🌹မောင့်အမုန်းတွေ ခြွေချထားပြီးသား...🌹🌹Part-15🌹
တစ်ရက်ကနေ နှစ်ရက်ထိဖြစ်လာ၍ သူဘယ်လိုမှသည်းမခံနိုင်တော့ပေ။
"တောက်!..."
"ဒုန်း!..."
"ခလွပ်..."
ဇမ်း သူရန်ကုန်ကိုပြန်ရောက်ရောက်ချင်းပဲ မုန်းကိုဖုန်းဆက်ခဲ့ပေမယ့် လုံးဝကိုင်သူမဲ့ခဲ့၍ ခုချိန်ထိ မုန်းအသံကိုမကြားရသေးသဖြင့် ဒေါသတွေကလက်ထဲမှ ဖုန်းလေးထံပင် စုပြုံကျသွားခဲ့၏။
ဒေါသတွေအပြည့်နှင့် ပစ်ပေါက်ခံလိုက်ရ၍ ဖုန်းလေးမှာ အစိပ်စိပ်အမွှာမွှာကွဲကာ တစ်စစီဖြစ်လျက်။သို့ပေမယ့် ထိုကွဲကြေနေတဲ့ဖုန်းလေးက သူ့ကိုလှောင်ပြောင်နေသလိုပင်။
သူ အခုချိန်ထိ မုန်းအသံမကြားရသေး၍ ဆေးရုံမှာကုဖို့သဖို့ ရက်ချိန်းပေးထားပေမယ့် မသွားဖြစ်သေးဘဲ ပေကပ်နေနေသည်။
မေမေကတော့ သူ့ကိုရောမုန်းကို ပွင့်ပွင့်လင်းလင်းဖြစ်စေချင်နေသလို သူ့ကျန်းမာရေးအခြေနေကိုပါ အသိပေးချင်နေ၍ သူ မပြောဖို့ အတန်တန်တားထားရသည်။တကယ်တမ်းကျ သူကိုယ်တိုင်လည်း အခုလိုနာနာကျင်ကျင်နဲ့ ခံစားရသမျှကို ကြိတ်ခံဖို့ဆိုတာ ရေရှည်ဖြစ်နိုင်ပါ့မလားမသိ။မုန်းအသံမကြားရတော့ သူ့စိတ်တွေကပိုဆိုးသည်။အသက်ရှူဖို့တောင် မနည်းကြိုးစားရှူထုတ်နေရသူလို ခက်ခက်ခဲခဲဖြစ်နေ၏။
နောက်ဆုံး ရင်ထဲတင်းကြပ်နေသမျှကို အရက်သောက်ပြီးတော့သာ ဖြေဖျောက်ဖို့ဖြစ်လာခဲ့၏။
မုန်းရယ်...မောင့်ကိုမမုန်းပါနဲ့။
ခေါင်းငိုက်စိုက်ကျလျက် အထိန်းအကွပ်မဲ့စွာ မော့ချပစ်လိုက်သည့်အရက်က ပြင်းရှစွာ လည်ချောင်းဝထဲဆင်းသွားပေမယ့် သူဒါတွေလည်း မခံစားမိတော့သည်ထိ စိတ်တွေလွတ်နေ၏။
"အဟွန်း...မုန်းကိုမောင်ချစ်တယ်လေ မုန်းရယ်...အသံလေးကြားချင်လို့ပါဆိုကွာ..."
နှစ်ယောက်အတူလှဲခဲ့ဖူးတဲ့ အိပ်ရာလေးသူငေးကြည့်ရင်း ငိုမိပါသည်။မုန်းနဲ့တစ်ရက်လေးတောင် မခွဲနိုင်သည့်သူ မုန်းရဲ့အသံလေးကိုတော့ ကြားချင်မိပါသည်။စူစူအောင့်အောင့်အသံလေးပဲဖြစ်ဖြစ် ဒေါသတွေနဲ့ မုန်းသည်ဟုပဲပြောပါစေ အသံလေးကြားရရင်ကို သူ့အတွက်အားအင်တစ်ခု။