[Zawgyi]
6"အထွဋ်လေးလှသွားပြီ"
မွန် အထွဋ်လေး၏ဆံပင်ဝဲဝဲလေးများကိုဖြီးသင်ပေးပြီးနောက် ဖဲပြားလေးညှပ်ပေးကာပြုံးလိုက်၏။ အထွဋ်လေးကလည်းမှန်ထဲကြည့်ပြီးရယ်နေသည်။
ယနေ့က သဲဆု တို့မင်္ဂလာပွဲမို့ မွန်တို့မင်္ဂလာဆောင်သွားဖို့ပြင်ဆင်နေရသည်။
"ကိုကို့မိန်းမလေးက လှလိုက်တာ"
ကိုမင်းတစ်ယောက် သမီးဖြစ်သူကိုကြည့်ပြီးပြုံးနေသောဇနီးချောလေးအားနောက်ကနေသိုင်းဖက်လိုက်၏။ သူကတော့အားရပါးရပွေ့ဖက်ပေမဲ့ အဲ့လိုဖက်ခံရပြီဆိုမွန်ဟာမျက်နှာမကောင်းသလိုသူ့ကိုပြန်မဖက်။ ခုလည်း တစ်ခနသာငြိမ်ခံပြီး မွန် ရုန်းလိုက်၏။
"မွန်တို့ပြီးပြီနော် ကိုမင်း သွားကြမလား"
မွန်သည်ထိုစကားကိုပြောပြီး ကိုမင်း၏အဖြေကိုတောင်မစောင့်ဘဲ သမီးလေးလက်ကိုဆွဲကာ အခန်းထဲမှထွက်သွားပြန်ပြီ။ အေးစက်စက်အိမ်ထောင်ရေး တစ်ဖက်သက်အေးစက်နေသောထိုအိမ်ထောင်ရေး။ နေ့စဉ်နေ့တိုင်းဇနီးဖြစ်သူထံမှချစ်ခင်ယုယမှုကို ကိုမင်းမခံစားရပါ။
ဘာကြောင့်လဲ။ လက်ထပ်ဖို့တောင်ချောချောချူချူလက်ခံခဲ့ပြီးမှ မွန်ဟာဘာ့ကြောင့်သူ့ကိုတစ်စက်ကလေးမှချစ်ဟန်မပြုရတာလဲ။ မနေ့ညနေ မွန်တို့ bread talk မှာဆိုသဖြင့်လိုက်သွားတော့ ဟိုတစ်နေ့ကတွေ့တဲ့မိန်းကလေးနဲ့တူတူမွန်တို့ထိုင်နေသည်။မွန်ကပြုံးနေ၏။ ထိုမိန်းကလေးကိုကြည့်သောအကြည့်တို့နူးညံ့ပြီးအသက်ပါသည်။ကိုမင်းလည်းထိုကဲ့သို့အကြည့်ခံချင်ပါ၏။
မိန်းကလေးအချင်းချင်းဆိုတော့ ကိုမင်းသံသယမဖြစ်မိပါ၊ ယောက်ျားလေးသာဆိုရင်တော့ သူရူးလိမ့်မည်။ မွန့်ကိုချစ်သည်။ရူးရူးမူးမူးစွဲလမ်းစွာချစ်ပေမဲ့ မွန်ကတော့သူ့ကိုမချစ်တာလား။
ကလေးတစ်ယောက်တောင်ရနေပြီ။အိမ်ထောင်သက်လည်း၉နှစ်လောက်ရှိပြီ။မွန့်ထံမှယုယမှုသည်ကိုမင်းအတွက်စိမ်းသက်လှသောအရာတစ်ခု။
ဆက်တွေးရရင်ရူးသွားမှာဆိုးသဖြင့်လေပူတစ်ချက်သာမှုတ်ထုတ်ပြီးမွန့်နောက်သာလိုက်ခဲ့လေ၏။