Unicode Ver
ချီယွမ်သည် သူ၏ခြေလှမ်းများကို နှစ်ဆလောက်အထိ နှေးကွေးလျက်ပင် နန်းတော်မှ ထွက်လာခဲ့သည်။ ထိုကဲ့သို့ပြုမူရသည့် အကြောင်းအရင်းကို သူကိုယ်တိုင်လည်းမသိပါချေ။ သို့သော် နန်းတော်ရှိ ပေနှစ်ဆယ်နီးပါးမြင့်သော တံခါးမကြီးသည်ပင် သူထွက်သွားသည့်အချိန်တွင်တော့ သူနှင့်တခါမျှမရင်းနှီးဖူးခဲ့သည့် သူစိမ်းတယောက်နှယ် ပြန်ပိတ်သွားခဲ့သည်။
ဟုတ်သည်။ တကယ်ဆို နန်းတော်ဆိုတဲ့နေရာမျိုးက သူ့လို လူတန်းစားအတွက် ဘယ်တုန်းကမှ ဝင်ရောက်ဖို့မဖြစ်နိုင်ခဲ့တဲ့နေရာ။ သို့သော်လည်း နှမြောတသဖြစ်နေသည့်အတိုင်း သူသည် ထိုတံခါးမကြီးကိုသာ ပြန်လှည့်ပြီး မျက်နှာမူလျက် အတော်ကြာသည်အထိ မလှုပ်မယှက်ရပ်ကြည့်နေခဲ့မိသည်။
ချီယွမ်က သူ့ဘဝတွင် ဘယ်သောအခါကမျှ ဂုဏ်၊ ငွေ၊ ပကာသနများကိုမမက်မောခဲ့ဖူးချေ။ ယခုအချိန်ထိသူရှာဖွေသမျှတိုင်းသည် သူ့မွေးစားအမေနှင့် မွေးစားမောင်နှမတို့အဆင်ပြေစေရန်အတွက်သာ။ ထို့အပြင် ဘဝတွင်လည်း ဘယ်သောအခါမျှ တစ်စုံတစ်ခုကိုမက်မက်မောမောလိုချင်ခဲ့တာမျိုးမရှိခဲ့။ သို့ရာတွင် ယခုများတော့ ထိုနန်းတော်တံခါးကြီးက သူအလွန်တရာပိုင်ဆိုင်ချင်မိသည့် အရာတစ်ခုအား သူမရနိုင်အောင် ပိတ်ပင်ထားသလိုပင်။
………………………………..
ချီယွမ် နန်းတော်မှထွက်လာခဲ့ပြီးနောက်တွင် သူသည်အဝတ်တထည်ကိုယ်တစ်ခုဖြင့်ထွက်လာခဲ့မိမှန်းသတိရခဲ့သည်။ အစပိုင်းက ရှောင်ကျူးတို့နေရာသို့လိုက်သွားပြီး ရှောင်ကျူးတို့နှင့်အတူပြန်နေဖို့ စဉ်းစားမိသော်လည်း သူ့ဘဝကမည်သို့သော အန္တာရယ်မျိုးတွေ ထပ်ပြီးကျရောက်လာအုန်းမည်ကို မသိနိုင်တာမို့ သူတစ်ပါး၏အေးချမ်းသည့် ဘဝလေးကိုသွားမနှောက်ယှက်တာအကောင်းဆုံးဖြစ်ပေလိမ့်မည်။
ထို့ကြောင့်ပင် ယခင်ကတည်းက သူနေထိုင်နေကျဖြစ်သည့် ဇရပ်ပျက်ဆီသို့သာ သွားရန်ဆုံးဖြတ်ခဲ့သည်။ ယခင်က အိုဟောင်းနေသောဇရပ်ပျက်လေးသည် လအတော်ကြာကြာမတွေ့ရသည့်နောက်တွင်တောင်မှ သိပ်ထူးခြားမှုမရှိပါချေ။ ချီယွမ်သည် ရင်းနှီးပြီးသားဖြစ်သည့်ဇရပ်ပျက်နေရာအား ထွေထွေထူးထူးလှည့်ကြည့်စစ်ဆေးမနေတော့ပဲ မိမိနားခိုနေကြနေရာဖြစ်သည့် ထုတ်တန်းပေါ်သို့သာ တန်းပြီး ခုန်တတ်လိုက်သည်။
YOU ARE READING
The Deal With A Demon King
Spiritualမိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......