Chapter 4

797 53 57
                                    

ရိုက်ကွင်းထဲ၌ သူ ရှာဖွေနေမိသူအား မတွေ့ရ၍ မျက်မှောင်ကြုတ်ကာ အလိုမကျဖြစ်နေသော အမျိုးသားတစ်ဦးရှိသည်။

ဒီကနေ့ မနက်ပိုင်း အခန်းများ၌ ယွမ်ရှင်းရန် ပါဝင်စရာ မလိုအပ်ပေ။ ထို့‌ကြောင့် ရှောင်ရှင်းအတွက် အခုချိန်က အားလပ်ချိန်ဖြစ်သော်ငြား မင်ယွီ စိတ်မကြည်ဖြစ်နေ၏။ သူ ထိုမင်းသားအား ရိုက်ကူးရေး ရှိရှိ မရှိရှိ သူ့နားမှာသာ ရှိစေချင်နေမိသည်။

ဒါရိုက်တာကြီး၏ စိတ်အခြေအနေ ကောင်းမွန်မနေတာကြောင့် ရိုက်ကွင်းထဲက လူများ၌ပါ မသိမသာ စိတ်ဖိစီးမှု ရှိနေကြရသည်။ မျက်နှာသေနှင့် နေလေ့ရှိသော ဒါရိုက်တာကြီးက အခုချိန်၌ မျက်မှောင်တွေကြုတ်၊ နှုတ်ခမ်းတွေတင်းနေအောင် စေ့ထားသည့်အပြင် မျက်နှာတည်တည်ကြီးပါ ဖြစ်နေတာကြောင့် အရန်မင်းသား မင်းသမီးများဆိုလျှင် သရုပ်ဆောင်မှုများ အလွဲလွဲအချော်ချော်ပင် ဖြစ်ကုန်ကြရသည်။

မနက်ပိုင်း ရိုက်ကူးရေးပြီးခါနီး၌ ရှောင်ရှင်း သူ့မန်နေဂျာ ဟန်ကောနှင့်အတူ အပြင်က ပြန်ရောက်လာခဲ့သည်။ ပျော်စရာလုပ်ပြီး ပြန်ရောက်လာသည်ဟု အထင်ရှိရလောက်အောင် ရှောင်ရှင်း၏မျက်နှာထက်၌ အပြုံးများပင် ရွှန်းရွှန်းဝေလျက်ရှိ၏။

ယွမ်ရှင်းရန် မင်ကောကို တစ်ချက်ကြည့်လိုက်ပြီး နားနေဆောင်ရှိရာသို့ တန်းဝင်သွားသည်။ ဟန်ကောကတော့ ‌နေ့လယ်၌ ရိုက်ကူးရေးလုပ်ရတော့မည့် သူ့မင်းသားအတွက် လိုအပ်တာ ပြင်ဆင်ပေးရန် ရိုက်ကွင်းထဲ တန်းဝင်လာခဲ့ပြီး ဒါရိုက်တာကြီးအား ခပ်လန့်လန့် နှုတ်ဆက်လိုက်ရ၏။ အကြောင်းမူ ဒါရိုက်တာကြီး၏မျက်နှာက အခုပဲ တစ်ယောက်ယောက်ကို ထရိုက်‌ချင်နေသည့် မျက်နှာထားမျိုး ဖြစ်နေသောကြောင့်ပင်။

ရိုက်ကူးနေသည့် scene ပြီးသွားချိန်၌ မင်ယွီ ချက်ချင်း ထလာခဲ့ပြီး ဟန်ကောနား ရောက်လာ၏။

"ခင်ဗျားမင်းသား တစ်မနက်လုံး ဘယ်ပျောက်နေတာလဲ။ နားချိန်ဆိုပေမယ့် သူ့တွဲဖက်တွေရဲ့ ရိုက်ကူးရေးကို လေ့လာနေသင့်တယ် မဟုတ်ဘူးလား၊ ဒါမှ အချိတ်အဆက်မိမှာလေ"

Hang the Star in the Sky [Completed]Where stories live. Discover now