🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-11🌹
ဇမ်း ဟင်းသွားပို့တဲ့မုန်း ကြာနေပြီမို့ လူကခြံဝမှာထွက်မျှော်လိုက် လမ်းလျှောက်ရင်းစောင့်လိုက်နှင့် မုန်းပြန်မလာသည့်အဆုံး သူလျှာထိုးဦးထုပ်တစ်လုံးဆွဲ၍ ထွက်လာခဲ့လိုက်သည်။
ဆွမ်းချက်တဲ့နေမို့ မုန်းကမုန်းအမေအိမ်ကို ဟင်းသွားပို့ချင်လွန်းလို့သာ သူ မအား၍တစ်ယောက်တည်း လွှတ်လိုက်ရတာ စိတ်ကမချသလို စိုက်ခင်းထဲမှာလည်း ဖြောင့်ဖြောင့်တန်းတန်း အလုပ်မလုပ်ဖြစ်ပါဘူး။နောက်ဆုံးတော့ မြေနီတွေခင်းထားတဲ့ရွာလမ်းပေါ်မှာ နေပူပူနှင့် ဇမ်းခြေလှမ်းတို့သွက်နေလျက်။
အပူဒဏ်မခံနိုင်တဲ့သူ မုန်းကိုချစ်တော့လည်း ဒီရွာလေးနှင့်ကျင့်သားရအောင် သူကြိုးစားနေထိုင်နေပါပြီ။စိုက်ခင်းထဲမှာလည်း ပင်ပန်းပေမယ့် မုန်းရေခွက်လေးလာကမ်းပေး၊ယပ်လေးခပ်ပေးနှင့်ကို သူအမောပြေတတ်နေပြီလေ။
ရွာထဲလမ်းမကြီးကကျယ်သလို ရှည်လည်းရှည်ကာ ရွာကြီးကလည်းကြီးသည်။ဖြောင့်ဖြူးနေတဲ့လမ်းမပေါ်မှာ သူလှမ်းမြင်လိုက်ရသော မြင်ကွင်းကြောင့် လူကပူရတဲ့အထဲ စိတ်ကတိုလာရသည်။သူ့မှာဖြင့် နေမထိထိုင်မသာ စိုက်ခင်းထဲကအလုပ်ကိုပစ်ပြီးကို လိုက်လာခဲ့ရတာ သူနှင့်ရွယ်တူလို့ထင်ရတဲ့ကောင်နဲ့မုန်းက ပြုံးရွှင်ပြီးလျှောက်လာသည်မို့ သူထိုနေရာမှာပဲ ပေပြီးကိုရပ်စောင့်နေလိုက်သည်။
နောက်မှမုန်းက သူ့ကိုလှမ်းမြင်သွားလို့ဖြစ်မည်။မနက်ကသူနှင့်အတူဘုန်းကြီးကျောင်းကို သွားခဲ့သည့်ဗေဒါနုရောင်ဝမ်းဆက်လက်ရှည်လေးနှင့်ပဲ ချိုင့်လေးဆွဲလျက်ပြေးလာသည်။
လမ်းချိုးတစ်ခုထဲလှမ်းဝင်သွားတဲ့ မုန်းနဲ့စကားပြောခဲ့သည့်ကောင်က မဝင်ခင်မုန်းကိုပြုံးကြည့်သွားသည်မို့ ဒါကိုမြင်ဖြစ်အောင်မြင်လိုက်တဲ့ဇမ်း ဒေါသကငယ်
ထိပ်ဆောင့်တက်သွားရရင်း သူ့လက်မောင်းကြီးပြေးတွယ်လိုက်တဲ့ မုန်းလက်လေးကိုပုတ်ချလိုက်ကာ...၊"ဖယ်...ကျုပ်အသားလာမထိနဲ့"
"မောင်ကလဲ...မုန်းက..."