🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-10🌹
ရွာထဲလမ်းမကြီးအတိုင်း ကားကိုချိုးဝင်လာခဲ့ရင်း
ဇမ်း သူစီစဥ်ထားသလိုပဲ ရွာအရှေ့ပိုင်းစိုက်ခင်းဆီကို ဆက်မောင်းလာခဲ့လိုက်သည်။ဖြတ်မောင်းလာရင်း မုန်းတို့အိမ်ဆိုတဲ့ နှစ်ထပ်တိုက်အဖြူလေးကို သူလှမ်းကြည့်ရင်းပြုံးလိုက်မိသည်။
ထွက်မလာခင် ဖေဖေရောအိမ်ကကားဒရိုင်ဘာရော သူ့ကိုလမ်းတွေ သေချာပြောပြလိုက်ကြသလို မုန်းတို့အိမ်က ဘယ်ခြံဘယ်ဝန်း၊သံပန်းတံခါးပြင်က အစ ဘာအရောင်ဆိုတာကိုပါ သူသိခဲ့ပြီးပြီ။
စိုက်ခင်းဆိုတာက ဇမ်းဟိုတလောကမှ ဖေဖေ့အဆက်သွယ်နှင့် လူလွှတ်ပြီးဝယ်ခိုင်းထားတဲ့ ဧကသုံးဆယ်ကျော်ခြံကြီးဖြစ်ပြီး ထိုခြံကြီးထဲမှာ သူကိုယ်တိုင်သူ့စိတ်တိုင်းကျ ဒီဇိုင်းဆွဲထားတဲ့ တစ်ထပ်တိုက်ချောကလက်ရောင်ပြေပြေလေးက သူ့ကိုဆီးကြိုနေပေပြီ။
ကားပေါ်မှဆင်းလိုက်သည်နှင့် ပုဆိုးတိုတိုတုတ်တုတ်ဝတ်ထားသည့် လူကြီးတစ်ယောက်ကပြေးထွက်လာကာ ကွမ်းဝါးနေတဲ့ပါးစပ်ရဲရဲဖြင့် ဇမ်းကိုရယ်ပြ၍...၊
"အစ်ကိုလေးရောက်ပြီလား...လာ...လာ၊တောကြက်လေးချက်ထားတယ်"
ကားပေါ်က သူ့ခရီးဆောင်အိတ်ကိုလဲ ခပ်သွက်သွက်သယ်ပေး၍ ဖော်ရွေရှာသဖြင့် ဇမ်းပြုံးပြလိုက်ကာ အိမ်ထဲဝင်လိုက်၏။
"ကျွန်တော်ကလူပျိုကြီးဆိုတော့ အရင်ဆိုဖြစ်သလိုပဲချက်စားဖြစ်တယ်ဗျာ...ခုက အစ်ကိုလေးရောက်လာပြီဆိုတော့ စားကောင်းအောင်ရွာထဲက တူမတွေမေးစမ်းပြီးချက်ထားပါတယ်...ဟဲဟဲ..."
"ရပါတယ်...ကျွန်တော်အစားမရွေးပါဘူး၊ဒါနဲ့ ဒေါ်မြရည်မုန်းတို့အိမ်က ဖြတ်လာတော့မြင်ခဲ့ရတဲ့ နှစ်ထပ်တိုက်အဖြူလေး ဟုတ်ပါတယ်နော်..."
"ဗျာ...ဗျာ...ဘယ်...ဘယ်လို"
ကိုရွှေစိုးခမျာ မုန်းနာမည်ကိုဒေါ်ကြီးတပ်ခေါ်လို့ ထင်ပါရဲ့။ခေါင်းကြီးကုတ်၍ကြောင်သွားရကာ ကွမ်းဝါးတဲ့ပါးစပ်ရဲကြီးပါ တပြင်ပြင်ဖြစ်သွား၏။ဇမ်းက ခေါင်းကိုယမ်း၍ အိမ်အပြင်အဆင်ကိုသေချာထပ်ကြည့်သည်။သူ့ကိုပို့ထားတုန်းကအတိုင်းပဲ အားလုံးတစ်ပုံစံတည်းဖြစ်နေ၍ သဘောတကျပြုံးလိုက်ကာ...၊