Part 40

511 61 1
                                    

Unicode ver

ချီယွမ်သည် ခေါင်းထဲ၌ ကျန်ရှိနေသေးသော မူးနောက်နောက်ခံစားချက်တို့နှင့်အတူ  သူ၏မျက်ခုံးများကို တွန့်ချိုးလျက် နိုးလာခဲ့သည်။ နောက်ဆုံးအကြိမ်မှတ်မိသလောက်တော့ သူ့အား အနှီယပ်တောင်နှင့်သူက သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး သတိလစ်အောင် လုပ်လိုက်ပုံရ၏။ ချီယွမ် သူ၏ခေါင်းကိုနှစ်ချက်ခန့်လောက် ခါလိုက်ပြီး မူးနောက်နေမှုကို သက်သာစေရန်ကြိုးစားလိုက်သည်။ အမြင်အာရုံတို့အဆင်ပြေသွားချိန်၌ စတင်ကာ သူရောက်ရှိနေသည့် ပတ်ဝန်းကျင်အား အကဲခတ်မိ၏။ ပတ်ပတ်လည်မှောင်မဲနေလျက်ရှိတာမို့ ထိုလုပ်ဆောင်ချက်သည် မအောင်မြင်ချေ။ သူ၏အခုတလောကံက ကောင်းခါစဟုပြောရမည်ဖြစ်သော်လည်း ယခုအခြေအနေကိုကြည့်လိုက်ပုံအရ သေချာပေါက်ကို သူသည် ယခင်အတိုင်းပြန်ဖြစ်နေပြန်လေသည်။

သူ၏ခေါင်းအထက်အပေါ်မှ ဖျာကျလျက်ရှိသည့် အနည်းငယ်သော အလင်းပေါက်တို့သည် မြေပြင်ကိုတိုက်ရိုက်ကျလျက်ရှိတာမို့ ကြည့်ရသည့်ပုံအရဆိုလျှင် သူသည် ကျယ်ဝန်းပုံရသည့်အဆောက်အဉီးကြီးတစ်ခုထဲတွင်ရှိနေပုံရသည်။ ပတ်ဝန်းကျင်ကိုတော့ တိတိကျကျပုံဖော်ဖို့ရာ ခက်ခဲနေသေး၏။ ချီယွမ်က သူ၏ကိုယ်ကိုလှုပ်ရှားရန်ပြင်လိုက်သည်။

“ ဟ့….”

မိမိ၏လှုပ်ရှားမှုကို ငြင်းဆန်လိုက်လေသော ကိုယ်ခန္တာသည် ရှေ့သို့တစ်လှမ်းခန့်မျှပင် ဆက်မတိုးနိုင်ပဲ သူသေချာခံစားမိသည်က လက်နှစ်ဖက်သည် နောက်ဘက်သို့ပစ်ခံထားရကာ သူ၏ကိုယ်ခန္တာထက်ပင် တစ်ဆခွဲလောက်ကြီးမားသည့် တိုင်လုံးကြီးတွင် လက်ပြန်ကြိုးတုပ်ခံထားရသည်။ တိုင်လုံးအား ကြိုးကွင်းတဝက်၊ သူတဝက် ပတ်ချည်ထားသလိုပင်။  ချီယွမ်အတွက် ဖမ်းဆီးချုပ်နှောင်ခံရပြီး ယခုလိုအသက်ဘေးမျိုးကြုံရသည်မှာ ယခုဆိုလျှင် သုံးကြိမ်မြောက်ရှိလေပြီ။

“ ဟား….. ငါ့ဘဝကလည်းကွာ….”

ချီယွမ်သည် ငိုကြွေးရမည့်အစား ရယ်လိုက်မိသည်။ သူသည် ကြုံတွေ့ရသမျှကိစ္စတိုင်းအတွက် ထပ်မံကာ မိမိဘဝအား အပြစ်ဆိုချင်စိတ်ပင်မရှိတော့ပါချေ။ သူ့အတွက် အေးချမ်းစွာ အသက်ရှင်လျက် ရပ်တည်ဖို့သည် အခက်ခဲဆုံးအချက်ဖြစ်ပုံရသည်။ ထို့အပြင် ဤတခေါက်တွင် မည်သို့သောအကူအညီမျိုးမှ သူလက်ခံရရှိမည်မဟုတ်တာမို့ သူသည်အရာအားလုံးကို ‘ ဖြစ်ရင်လည်းဖြစ်ပါစေတော့' ဟုသာ တွေးလိုက်တော့သည်။ အလွန်ဆုံးမှ သူအသက်ခံရရုံလေးတင်ပါ။

The Deal With A Demon King Where stories live. Discover now