လေဆိပ်ကဆင်းသည်နှင့်အဆင်သင့်ရောက်နေသည့်ကားပေါ်တက်လိုက်ပြီးဦးခင်မောင်တိုးသီချင်းကိုစတင်ဖွင့်လိုက်၏။မြန်မာပြည်ရဲ့အငွေ့အသက်ကိုနှစ်သက်သလိုမြန်မာ့သီချင်းတွေကိုလည်းခရာနှစ်သက်သည်။ရတနာသူအမည်ရှိသည့်သီချင်းကိုနားထောင်နေရင်းခရာ့ရင်ထဲနူးနူးညံ့ညံ့။သီချင်းစာသားထဲကလိုလူသားဟာအပြင်မှာရှိနိုင်ပါ့မလား။စဉ်းစားနေရင်းရုတ်တရက်ဖုန်းဝင်လာသည်ကြောင့်
"အေ ပြော"
"ညကျ barမှာဆုံရအောင်"
ပြောလာတဲ့မင်းမြတ်ရဲ့အသံဟာတစ်ကားလုံးလွှမ်းမိုးသွား၏။"ပုံမှန်ချိန်ပဲမလား"
"အေ ဟုတ်တယ်"
ဖုန်းချသွားသည်နှင့်သီချင်းသံဟာဆက်လက်ထွက်ပေါ်လာသည်။အရင်ခေတ်ကသီချင်းတွေကတကယ့်ကိုရွှေပါပဲ။ဘယ်ချိန်နားထောင်နားထောင်နားဝင်ချိုလှ၏။အိမ်ပြန်ရောက်သည့်အခါတစ်အိမ်လုံးသန့်ရှင်းသပ်ရပ်နေသည့်ပုံကြောင့်မားတစ်ယောက်အိမ်လာရှင်းပေးသွားသည်ကိုအတပ်သိလိုက်၏။မားကခရာ့ကိုဒီအရွယ်ထိအကုန်လုပ်လိုက်ပေးတတ်သည်။တစ်ခါတစ်ခါအလုပ်သွားချိန်နှင့်ဆုံလျှင်ခရာ့တွက်အင်္ကျီထုတ်ပေးတာမျိုး၊မနက်စာပြင်ပေးတာမျိုးလုပ်ပေးတတ်၏။ခရာကကိုယ့်ဘာကိုယ်ချက်စားတတ်သည့်အပြင်အဝတ်တွေလည်းလျှော်စက်ဖြင့်သာလျှော်သည်ကြောင့်အကူမလိုသလို၊ခရာ့အိမ်ပေါ်သူစိမ်းမတင်ချင်သည်ကြောင့်အကူမခေါ်ချင်တာလည်းဖြစ်သည်။
***************
သွက်ဒီနေ့အစိမ်းနုရောင်ဝမ်းဆက်လေးဝတ်ဖို့စဉ်းစားထားသည်။ဆံထုံးထက်ပန်ဖို့ပန်းကလည်းအရံသင့်ရှိပြီ။သနပ်ခါးပါးကွက်ကြားလေးကလည်းခြောက်လုနီးပါးဖြစ်နေပြီကြောင့်ဝမ်းဆက်ဝတ်ဖို့ပြင်လိုက်သည်။သင်တန်းက၈နာရီဆိုပေမယ့်၇ခွဲလောက်ဆိုသွက်ကအကုန်အဆင်သင့်ဖြစ်နေတတ်သည်။မနက်ဆိုလည်း၅ခွဲလောက်ထကာထမင်းချက်ပြီးသည်နှင့်အနီးနားရှိဈေးသို့သွားတတ်၏။ဈေးကအပြန်လိုအပ်သည်များအပြင်သွက်ပန်ဖို့ပန်းတစ်မျိုးကအမြဲပါတတ်သေးသည်။သွက်ဟေလျှံဆိုသည့်အမျိုးသားကပန်းကြိုက်သည်။အမျိုးသမီးတစ်ယောက်လိုဝတ်ရသည်ကိုကြိုက်သည်။သည်ကြားထဲအလှလည်းကြိုက်တတ်သေး၏။ပန်းမပန်ရလျှင်သွက်နေထိုင်လို့မထိပေ။ပန်းတစ်ပွင့်မဟုတ်တစ်ပွင့်ပန်လိုက်ရမှသာသွက်စိတ်ကျေနပ်သည်။ဆံကေသာထက်၌ရသည့်ပန်းရနံ့ဟာလည်းသွက်စိတ်အစုံကိုကြည့်လင်လန်းဆန်းစေပြန်၏။
