မှန်နံရံကတစ်ဆင့်ဝင်လာသည့်နေရောင်ဖျဖျကြောင့်သွက်မျက်လုံးနှစ်ဖက်ကိုအသာပွတ်မိသည်။ခါးပေါ်ကလေးလံသည့်အထိတွေ့ခံစားချက်ကြောင့်ခရာဖက်ထားသည်မှန်းသိလိုက်ရ၏။သွက်ဖြည်းဖြည်းချင်းလှည့်ပြီးခရာနှင့်မျက်နှာချင်းဆိုင်လိုက်ပါလျှင်ချောမောခန့်ညားသည့်မျက်နှာကိုမြင်တွေ့ရ၏။သွက်နှုတ်ခမ်းလေးကိုက်ကာခရာ့မျက်နှာအစိတ်ပိုင်းတစ်ခုချင်းစီကိုကြည့်နေမိသည်။
ဖြောင့်စင်းနေသည့်အညိုရောင်ဆံစတိုတိုတွေဟာထိုးထောင်နေပြီးနဖူးမှာမကျဥ်းမကျယ်အနေထားရှိ၏။ထူထဲနေသည့်မျက်ခုံးနှစ်တန်း၊မျက်လုံးမှိတ်ထားသည့်တိုင်မျက်ရစ်နှစ်ဟာထင်းနေသည်။သွက်သဘောကျသည့်အပြာရောင်လွင်"မျက်ဆံကတော့မျက်လုံးမှိတ်ထားသည်ကြောင့်မတွေ့နိုင်ပေ။နှာတံမှာအဖျားကနေမြင့်ပြီးချွန်စင်းလာသည်မှာအရင်းထိ။သွက်နှာခေါင်းသွက်ကိုင်ကြည့်တော့ခရာ့လိုမချွန်ပဲအနည်းငယ်လုံးချင်နေသည်။မထူမပါးနှုတ်ခမ်းတစ်စုံဟာအညိုရောင်ဘက်သန်းချင်နေ၏။နားသယ်စပ်နားနှင့်ထိုနှုတ်ခမ်းပေါ်၌အမွှေးရေးရေးတွေများစွာရှိပြန်သည်။
ဘယ်လိုကြည့်ကြည့်ယောကျာ်းဆန်ပြီးချောမောလွန်းသူကိုကြည့်ပြီးသွက်ရင်ဘတ်လေးဖိထားရသည်။သွက်မယုံနိုင်သေးဘူး။ခရာဟာသွက်ရဲ့ဆိုင်သူဖြစ်လာမှာကို။သွက်ဟာအခြောက်ဆိုသည့်ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ထားပြီးအမျိုးမျိုးသောစကားတွေကိုနားနဲ့ဝင်မဆံ့အောင်ထိကိုကြားခဲ့ရတာ။ထို့အတွက်ကြောင့်ခံစားချက်တွေချိုးနှိမ်ပြီးသွက်ဟာတစ်ယောက်တည်းခရီးလမ်းလျှောက်ဖို့ရင်နာနာနဲ့ဆုံးဖြတ်ခဲ့တာ။
သွက်စိတ့်ကိုသိလာတာနဲ့အမျှသွက်ဟာဆုံးဖြတ်ချက်အတိုင်းခရာ့ကိုဘာမျှော်လင့်ချက်မှထပ်မပေးခဲ့ပဲအကြွေးသုံးနပ်ပြီးသည်နှင့်သွက်ဘက်ကအဆက်သွယ်ဖြတ်ခဲ့ပေမယ့်ခရာ့ဘက်ကသွက်မထင်ထားလောက်အောင်ကိုစာတွေပို့ဖုန်းဆက်ပြီးဆက်သွယ်နေခဲ့သည်။ခံစားချက်တွေကိုချုပ်တည်းပြီးနေခဲ့ကာမှခရာ့ကြောင့်တင်းထားတဲ့စိတ်လေးမလွတ်သွားအောင်သွက်ကိုယ်သွက်သတိပေးခဲ့ရသည်မှာအခါခါပင်။သိုပေမယ့်မထင်မှတ်ထားသည့်အရာကိုခရာကလုပ်ခဲ့သည်မလား။သွက်ခရာ့ပေါ်ခံစားချက်ရှိပေမယ့်သွက်မဖော်ပြရဲပဲဖြစ်နေသည်။ရှေ့တစ်ယောက်တုန်းကခံစားချက်တွေအဆုံးစွန်ထိဖော်ပြခဲ့လို့ထိုလူကသွက်ကိုတန်ဖိုးမထားခဲ့ပါ။ခရာ့ကိုတော့အဲ့လူလိုမဖြစ်စေဖို့သွက်မျှော်လင့်ပါသည်။