🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-5🌹
ရွာမှာကတည်းက မနက်ငါးနာရီမထိုးခင် မျက်လုံးကသူ့အလိုလိုပွင့်နေတတ်သည်မို့ မုန်းထဖို့ပြင်လိုက်ပေမယ့် ညကအဖြစ်ပျက်တို့နှင့်အတူ ရင်ဘတ်ပေါ်မှာလေးလံနေတဲ့အရာကြောင့် ငုံ့ကြည့်လိုက်မိလျှင်...။
စောင်တစ်ထည်ထဲမှာ သူနှင့်အတူလုံးထွေးပြီးအိပ်ခဲ့မိ၍ ဇမ်းခေါင်းကြီးက မုန်းရင်ဘတ်လေးပေါ်မှာ တစ်ချက်မျှမလှုပ်ဘဲ မှောက်ယက်ကျနေခဲ့သလို သူ့လက်တွေကခါးပေါ်မှာ ရောက်နေသဖြင့် မုန်းအသက်ကိုခိုးရှူရင်း သူနိုးမှာစိုးကာမလှုပ်ရဲသေးပေ။
ခဏကြာမှ သူ့ခေါင်းကိုခပ်သာသာတွန်းဖယ်၍ ထဖို့ပြင်လိုက်လျှင်...၊
"ခင်ဗျားမအိပ်နိုင်ဘူးလား...လှုပ်စိလှုပ်စိနဲ့ ငြိမ်ငြိမ်နေစမ်းပါ"
ခါးပေါ်မှ သူ့လက်ကြီးကတင်းသွားပြီး အိပ်ချင်မူးတူးအသံတို့မှာ စိတ်မရှည်စွာ။ဇမ်းပိုတိုးဖက်လိုက်၍ မုန်းရင်ဘတ်လေးပေါ်မှ သူ့ခေါင်းကြီးကြောင့် အင့်ခနဲအသံလေးပင်ထွက်သွားရသည်။
ထို့နောက် တရူးရူးနှင့်ပြန်အိပ်မောကျသွားသည့် ဇမ်းအသက်ရှူသံကြီးကြောင့် မုန်းခမျာ တောကြည့်တောင်ကြည့်လေးနှင့် သူနိုးလာတဲ့အထိစောင့်လိုက်ရင်း...။
မုန်း အသက်ရှူလိုက်ချိန်တိုင်း နူးနူးညံ့ညံ့သူ့ဆံပင်အဖျားစလေးတို့ဆီ လေငွေ့နွေးက ရောက်ရောက်
သွားသဖြင့် မျက်နှာလေးလွှဲနေလိုက်ရ၏။🌸🌹🌸
"အဟမ်း..."
ဇမ်းချောင်းဟန့်လိုက်ရင်း ခေါင်းထိုင်ဖြီးနေသည့် မုန်းဘက်တစ်ချက်ကဲကြည့်ကာ ဝတ်လက်စရှပ်ကို ကြယ်သီးတပ်နေလိုက်ပြီး...၊
"ဒါလေးလာတပ်ပေးစမ်းပါဗျာ...တပ်ရခက်လို့"
ဖြီးလက်စ ဘီးကိုလက်ထဲမှချလိုက်ကာ အမိန့်ဆန်ဆန်"စမ်း"ဆိုတဲ့အသုံးနှုန်းနှင့် သူ့လေသံကိုသဘောမကျမိပေမယ့်လည်း မုန်းသူ့ဆီလျှောက်လာခဲ့ပါသည်။
မျက်လွှာလေးချထားပြီး ဇမ်း သူ့လက်ကောက်ဝတ်နားက ရှပ်ကြယ်သီးကို ဂရုတစိုက်ငုံ့တပ်ပေးနေသည့် မုန်းကိုသေချာကြည့်မိတော့ မျက်နှာလေးကအေးစက်စက်ဖြင့် သူ့ကိုတစ်ချက်လေးမျှ မော့ကြည့်မလာပေ။