Unicode
မန္တလေးရှိဟက်မင်တန်အိမ်တော်မှာ အုတ်ဖြင့်အခိုင်အမာဆောက်လုပ်ထားပြီး အခန်းပေါင်းမြောက်မြားစွာဖြင့်ဖွဲ့စည်းတည်ဆောက်ထားသော နှစ်ထပ်အိမ်ကြီးဖြစ်သည်။
အိမ်ထဲသို့ဝင်လိုက်သည်နှင့် ခမ်းနားထည်ဝါလှသော အပြင်အဆင်များကိုတွေ့မြင်ရနိုင်သည်။ အိမ်တော်တွင်းရှိပရိဘောကပစ္စည်းအများစုမှာ ကျွန်းသစ်သားများကိုသာအသုံးပြုထားခြင်းဖြစ်ပြီး တန်ဖိုးမြင့်အသုံးအဆောင်ပစ္စည်းများစွာဖြင့်လည်း အလှဆင်ထားသေးသည်။
အိမ်၏ဧည့်ခန်းရှိနံရံထက်တွင်တော့ ရှည်လျားလျသည့် ရိုင်ဖယ်သေနတ်ကြီးနှစ်လက်နှင့်အတူ တိရစ္ဆာန်အချို့၏ဦးချိုများက ဝံ့ကြွားစွာနေရာယူလို့ထားသည်။
မန္တလေးရွှေမြို့တော်သို့ပြန်ရောက်သည်နှင့် မစ္စတာဟက်မင်တန်သည်ကား ကလောမှာနေစဥ်တုန်းကကဲ့သို့ အိမ်တွင်သိပ်ရှိမနေတော့ဘဲ အချိန်တော်တော်များများအား အလုပ်ထဲတွင်သာကုန်ဆုံးနေစေတော့သည်။ ထိုအခါ ဖခင်ဖြစ်သူမျက်စိအောက်တွင်အမြဲရှိမနေတော့သည့် လူးဝစ်မှာ စိတ်တိုင်းကျသောင်းကျန်းပြစ်ဖို့ရာ တာစူ၍နေတော့လေသည်။
"ကျောက်ခဲ"
"ဗျာ"
အိပ်ခန်းကြမ်းပြင်ထက်တွင် လူးဝစ်ဖွလို့ထားသော နိုင်ငံခြားဖြစ်ကစားစရာပစ္စည်းများအားသိမ်းဆည်းနေရင်းမှ ကျောက်ခဲတစ်ယောက် သူ၏သခင်ဖြစ်သူအားပြန်ထူးလိုက်ရ၏။
"စွန်သွားလွှတ်ရအောင်"
"သခင်လေးက စွန်လွှတ်ချင်လို့လား?"
"ဟုတ်တယ်။ အခုသွားကြမယ်"
"ခဏလေး ကျွန်တော်ဒါလေးတွေ ပြီးအောင်သိမ်းပါရစေဦး"
ကျောက်ခဲ၏တောင်းဆိုသလိုအပြောလေးမှာ ချက်ချင်းပင်ငြင်းဆိုခြင်းကိုခံလိုက်ရသည်။
"ပြန်လာမှသိမ်းစမ်းပါ။ လာ...အခုသွားကြမယ်"
ထို့နောက်တွင်တော့ စိတ်မြန်လက်မြန်ရှိသူသခင်လေးသည်ကား အဆင်သင့်ယူလို့ထားသော စက္ကူလေတံခွန်လေးအားလက်တစ်ဖက်မှကိုင်ကာ ကျန််လက်တစ်ဖက်ဖြင့် ကျောက်ခဲအားလက်ကောက်ဝတ်မှဆွဲရင်း အိပ်ခန်းအပြင်ဘက်သို့ထွက်လိုက်ကာ ရှေ့မှဦးဆောင်၍ အောက်ထပ်သို့ဆင်းလို့လာတော့လေသည်။