[Zawgyi]
17"မမနှင်းပန်း"
"မမနှင်းပန်း"
"မမနှင်းပန်းလို့"
"အမလေး ဘုရားသိကြား မမမွန်"
အင်ကြင်းသည် သူမလက်ကိုရုတ်တရပ်လှုပ်ကိုင်လိုက်သဖြင့် နှင်းပန်းထယောင်မိ၏။ ယောင်တာလေးကစမ်းတော့စမ်းသား။
"အင်ကြင်းခေါ်နေတာကြာပြီ မမနှင်းပန်းရဲ့"
"ဪ အေး အင်ကြင်းပြောလေ"
"ဒီပုံနဲ့ ဒီပုံဘယ်ဟာပိုလှလဲဟင်"
နှင်းပန်း ယနေ့အလုပ်အားသဖြင့် အင်ကြင်း၏ပိုးထည်တိုက်ကိုရောက်နေသည်။ အင်ကြင်းက ညနေ၄နာရီလောက်ထိကို မူရင်းပိုးထည်ဆိုင်ကြီးတွင်ထိုင်ပြီး ညနေပိုင်းကိုတော့ နှင်းပန်းတို့အိမ်ရှေ့မှသူမဆိုင်ခန်း တစ်ဖြစ်လဲ အလုပ်ခန်း လေးတွင်အလုပ်လုပ်သည်။
ဒီဇိုင်နာမို့ အချို့ကသူမတို့ဆီမှအထည်ဝယ်ပြီးလျှင် အင်ကြင်းဆီမှာပဲတစ်ခါတည်းချုပ်၏။ အထည်ချုပ်ချင်သူများမှာ အင်ကြင်း၏ထိုဆိုင်ခန်းလေးတွင်လာအပ်ကြသည်။
"ဒါလေးပိုလှတယ်"
နှင်းပန်း အစိမ်းနုရောင်ချိတ်ထဘီလေးကိုရွေးပေးလိုက်တော့ အင်ကြင်းကသေချာကြည့်ကာ
"မမနှင်းပန်းကအမြင်ရှိသားပဲ"
ချီးကျူးစကားကြောင့် နှင်းပန်းပြုံးလေသည်။
"ဒီဇိုင်နာရဲ့အစ်မပဲ"
နှင်းပန်းသည်အပြုံးကလေးဖြင့်တုံ့ပြန်နေစဉ်ပိုးထည်ဆိုင်ထဲဝင်လာသော အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး။ အမျိုးသားမှာအခြားသူတော့မဟုတ် လွန်ခဲ့သော နှစ်ကာလတစ်ချိန်ကနှင်းပန်းကိုပိုးပမ်းခဲ့ဖူးသည့်ဒေါက်တာဝေလင်း။ ဘေးမှအမျိုးသမီးကတော့ သူ့ဇနီးဖြစ်ပုံရသည်။
ဝေလင်းဟာ နှင်းပန်းကိုတွေ့တော့မျက်နှာပျက်သွား၏။ သူ အချိန်တော်တော်ကြာကြိုးစားခဲ့တာတောင်နှင်းပန်းကသူ့ကိုငြင်းခဲ့တာမို့တစ်ခါတလေတော့လည်းတွေးရင်းဒီမိန်းကလေးကိုစိတ်နည်းနည်းနာမိသား။ နှင်းပန်းသည် သူ့ကို အလိမ္မာသုံးငြင်းသည် အနုနည်းဖြင့်ငြင်းသည် နောက်ဆုံးတွင်တော့ "ကျွန်မနှလုံးသားမှာဆရာ့အတွက်နေရာမရှိဘူး"ဆိုသောစကားဖြင့်ပက်ပက်စက်စက်ငြင်းခဲ့၏။