Unicode
ယနေ့ထင်းရှုးတောဆီသို့လှမ်းနေသည့်သခင်လေး၏ခြေလှမ်းများမှာ စိတ်မပါသည့်ပုံစံဖြစ်လို့နေသည်ကို ကျောက်ခဲသတိထားမိ၏။ ထို့ကြောင့်မည်သည့်စကားမှမစဘဲ နှုတ်ဆိတ်၍သာလိုက်လာခဲ့တော့သည်။
“စီးလို့လည်းမရလောက်သေးတာကို ဘာလို့အဲဒီစက်ဘီးကြီးကိုအလုပ်ရှုပ်ခံပြီးယူလာရတာလဲ”
တဖက်လူတွန်းလာသည့်စက်ဘီးအား မကြည်သလိုတချက်ကြည့်ရင်း လူးဝစ်မှပြောလာခြင်းဖြစ်သည်။
“သခင်လေးကိုပြစရာရှိလို့ယူလာတာပေါ့”
ကျောက်ခဲ၏အပြောကြောင့် လူးဝစ်၏မျက်နှာထက်တွင် သိလိုဟန်များဖြစ်လို့သွားတော့၏။
“မောင်မင်းက ဘာပြမလို့လဲ”
“အခုတော့ခဏနေပါဦး ရောက်ရင်သိရမှာပေါ့”
“အခုတခါတည်းပြောလိုက်ရင်ပြီးနေတာကို”
ချက်ချင်းဆိုသလို စိတ်အလိုမကျဟန်မှုန်ကုပ်လို့သွားပြန်သော သခင်လေးကြောင့် ကျောက်ခဲမှာအသာလေးပြုံးလိုက်မိသွားသည်။
ထုံးစံအတိုင်းသူ၏သခင်ငယ်လေးစိတ်မရှည်တော့ဘူးမဟုတ်ပါလား။ သို့သော်ငြားယခုအချိန်မှာတော့သူမပြောလိုသေးပေ။
ထင်းရှုးတောသို့ရောက်သည့်အခါ တောတွင်းထဲသို့အနည်းငယ်ဆက်၍လျှောက်လိုက်ပြီးနောက် စက်ဘီးစီး၍အဆင်ပြေလောက်မည့်နေရာတွင် ကျောက်ခဲရပ်လိုက်လေသည်။
“သခင်လေး ဒီမှာခဏရပ်နေ”
“ဘာလုပ်မလို့လဲ”
“စက်ဘီးစီးမလို့”
“ထပ်ပြီးလဲကျနေဦးမယ် နောက်ရက်မှကျင့်တော့လေ”
“မဟုတ်ဘူး ကျင့်မှာမဟုတ်ဘူး စီးပြမှာ”
ပြောနေရင်းဖြင့်ပင် ကျောက်ခဲမှာသူတွန်းယူလာသောစက်ဘီးလေးပေါ်သို့တက်ကာခွလိုက်ပြီး ချက်ချင်းဆိုသလိုပင် စက်ဘီးအာစီးနင်းပြသည့်အခါ လူးဝစ်တယောက် တအံ့တသြဖြစ်လို့သွားသည်မှာ အနည်းငယ်ပွင့်ဟ၍သွားသောနှုတ်ခမ်းလွှာလေးမျာကသက်သေပင်ဖြစ်သည်။