှိသေးသဖြင့် အင်္ကျီခပ်ပါးပါးသာ ဝတ်ဆင်လာခဲ့မိပြီး အနွေးထည်ပါမလာခဲ့မိဘူးမဟုတ်လား။

“‌ကျောက်ခဲ ငါတို့ဒီနေ့အိမ်ကိုပြန်နိုင်ပါ့ဦးမလား”

တိုးသဲ့သဲ့ထွက်‌ပေါ်လာသည့် သခင်လေး၏အသံသည်ကား ခါတိုင်းကဲ့သို့ ရင့်သီးကာအမိန့်ပေးသည့်ပုံစံမဟုတ်ဘဲ စိတ်ပျက်အားငယ်နေသည်များလားဟု ကျောက်ခဲထင်မြင်မိသည်။

“စိတ်မပူပါနဲ့။ ကျွန်တော် ဒီနေ့သခင်လေးကို အိမ်အရောက်ပြန်ပို့ပေးမှာပါ”

အိမ်ပြန်လမ်းဖြစ်ဟန်တူသောအရပ်ကို မှန်းဆကာလျှောက်နေခဲ့သည့်တိုင် ကျောက်ခဲ၏စိတ်ထဲတွင်တော့ စိုးရိမ်ပူပန်နေသည်မှာ ဧကန်မလွဲဖြစ်သည်။ သို့သော်လည်း သူကြောက်ပြနေလျှင် သခင်လေးပို၍စိုးရွံ့သွားမည်ကိုတွေးမိပြီး အားတင်းစကားကိုသာပြောလိုက်မိသည်။

“ဒယ်ဒီပြန်ရောက်ပြီလားမသိဘူး။ ပြန်ရောက်နေရင် ငါ့ကိုရိုက်တော့မှာပဲ”

ယခုတစ်ခေါက် သခင်လေး၏အပြောကိုတော့ ‌ကျောက်ခဲဘက်မှ ဘာမှတုန့်ပြန်မပေးမိခဲ့။ သေချာပေါက် သခင်ကြီးသိလျှင် အပြစ်ပေးခံရမည်မှန်း သူသဘောပေါက်ပါသည်။

“ဟင်းး..ဟင်းး...”

တစ်ယောက်တည်းမဟုတ်ဘဲ လူးဝစ်ကိုပါ ထမ်းပိုးထားရသည့် ကျောက်ခဲထံမှ မောပန်းလွန်းသဖြင့်ထွက်ပေါ်လာသည့် အသက်ရှုပြင်းပြင်းမှာ ည၏လေထုထဲတွင် တစ်ချက်တစ်ချက်ထွက်ပေါ်လာသည်။

အချိန်ကြာမြင့်စွာလျှောက်ရင်းမှ တစ်ဖြည်းဖြည်းမြင်ကွင်းထဲသို့ဝင်ရောက်လာသည့် အလင်းရောင်သဲ့သဲ့တစ်ချို့ကြောင့် ကျောက်ခဲ၏မျက်နှာထက်တွင် အပြုံးပန်းကလေးဖြစ်ပေါ်လာသည်က ဝမ်းသာအားရဖြစ်သွားခြင်းကြောင့်သာ။

“သခင်လေး”

“-------“

“သခင်လေး”

Beautiful  MasterWhere stories live. Discover now