🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-21🌹(ဇာတ်သိမ်းပိုင်း)
"နွား...နွား"
မုန်း သားကိုချီပြီးညှော်ရှောင်ရင်း ခြံထဲလမ်းဆင်းလျှောက်စဉ် ယောက်ျားတစ်ယောက်၏ အော်ဟစ်သံဆူဆူညံညံနှင့် ပြေးသံလွှားသံတွေကြားလိုက်ရ၍ ရင်ထဲထိတ်ခနဲဖြစ်သွားသလို အိမ်ဘက်ပြန်လှည့်ဖို့ခြေလှမ်းပြင်မိ၏။
တရှူးရှူးနဲ့နွားအော်သံကျယ်ကြီးနှင့်အတူ ခွာသံတွေ ပြေးလွှားနေသံတွေက ပိုပြီးနီးကပ်လာကာ တခဏလေးအတွင်းမှာပဲ မုန်းတို့သားအမိထံ ကဆုန်ဆိုင်းပြေးဝင်လာသည့် နွားညိုကြီးကြောင့် မုန်းမျက်လုံးတွေစုံမှိတ်ပစ်လိုက်ကာ သားကိုပိုက်ထားရာမှ ကျောပေးပစ်လိုက်သည်။
ထိုစဉ်...၊
"ဟာ..."
"ဟိတ်..."
အော်သံတွေ ခြံထဲမှာဆူညံသွားသလို မုန်းကျောပြင်တစ်ခုလုံး နွားခြေခွာခပ်ပြင်းပြင်းဖြင့် ဆောင့်ကန်ခံလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံး လှိမ့်ထွက်သွားပြီး ခါးစပ်နဲ့ဆီးစပ်မှာ မျက်ခနဲအောင့်တက်သွားကာ မျက်ရည်တို့ပိုးပိုးပေါက်ပေါက် စီးကျလာ၏။
မနက်ကတည်းက ငပိရည်နဲ့တို့စရာတောင်းတနေတဲ့ မုန်းအတွက် ဇမ်းငပိရည်ကျိုနေရင်း ဇရစ်ရိုးနုနုလေးတွေ ဆေးကြောနေစဉ် ခြံထဲကဆူဆူညံညံ အော်ဟစ်သံတို့ကြောင့် အိမ်ရှေ့အပြေးအလွှားရောက်ချလာခဲ့လျှင် မျက်လုံးထဲတွေ့လိုက်ရသည့်မြင်ကွင်းဟာ ရင်ထဲဖျင်းခနဲ ပူလောင်သွားသလို နှလုံးသားတစ်စုံလုံး ကိုပါ တဗြိဗြိအဖျစ်ခံလိုက်ရသည့်တိုင်း။
ပေါက်ခနဲစီးကျသွားတဲ့မျက်ရည်စက်တို့နှင့် ခြေရင်းမှာပုံကျနေတဲ့ ကြက်သွေးရင့်ရောင်ထဘီနားစလေးတို့ဟာ သွေးချင်းချင်းနီလျက် ရွှဲနစ်နေသည့်မုန်းအနား သူလွှားခနဲရောက်လာခဲ့သည်။
အံကိုတင်းခနဲကြိတ်ချလိုက်ရင်း ရွာသားတွေလက်ထဲ နွားကြိုးထိုးထည့်ပေး၍ မျက်နှာမဲမဲကြီးဖြင့် ပျက်ယွင်းနေသည့် ဟိုဘက်ရွာကဉီးညိုကို ဇမ်းမျက်ထောက်နီကြီးဖြင့်စိုက်ကြည့်လိုက်သည်မှာ မီးဆိုလျှင်ချက်ခြင်း ထတောက်လောင်တော့မည့်အတိုင်း စူးစူးရဲရဲကြီးပင်။