"ရက်စက်လိုက်တာ အဖိုးကြီးက။"
"မင်းဘာသာ အတင့်ရဲတာလေ ။ ဘယ်သူက စည်းကမ်းဖောက်ခိုင်းလို့လဲ။ ဒီလောက်လေးပဲ အပြစ်ပေးတာကိုသာ ကျေးဇူးတင်နေလိုက်။"
တိဟွက ချီယွမ်နှင့်မလှမ်းမကမ်း အရှေ့ဘက်နားတွင်မတ်တပ်ရပ်ကာ ချီယွမ်အား စောင့်ကျပ်နေသည်။ ချီယွမ်က ယွင်းရန်၏အဆောင်ရှေ့တွင် တံခါးမကြီးအား မျက်နှာမူကာ ဒူးထောက်နေရလေ၏။အချိန်အားဖြင့် နှစ်နာရီခန့်သာကြာမြင့်သေးသည်။ယွင်းရန်ကလည်း ချီယွမ်အားအပြစ်ပေးရမည်ဟူသော မိန့်ထုတ်ပြန်ပြီးနောက် ပေါ်ကိုမလာတော့ချေ။ ချီယွမ်က သူ၏ပေါင်နှစ်ဖက်အား လက်ဖြင့် အသာထုနေရင်းအော်ဟစ်နေသည်။
"ညောင်းလိုက်တာ ။ညောင်းလိုက်တာနော်။"
တိဟွက သူ့ကိုဘာမှဆက်မပြောပဲ ဒီအတိုင်းသာကြည့်နေသည်။ချီယွမ်က ထိုသို့အော်နေခြင်းမှာအသုံးမဝင်မှန်းသိလေတော့ သူကတစ်ခြားသို့စကားလမ်းကြောင်းလွှဲလိုက်သည်။
"တိဟွ။ တိဟွ။ အဘိုးကြီးကလေ ငါ့ကိုဘာလုပ်မှာလဲ မင်းသိလား။"
ထိုအမေးက ချီယွမ်ဒူးထောက်ရသည်မှာ ပျင်းလာသောကြောင့် ရရာစကားရှာကြံပြောရုံသာဖြစ်သည်။ တိဟွကမူ မျက်နှာအနည်းငယ်ပျက်ယွင်းသွားလေ၏။ ပြီးမှသူက ချီယွမ်ကို အကြည့်လွှဲလိုက်ပြီး
"ငါမသိဘူးလေ။အဲ့လောက်ထိလည်း သိခွင့်မရှိဘူး။"
ချီယွမ်က တိဟွအားကြည့်နေသည်။
"မင်းက သူ့တပည့်မဟုတ်ဘူးလား။ ဘာလို့မသိရတာလဲ။ ပြီးတော့မင်းငါ့ကို နျူးလို့လည်းခေါ်တယ်လေ။ သူကရော ဘယ်သူလဲ။ ငါကသူနဲ့တော်တော်တူလို့လား။"
"ငါမသိဘူးလို့။ "
တိဟွက ထိုနေရာမှ အမြန်ထွက်သွားတော့သည်။ထိုမေးခွန်းများကို သူအဘယ်ကြောင့်ဤမျှလောက်ဖြေရခက်နေမှန်း ချီယွမ်နားမလည်နိုင်ချေ။ ဤမေးခွန်းများက လွယ်ကူရိုးရှင်းလွန်းသည့်မေးခွန်းများပေမဟုတ်ပါလား။ ချီယွမ်က ထိုနေရာမှရုတ်တရက်ထွက်ပြေးသွားသောတိဟွအား နားမလည်သောအကြည့်တို့ဖြင့်လှမ်းကြည့်နေရင်းပင် တစ်ခုခုအားသဘောပေါက်သွားသော ပုံစံဖြင့် သူ၏ လည်ပင်းအား လက်နှစ်ဖက်ဖြင့်ပင် အသာဆုပ်ကိုင်လိုက်သည်။
YOU ARE READING
The Deal With A Demon King
Spiritualမိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......