🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-17🌹
"မောင် ခဏထဦး..."
"ဘာ...ဘာလုပ်တာလဲ"
စကားဝါပန်းကို ခြင်းလိုက်ကြီးယူလာသည့်မုန်းက သူထိုင်နေတဲ့အိပ်ရာခင်းကို ဆွဲမဖို့ပြင်နေသဖြင့် ဇမ်းအလန့်တကြားဖြစ်သွားရသလို မုန်းကိုလည်းထူးထူးဆန်းဆန်းကြည့်၏။
မုန်းက သူကြွပေးလိုက်၍ အိပ်ရာခင်းကိုအားတက်သရော ဆွဲလိုက်ပြီး...၊
"ယတြာချေမလို့...ဒါမှမောင့်ဆီမှာရှိနေတဲ့ အညံ့တွေထွက်ကုန်မှာ"
မုန်းတို့သမီးယောက္ခမနှစ်ယောက် ဗေဒင်ဆရာမဆီ မအားတဲ့ကြားက တကူးတကသွားမေးစမ်းပြီး အ
လှည့်မကျမချင်းကိုစောင့်၍ အချိန်ကုန်ခံခဲ့ရခြင်းဖြစ်သည်။"ဟာ..."
မရေတွက်နိုင်သည့် စကားဝါပွင့်ဝါဝင်းဝင်းလေးတွေကို မုန်းကစိတ်ရှည်လက်ရှည်ဖြင့် အိပ်ရာခင်းအောက်လှလှပပလေး ချခင်းပေးရင်းပြောလျှင် သူဟာခနဲဖြစ်သွားချိန် နောက်ထပ်ဝင်လာသည့်မေမေက ဘာရေတွေမှန်းမသိတာတွေနှင့် သူ့တစ်ကိုယ်လုံးအား လာဖြန်းပေးသဖြင့် သူမျက်လုံးမှိတ်၍...၊
"အာ...မေ...မေမေဘာတွေလဲဗျာ...နံလိုက်တာ"
မဲ့ရွဲ့နေတဲ့ဇမ်းကို မေမေအပြုံးမပျက်ကြည့်ရင်း လက်ထဲကရေမကုန်မချင်းကို ဖြန်းပေးနေတာမို့ သူလက်နဲ့ကာလိုက်ရသည်။
"ဇီဇဝါအရည်ကြိတ်လာတာသားရဲ့၊မမွှေးဘူးလား...သင်းသင်းလေးပါကွဲ့၊နှစ်စုံထဲကျနေလို့ သားကံညံ့တယ်ပြောတယ်...ဆရာမကြီးပြောသလို သားညတိုင်းပုတီးသက်စေ့စိပ်အိပ်ရမယ်နော်..."
"လုပ်ပြီမေမေတို့ကလည်း...သမီးယောက္ခမနှစ်ယောက်လုံး ဘာတွေဖြစ်နေကြမှန်းကိုမသိဘူး"
စူပုပ်ပုပ်နှင့်ဇမ်းမျက်နှာကို မုန်းကပြုံးကြည့်ရင်း သဘောတကျရှိသည်။မနေ့ကထိ ညည်းတွားအော်ဟစ်နေခဲ့တဲ့ဇမ်း ဒီမနက်ကျမျက်နှာလေး အနည်းငယ်လန်းလာသလိုရှိပြီး လေသံကအစမာနေသည်မို့ မုန်းစိတ်အေးရ၏။