🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-16🌹
ဆေးရုံဝင်းထဲစဝင်လာထဲက မုန်းခြေဖျားလက်ဖျားလေးတွေ အေးစက်နေပြီ။မောင့်ကိုတွေ့ချင်သည်။ရင်ဘတ်ကိုထုထုပြီးတော့လည်း မုန်းကိုဖုံးကွယ်ထားခဲ့လို့ ဒေါသတွေနဲ့မေးချင်သေးသည်။
မုန်းကမောင့်မိန်းမဖြစ်ပါရက်နဲ့ ဘာကြောင့်သိခွင့်မပေးခဲ့ရတာလဲ မောင်ရယ်...။အေးအတူပူအမျှ ခံစားချင်တာပေါ့။
"ဟဲ့...သမီး...နေဦးလေ၊သြော်...ဒီကလေး"
ဒေါ်မိုးစန္ဒာ မြေးလေးကိုပွေ့ပိုက်ချီထားရင်း ခပ်သုတ်သုတ်ထွက်သွားသည့် မုန်းနောက်မှသွက်သွက်လေး လိုက်ခဲ့လိုက်ရသည်။ဘာပဲဖြစ်ဖြစ် သူမစိတ်ချမ်းသာသလို အဆိုးထဲက အကောင်းပဲပြောရမည်။
မုန်းကိုဆက်လိမ်ထားလျှင် အပျက်ပျက်နှင့်နှာခေါင်းသွေးထွက်ရတော့မည့်အဖြစ်ကို မလိုလားပေ။ခုတော့ သားအနားမှာ ဇနီးရောကလေးပါ ရောက်လာပြီမို့ သားအတွက်အားအင်လေးတစ်ခု ဖြစ်ထွန်းလာမည်လေ။
"မောင်..."
ခေါင်းအုံးနောက်ကျောမှီပြီး ခပ်လျှောလျှောထိုင်နေသည့်ဇမ်း လှည့်ကြည့်လိုက်လျှင် မျက်ရည်တို့ဝဲလျက်မျက်တောင်ဖျား ကော့ကော့လေးတို့နှင့်မုန်း သူ့အပါးလျှောက်လာသည်။
သူ့ပါးကိုလာထိတွေ့သော လက်ချောင်းဖြူသွယ်သွယ်လေးတို့နှင့်အတူ ပါးပြင်တစ်ဖက်ကို မြတ်မြတ်နိုးနိုးဖြင့် ငုံ့နမ်းလိုက်သည့်မုန်းကြောင့် သူ့ရင်ထဲနွေးသွားရ၏။
"မုန်း..."
ဇမ်း မုန်းကိုယ်လေးကိုထွေးဖက်လိုက်ရင်း ပါးပြင်အိအိလေးတွေအား အလွမ်းပြေနမ်းရှိုက်ကာ မြတ်နိုးမဝဖြစ်ရပါသည်။
ဗေဒါနုရောင် ခပ်ဖျော့ဖျော့လေးကို ရင်စေ့လက်ပြတ်လေးမို့ လည်ပင်းရိုးလေးတွေ ငေါနေအောင်ပေါ်လွင်နေ၍ သူဂရုဏာသက်စွာငုံ့ကြည့်မိရင်း စိတ်မကောင်းနိုင်ပေ။
"အရမ်းပိန်သွားတာပဲ မုန်းရယ်...နဂိုကပိန်ပါတယ်ဆိုမှ..."
မုန်းကိုပိန်တယ်ပြောပြီး စိတ်မကောင်းနိုင်စွာ မျက်နှာကြီးပျက်ယွင်းသွားတဲ့ဇမ်းကို မော့ကြည့်တော့ သူရောဘာထူးတာမှတ်လို့လဲ။Gymဆော့စရာမလိုဘဲ ခပ်တောင့်တောင့်ခန္ဓာကိုယ်ကြီးက ခုတော့ပိန်ကျသွားလိုက်တာ မျက်နှာပေါ်ကမုန်းကိုနမ်းနေကျ နှာခေါင်းတစ်ခုပဲ သေးမသွားဘဲ အရင်တိုင်းကြည့်ကောင်းနေဆဲမို့ မုန်းမျက်ရည်ဝဲလျက် ပြုံးကြည့်ဖြစ်သွား၏။