#Unicode
အပိုင်း(၄)ဝေ့စန်းတစ်ယောက် တစ်လမ်းလုံးက ကြော်ငြာမျိုးစုံကို ပျော်ပျော်ကြီးကြည့်ရင်း သတင်းအချက်အလက်များစွာရှိခဲ့သည်။
ဥပမာအားဖြင့် ဤကမ္ဘာတွင် တကယ့်မက်ခါများကို ရောင်းချနေကြသည်။ သူမ၏ကမ္ဘာတွင် ထိုအရာများက ဖွံ့ဖြိုးတိုးတက်နေဆဲသာဖြစ်သည်။ မထင်မှတ်ထားစွာဖြင့် ဤကမ္ဘာတွင် မက်ခါများကို ထုတ်လုပ်နိုင်သလို ရောင်းချနိုင်နေသည်။
မူလကမ္ဘာရှိ သူမ၏အသက်မွေးဝမ်းကြောင်း ပညာရပ်ကလည်း ဤလမ်းသို့ ဦးတည်နေသည်ဖြစ်သော်လည်း ဤအရာများနှင့် ပတ်သတ်ပါက အတော်လေးငွေကုန်ကြေးကျများလှသည်။ ယခုကမ္ဘာနှင့် ယှဉ်ပါက လူမသိသူမသိဟုပင် ပြော၍ရသည်။
"ဝေ့... နင့်စီးနေတဲ့ဟာက ဘာကြီးလဲ?"
ဝေ့စန်းက သူမ၏ သုံးဘီးစက်ဘီးလေးကို ဖြေးညင်းစွာစီးရင်း ကြော်ငြာများကို လိုက်ကြည့်နေသည်။ ရုတ်တရက် သူမနောက်မှ ကလေးတစ်ယောက်၏အသံကိုကြားလိုက်ရသည်။ အစက ထိုကလေးက သူမကိုမေးတာမဟုတ်ဘူးဟု တွေးမိသော်လည်း သန့်ရှင်း သပ်ရပ်နေသော ဖက်တီးလေးတစ်ယောက်က သူမ စက်ဘီးရှေ့တွင် ပိတ်ရပ်လာပြီး မေးတမော့မော့နှင့် ထပ်မေးလာခဲ့သည်။
ဖက်တီးလေးက ကောင်းကောင်းမွန်မွန်ဝတ်စားထားပြီး သက်တော်စောင့်လို လူကြီးနှစ်ယောက်က ခြံရံထားသည်။ သူ့ကြည့်ရတာ အထက်တန်းစားတစ်ယောက် ဖြစ်လောက်သည်။
ဝေ့စန်း ပြန်မဖြေနိုင်ခင်တွင် ဖက်တီးလေးက ရှေ့ထွက်လာပြီး စက်ဘီးကို ဟိုဟိုသည်သည်လျှောက်ကိုင်ပြီး တီးတိုးပြောလိုက်သည်။
"ဒါ မက်ခါမော်ဒယ်အသစ်များလား?"ဝေ့စန်း ကောင်းကင်ပေါ်မှ ယာဉ်ပျံများကိုကြည့်ပြီး မြေပြင်ပေါ်တွင် ခြေလျင်သွားနေကြသည့် လူများကိုကြည့်လိုက်သည်။ ဤကမ္ဘာတွင် စက်ဘီးကဲ့သို့သော ခေတ်နောက်ပြန်ဆွဲနေသည့် သယ်ယူပို့ဆောင်ယာဉ်များမရှိလောက်ပေ။
ဖက်တီးလေးက ဝေ့စန်းအနောက်ရှိ စက်ဘီးနောက်တွဲကို လက်ညှိုးထိုးပြီး မေးလာသည်။
"အနောက်ကဟာကိုရော ဘာအတွက်လုပ်ထားတာလဲ?"
YOU ARE READING
အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်
ActionEng name - Smash All Pots and Pans To Go To School Author(s) Hong Ci Bei 红刺北 Status in COO 337 Chapters ဝေ့စန်းဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကူးပြောင်းလာပြီးနောက်မှာ မက်ခါတိုက်ခိုက်ရေးပညာရှင်ဖြစ်လာတဲ့ အကြောင်းလေးပါ ဖတ်ရင်းနဲ့ တခွိခွိရယ် တဟိဟိရယ် တဟား...