🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part - 1🌹
"ဟယ်လို..."
"ခင်ဗျားဘယ်မှာလဲ"
ဖုန်းသံကြား၍ကိုင်လိုက်ပေမယ့် ရင့်ရင့်သီးသီး
"ခင်ဗျား"ဆိုတဲ့အသုံးနှုန်းကြောင့် မုန်းနှုတ်ခမ်းလေးဖိကိုက်လျက် အင်တင်တင်ဖြစ်သွားရသည်။သူစိမ်းယောက်ျားတစ်ယောက်ထံက ခင်ဗျားဆိုတာမျိုးကို ဒါပထမဦးဆုံးကြားဖူးခြင်းပင်။ငယ်ငယ်ထဲက နယ်ဘက်မှာပဲကြီးပြင်းလာခဲ့တာဆိုပေမယ့် နင်ဟဲ့ငါဟဲ့တောင် ခုချိန်ထိမသုံးနှုန်းခဲ့ဖူးသည့်မုန်းအတွက် နားထဲမှာခါးသက်နေ၏။
သူ့အမေးကိုမဖြေဘဲ တဖက်ကငြိမ်ကျသွားတာ
ကြောင့် ဇမ်းစိတ်မရှည်စွာ စုပ်သပ်လိုက်ရင်း...၊"ခင်ဗျားမကြားဘူးလား"
"ကြားသားပဲ"
"ကြားရင်လဲပြန်ဖြေလေ...မအားတဲ့ကြားထဲလာကြိုရတဲ့သူကို အားမနာဘူး"
ကိုယ့်ကိုတင်စီးစွာပြောဆိုနေတာမို့ မုန်းပြန်အော်ပစ်ဖို့ပြင်ပြီးမှ ဦးလေးအောင်ဇင်မျက်နှာ မြင်ယောင်မိကာ လေသံကိုလျှော့ချလိုက်ရသည်။
"ကားဝင်းထဲမှာပဲ...ခုမှကားဆိုက်တာ"
"ဒါဆိုဝင်းအပြင်ရောက်အောင်ထွက်ခဲ့လိုက်၊ကျုပ်ဝင်းထဲမဝင်ချင်ဘူး...ပြန်ထွက်ရင်အချိန်ပုပ်လို့"
မုန်း ခရီးဆောင်အိတ်လေးဆွဲလိုက်ကာ သက်ပြင်းချလိုက်မိသည်။ကားဝင်းထဲကနေအပြင်ရောက်ဖို့ အတော်လမ်းလျှောက်ရဦးမှာဖြစ်သလို လာကြိုတဲ့နောက် ဒီဝင်းထဲရောက်အောင်မလာတဲ့ ဒင်းကိုလည်းအံ့သြမိပါဘိ။
ဒီလိုမှန်းသိရင် ကိုယ့်ဟာကိုယ်တက္ကစီငှားလိုက်မှာပါ။
"တီ...တီ..."
ကားဟွန်းသံကြား၍ နောက်ပြန်လှည့်ကြည့်လိုက်လျှင် ကိုယ့်ကိုရည်ရွယ်ပြီးတီးမှန်း မုန်းခုမှသိလိုက်ကာ လှမ်းနေတဲ့ခြေလှမ်းတို့ တုံ့ခနဲရပ်တန့်သွားလျှင် ထိုကားမဲကြီးမုန်းအနားထိုးရပ်လာ၏။
ဇမ်း ကားမှန်ချ၍ ခေါင်းပြူကြည့်လျှင် ပုံထဲကမိန်းကလေးမှန်း သေချာသွားမှ...၊