[Zawgyi]
7"မေမေ တီတီအလှလေးကဘာလို့မနိုးသေးတာလဲ"
"ခနနေ နိုးလာမှာပါ"
မွန် ငိုမဲ့မဲ့ရုပ်လေးဖြင့်မေးနေသောအထွဋ်လေး၏ ခေါင်းလေးကိုခပ်ဖွဖွလေးပွတ်သပ်ရင်းပြန်ဖြေလိုက်၏။ နှင်းပန်းကရှေ့နဖူးနဲ့ပဲရိုက်မိလို့ကံကောင်းသွားသည်။နောက်စေ့နှင့်သာကျလျှင်အတော်ကြောက်ရမည်။
ဆေးရုံပို့ပေးကာ စစ်ဆေးမှုများလုပ်ထားပေမဲ့ မွန်စိတ်ထဲပူနေကာဝမ်းနည်းစိတ်ကြီးပါဖြစ်နေ၏။သူမလာဖို့ခေါ်လိုက်လို့နှင်းပန်းဒဏ်ရာရတာဟုတွေးမိတိုင်းကိုယ့်ကိုကိုယ်အပြစ်တင်မဆုံး။
တစ်ဖန် ကျော်စွာမင်းကနှင်းပန်း၏မြင်းကိုဖြတ်တိုက်သွားတာသူမမျက်စိဖြင့်တပ်အပ်မြင်ခဲ့ရ၏။ နှင်းပန်းဘေးနားကမခွါလိုချင်သေး၍သာမွန်ဘာမှမပြောဘဲငြိမ်နေမိခြင်း။
"မေမေ အထွဋ်သန့်စင်ခန်းသွားချင်လို့"
အထွဋ်လေးဟာ မွန့်ကိုခွင့်တောင်းပြီးဆေးရုံခန်းတွင်းရှိ သန့်စင်ခန်းထဲဝင်သွားလေသည်။
မွန် နှင်းပန်းကိုစိုက်ကြည့်နေမိသည်။နှင်းပန်း၏မျက်နှာလေးပေါ်ပွန်းရာလေးအချို့ရှိနေ၏။ နဖူးစောင်းကွဲသွားသဖြင့်ပတ်တီးလည်းစည်းထားရသည်။ နှင်းပန်း၏ပါးဖြူမို့မို့လေးများပေါ်တွင်ခြစ်ရာအချို့သည်အကျည်းတန်စွာနေရာယူထားရာ မွန် မျက်ရည်ဝဲလာပြီ။
မွန် နှင်းပန်း၏ပတ်တီးစည်းထားရသော နဖူးလေးကို
ခပ်ဖွဖွနမ်းရှိုက်လိုက်ပြီး မျက်ရည်တို့ကစီးလာရ၏။"မမမွန်တောင်းပန်ပါတယ်"
ဆေးသွင်းထားသည့်နှင်းပန်း၏လက်လေးကိုလည်းမွန် တယုတယဆုပ်ကိုင်ထားမိပြန်သည်။ ဒီလိုအချိန်မှာပဲ နှင်းပန်း၏အသားကိုမွန်ကိုင်ရဲပါသည်။ နှင်းပန်းသတိရနေချိန်တွင် ထိကိုင်ဖို့ရန် မွန်မရဲပါ။
မွန့်ရင်ထဲနေ့စဉ်ရက်ဆက် နောင်တ တရားတို့ကပြည့်သည်းနေ၏။ သူမသာ မိသားစုကိုလွန်ဆန်ရဲသည့်သတ္တိရှိခဲ့လျှင်နှင်းပန်း၏လက်ကိုထာဝရဆုပ်ကိုင်နိုင်လိမ့်မည်။ ခုတော့....နောင်တကြောင့်မျက်ရည်ကျနေစဉ်မှာပင်အထွဋ်လေးက သန့်စင်ခန်းထဲမှထွက်လာသဖြင့် မွန် မျက်ရည်တို့ကိုသုတ်လိုက်၏။