[Zawgyi]
14ဂျောက် ဂျောက် ဂျောက်
နှင်းပန်း၏အလုပ်စားပွဲပေါ်မှနာရီသံသည် တိတ်ဆိတ်နေသောအခန်းငယ်အတွင်းပျံ့လွင့်နေ၏။အချိန်သည်သိပ်နောက်မကျသေးသော်ငြား နှင်းပန်းတို့ ရပ်ကွက်က ညဆိုသိပ်တိတ်ဆိတ်သည်။
နှင်းပန်း ပျင်းပျင်းနှင့်အခန်းထဲထိုင်ကာ တောင်တွေးမြောက်တွေး တွေးနေရင်း မမမွန်ကိုသွားသတိရမိလေသည်။ ပြန်သာတွေ့ရတယ်ခုထိကိုမမမွန်နဲ့စကားအေးအေးဆေးဆေးမပြောရသေးသလို ဖုန်းနံပတ်လည်းတောင်းဖို့အခွင့်မရသေး။
မြန်မာနိုင်ငံကိုပြန်မလာဘဲလွန်ခဲ့တဲ့၁၀နှစ်စလုံးဘာတွေလုပ်နေပါလိမ့်။ နှင်းပန်းကိုတောင်မဆက်သွယ်ဘဲနေရက်လိုက်တာ။ အတွေးလေးဖြင့်နှုတ်ခမ်းအသာဆူနေတုန်းပင်အိမ်အနီးတဝိုက်မှ ဂစ်တာသံလေးကြားလိုက်ရ၏။
"ရင်ခုန်သံမင်းနားကြပ်လေးနဲ့နားထောက်ပါဦး....ဆေးကျောင်းကမောင့်ရဲ့အချစ်ရေ မောင့်လာကုပေး....အမည်မဖော်နိုင်ရောဂါတစ်ခုလိုကြပ်သိပ်ပြီးမွန်းနေ...မင်းလေးအချစ်ဆေးသစ်လေးနဲ့မောင့်လာကုပေး..."
အသံသည်အထွဋ်၏အသံဖြစ်သဖြင့်နှင်းပန်း၏မျက်ဝန်းလေးများအနည်းငယ်ဝိုင်းစက်သွားရသည်။ အသံသိပ်မကျယ်ပေမဲ့
နှင်းပန်း၏အခန်းကတော့ထိုအသံကိုသေချာကြားရသည်။နှင်းပန်း ဝရံတာကို တစ်ချက်ထွက်ကြည့်တော့ ခြံထဲရှိဒန်းထဲတွင်ထိုင်ကာဂစ်တာတီးပြီးသီချင်းဆိုနေသောအထွဋ်လေးဟာ နှင်းပန်းကိုတွေ့သည်နှင့်ဝမ်းသာအားရပြုံးပြလေသည်။
သူမကိုပြုံးပြနေသော အထွဋ်လေးကိုနှင်းပန်းတစ်ချက်ပြုံးပြလိုက်ကာ သီချင်းပြီးတဲ့ထိတောင်နားမထောင်ဘဲအခန်းထဲပြန်ဝင်လာခဲ့သည်။ အထွဋ်လေးကသူ့ဟာသူသီချင်းဆိုနေတာကိုနှင်းပန်းဘာလို့များအလိုမကျသလိုကြီးဖြစ်နေရတာလဲ။ ပြီးတော့အထွဋ်ဆိုတာက ဆေးကျောင်းသူသီချင်းပဲလေ ကြည့်ရတာဆေးကျောင်းသူလေးတစ်ယောက်ယောက်ကိုသဘောကျနေလို့ထင်ပါတယ်။
သို့ပေမဲ့ နေ့လည်ကအထွဋ်ရဲ့အကြည့်တွေထဲမူမမှန်သလိုတွေနှင်းပန်းခံစားနေရသည်။ အထွဋ်လေးဟာ သူမကိုများ.....မဖြစ်နိုင်ပါဘူးလို့နှင်းပန်းထပ်တွေးကာစိတ်ကိုဖြေလိုက်ရပြန်၏။