Part 46

579 50 3
                                    

Unicode Ver

" ဒေါင်းဖြူဆိုတဲ့အမျိုးအစားက ဖြူစင်ခြင်းနဲ့ သန့်စင်ခြင်းကို ကိုယ်စားပြုကြတာတဲ့။ သူတို့ကိုသာ မျက်မြင်တွေ့နိုင်ခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ဘဝက ကံကောင်းခြင်းတွေနဲ့ ပြည့်စုံနေတော့မှာ တဲ့.....

ဒေါင်းအိုကြီး... အဲ့တာ တကယ်ပဲလား..."

တရစပ် မေးခွန်းများစွာကိုမေးနေသည့် သူကသာ ငြိမ်ကျသွားပေလိမ့်မည်။ တဖက်သူဘက်မှ ဖြေကြားသည့် မည်သည့်တုံ့ပြန်မှုမျိုးကိုမှတော့ သူမရပါချေ။ ထိုအစား အနှီလူ၏မျက်နှာကိုသေချာရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်တိုင်အောင် ထိုလူက သူ့ကိုသာလွမ်းဆွေးနေသည့်မျက်နှာထားမျိုးနှင့် ကြည့်နေခဲ့သည်ကိုတော့ သူအလိုလိုခံစားမိနေ၏။

သူကိုယ်တိုင် ကြုံခဲ့ဖူးသည်လို့ပင် ခံစားလို့မရနိုင်သည့် ခံစားချက်မျိုးနှင့်အတူ သူသည် အနှီမျက်နှာမဲ့လူနှင့် ပျော်ရွှင်စွာအချိန်ပေါင်းများစွာကို ဖြတ်သန်းလျက်ရှိသည်။ ထို့နောက်တွင်ပဲ ထိုလူနှင့်သူ စကားများကြပြန်သည်။ မည်သည့်အကြောင်းအရာကို အခြေခံသည်တော့မသိ နှစ်ဦးစလုံး နာကျင်နေခဲ့ကြသည်။ စိတ်ခံစားချက်တို့က ပို၍တင်းကျပ်ကာလာပြီး သူ့ဘဝရဲ့အရေးကြီးဆုံးအရာနှစ်ခုကို ယှဥ်ပြိုင်ရွေးနေရသလိုဖြစ်ပြီးကာမှ အရာအားလုံးရှင်းလင်းသွားပြီး သူကိုယ်တိုင်ပင် မည်သည့်အရာများဖြစ်ပျက်သွားသည်ကိုပင် မသိလိုက်တော့ချေ။ သို့သော်လည်း သူ့ထံတွင်အရာတစ်ခုခုတော့ ပျောက်ဆုံးသွားခဲ့လေချေပြီ။

".... အိမ်မက်ကြီးက...အွန်း....ထူးဆန်း....."

အိမ်မက်၏ဘဝင်မကျမှုများပါရောယှက်နေရင်း တိဟွသည် ဝါးဖြင့်သာအဓိကလုပ်ထားသော သာမာန်ကုတင်တစ်လုံးပေါ်တွင် နိုးလာခဲ့သည်။ မျက်နှာကျက်ကိုကြည့်ပြီး ပတ်ဝန်းကျင်အားဆက်စူးစမ်းကာ သူသဘောပေါက်လိုက်သည်က

" လူ့ပြည်ရောက်နေတာလား..."

ပတ်ပတ်လည် ပတ်ဝန်းကျင်အား ဝါးတို့ဖြင့်သာ သေချာဆောက်လုပ်ထားတာမို့ တိဟွသည် ဤနေရာအားသေချာပေါက်လူ့ပြည်ဟုသာ ကောက်ချက်ချမိပါ၏။ သူဒဏ်ရာရသည့်နေရာသည်ကလည်း လူ့ပြည်၌သာဖြစ်တာမို့ သေချာပေါက်ကို လူသားတယောက်ယောက်က ကူညီလိုက်မှာသေချာပါသည်။ အကယ်၍ သူသာစွမ်းအင်ကုန်ခန်းမှုကြောင့် မြေခွေးပုံစံမပြောင်းမိခဲ့ရင်ပေါ့။

The Deal With A Demon King Where stories live. Discover now