"အန်တီလေး...မေတို့ ဘာလို့ အိမ်မပြန်တာလဲ။ပြီးတော့ ဒါက ဘယ်သူ့အိမ်လဲ"
"ဒီအိမ်က အန်တီလေးရဲ့ အစ်ကိုကြီးအိမ်။အိမ်ပေါ်ထပ်မှာ ဟန်နေသီနဲ့ အတူတူ အခန်းပြင်ထားပေးတယ်။ အခုလောလောဆယ် အပေါ်ထပ်မှာ ခဏ သွားနားလိုက်ဦး။အန်တီလေး စွပ်ပြုတ်လုပ်ထားပေးမယ်။ ခဏနေ စွပ်ပြုတ်ရတဲ့အခါကျမှ ဆင်းလာခဲ့ကြ"
လိုချင်နေသော အဖြေထက် အန်တီလေး ဆီမှ မရေရာသော အဖြေကိုသာ ကြားခဲ့ရသည်။
"ဟန်နေသီ...မေကို အပေါ်ထပ်ခေါ်သွားလေ"
"ဟုတ် အမေ"
"ဒီမှာ ကုတင်က မင်းအတွက် ကျဉ်းနေမလားပဲ။ မင်းအဆင်မပြေရင် ငါ ဟိုခုံမှာ အိပ်ပေးလို့ရတယ်"
"ရပါတယ်။ ကုတင်က မကျဉ်းပါဘူး"
"ဒါဆို မင်းအခန်းထဲမှာ ခဏနားနေလိုက်ဦး။ ခဏအိပ်ရင် အိပ်နေလိုက်လေ"
"မင်းက ဘယ်သွားမလို့လဲ "
"အမေကို သွားကူပေးမလို့"
"ဪ ....အင်း "
အခန်းတစ်ခုလုံးကို လိုက်ဝေ့ကြည့်မိသည်။အခန်းက အိမ်ကကိုယ့်အခန်းထက် မကျယ်ပေမဲ့ ကျဉ်းတဲ့အခန်း တော့ မဟုတ်ပါ။လျှပ်စစ်မီးအရောင်က အခန်းတစ်ခုလုံးကို ကောင်းစွာ အလင်းပေးထားနိုင်သော်လည်း လတ်ဆတ်သောလေကို ရှူရှိုက်ချင်လာတာကြောင့်ပြတင်းပေါက်တံခါးကိုဖွင့်လိုက်သည်။ပြတင်းပေါက် ပြင်ဘက်က ဖြေးညင်းစွာ မျက်နှာပေါ် တိုက်ခတ်လာသော လတ်ဆတ်သော လေများကြောင့် စိတ်တွင် ကြည်နူးမိသည်။လေနဲ့အတူပါလာသော ခပ်သင်းသင်း ရနံ့တစ်ခုကိုပါ ခံစားမိလိုက်သည်။ကိုယ့် အရှေ့မှာ မြင်နေရတာကတော့ ငုဝါပန်းလေးတွေပင်။သိပ်လှပါသည်။အပင်ထက်က ခိုတွဲကျနေသော ငုဝါလေးများသည် ရွှေရောင်အဆင်း အတိ သစ်ပင်လုံးကို လွှမ်းခြုံထားသည်။သို့သော် ငုဝါမှာ ရနံ့ မရှိသည်ကို သတိပြုမိသည်။ထို့နောက် ငုဝါပင်နှင့် မဝေးလှသော အကွာအဝေးတွင် ရွှေရောင်အတိ ဖုံးလွှမ်းထားပြန်သော ပိတောက်ပန်းတွေ ဝေဝေဆာဆာ ပွင့်နေသည်ကို မြင်လိုက် မိသည်။ခဏက မျက်နှာပေါ် တိုက်ခိုက်လာသော လေနှင့်အတူ ပါလာသည့် ရနံ့သည် ပိတောက်ပန်းရနံ့ ဖြစ်သည်ကို သတိထားလိုက် မိသည်။ကိုယ့်မျက်စိရှေ့တွင် အဆင်းတူသော ပန်း နှစ်မျိုးကို တစ်ပြိုင်နက်တွေ့လိုက်ရသည်။သို့သော် ငုဝါပန်းသည် ရနံ့မရှိသော်လည်း ဆေးဖက်ဝင်၍ ပိတောက်ပန်းသည် ရနံ့ ရှိသော်လည်း ဆေးဖက်ဝင်သော အပင်မဟုတ်ပါ။မူလတန်းတုန်းက သင်ခဲ့ရသော ဆင်နှင့် မျောက်ရဲ့ သင်ခန်းစာကို သတိရမိသည်။အရာရာတိုင်းတွင် သူ့အရည်အချင်းနှင့် သူရှိသည်ဟူ၍။
![](https://img.wattpad.com/cover/336134214-288-k119869.jpg)
YOU ARE READING
မေ့သက်လျာ
Teen Fictionဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။