Song recommendation : Charlie Puth - Dangerously
_____________
လွန်ခဲ့သော ၁၇ နှစ်အကြာက ၅နှစ်သားလေး ဂယူဗင်းရဲ့ဘဝထဲ ဟန်ယူဂျင်းဆိုတဲ့အကောင်ပေါက်လေးစတင်ဝင်ရောက်ခဲ့တာဖြစ်တယ်။
ယူဂျင်းကိုမွေးတဲ့နေ့မှာ ဂယူဗင်း ဒေါ်လေးနဲ့အတူဆေးရုံလိုက်သွားခဲ့ရာက တီတီဂျူအာဘေးကအနှီးထုပ်လေးထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ နီတာရဲလေးကိုမြင်မြင်ချင်း အရမ်းအသည်းယားသွားခဲ့ပြီး ဘာတွေပဲဖြစ်လာဖြစ်လာ ဒီကလေးလေးကိုတော့ သူအစွမ်းကုန်ကာကွယ်ပေးချင်စိတ်ဖြစ်ခဲ့တာ။
'အဘွားပေးချင်ပေးလို့ရတယ်နော်'ဆိုပြီး တီတီဂျူအာပြောလာခဲ့တာတောင် ပါးနုနုလေးကိုမထိရက်ခဲ့လို့နဖူးလေးကိုပဲဖွဖွလေးနမ်းဖြစ်ခဲ့တာကိုဂယူဗင်းအခုထိမှတ်မိနေသေးတယ်။
ဒါပေမဲ့ အခုချိန်မှာတော့ သူဒါတွေပြန်ပြောရင် အကုန်လုံးက သောက်ပိုတွေဖြစ်သွားခဲ့ပြီ။
ဘာလို့ဆို အဲ့ဒီ မထိရက်မကိုင်ရက်ခဲ့တဲ့ ပါးနုနုလေးအား သူကိုယ်တိုင်လက်သီးနဲ့ထိုးခဲ့တဲ့အပြင် သူကာကွယ်ပေးမှရမယ့်ကလေးလေးကို အဝေးပို့ပစ်ခဲ့မိပြီလေ။
မှန်ပါတယ်။ အဲ့ဒီနေ့က သူစိတ်လွတ်ထွက်သွားပြီး ယူဂျင်းမျက်နှာကိုထိုးခဲ့မိပေမဲ့ သွေးထွက်သွားတဲ့နှုတ်ခမ်းထောင့်လေးကိုမြင်လိုက်ရတဲ့အချိန်မှာ သူ့နှလုံးသားတစ်ခုလုံးကို ဓားအချက်ပေါင်းများစွာနဲ့ထိုးစိုက်ခံလိုက်ရသလိုမျိုး စူးအောင့်လာခဲ့တဲ့ နာကျင်မှုက အနှိုင်းမဲ့ပဲ။
အဲ့လိုဆိုတိုင်း သူ့ခံစားချက်တွေကိုဖွင့်ထုတ်ပစ်လိုက်ဖို့တော့ ဂယူဗင်း လုံးဝစိတ်မကူးမိခဲ့ဘူး။
ဘာဖြစ်လို့လဲဆို... အဲ့ဒီသူ့ခံစားချက်တစ်ခုတည်းအတွက်နဲ့ ဖြူစင်လွန်းတဲ့ ယူဂျင်းလေးကို သူများတံတွေးခွက်ပက်လက်မျောရမယ့်အဖြစ်အရောက်မခံနိုင်သလို ယူဂျင်းလေးအတွက်လုံခြုံနွေးထွေးတဲ့ မိသားစုရတဲ့အထိ စောင့်ရှောက်ပေးပါ့မယ်ဆိုတဲ့ ဦးလေးဆောင်းဟိုကိုသူပေးခဲ့တဲ့ကတိကြောင့်ပါပဲ။