[Zawgyi]
36နံနက်လင်းရောင်ခြည်ဖြာကျနေသောအလုပ်ခန်းလေးတစ်ခု။ ထိုအခန်းလေးထဲတွင် အဝတ်စအချို့နှင့်အလုပ်ရှုပ်နေသည့်အင်ကြင်း။
စာရွက်တွင်ခဲတံလေးဖြင့်ရေးခြစ်လိုက် ပေကြိုးလေးဖြင့်တိုင်းလိုက် မော်တာစက်ခုံလေးကိုနင်းလိုက်ဖြင့်အလုပ်ရှုပ်နေသူလေးကို အထွဋ် အခန်းပြင်မှငေးနေမိသည်။
နံနက်၈နာရီတောင်မထိုးသေးပေမဲ့ အထွဋ်တစ်ယောက် အင်ကြင်း၏ဆိုင်ခန်းလေးကိုရောက်နေပြီ။
နေရောင်ခြည်နုနုကလေးများသည် ပြတင်းမှန်တံခါးမှတစ်ဆင့်အင်ကြင်း၏မျက်နှာဘေးတစ်ခြမ်းလေးကိုဖြာကျနေလေသည်။ အထွဋ် မျက်တောင်ပင်မခတ်မိပါ။
မှန်တံခါးမှငေးနေသည့်အထွဋ်ကိုတွေ့သွားတော့ အင်ကြင်းဟာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြ၏။
နံနက်ခင်းရောင်ခြည်နုကလေးသည် နွေးထွေးသည်။ အင်ကြင်း၏အပြုံးကတော့အထွဋ်အတွက်ပိုနွေးထွေး၏၊
အထွဋ်ပြန်ပြုံးပြကာ တံခါးလေးဖွင့်ပြီးဆိုင်ခန်းထဲဝင်သွားလိုက်လေသည်။
"စောလိုက်တာ အထွဋ်"
"တီအင်ကြင်းကိုတွေ့ချင်လို့စောစောထလာတာ"
အင်ကြင်းသည် သူမပါးစပ်လေးကိုလက်ဖြင့်အုပ်ရင်းရယ်တော့သည်။ အင်ကြင်းရယ်သဖြင့် အထွဋ်မသိမသာနှုတ်ခမ်းလေးဆူမိသည်။
"တကယ်ပါ တီအင်ကြင်းရဲ့"
"ဝီရိယကောင်းတယ်ပေါ့"
"အထွဋ်ဝီရိယကောင်းမှ တီအင်ကြင်းကအားကိုးချင်မှာလေ"
အထွဋ်၏ထိုစကားကိုကြားရချိန် အင်ကြင်း၏ဝဲဘက်ရင်အုံကလေးနိမ့်ချည်မြင့်ချည်ဖြစ်ရပြန်သည်။ အင်ကြင်းရင်ခုန်ရသည်။ အထွဋ်ကိုပေါ့ပေါ့ပါးပါးသံယောဇဉ်ဖြင့်နှောင်ဖွဲ့ဖို့တွေးထားပေမဲ့ ယခုအထွဋ်အပေါ်တုပ်ချည်မိသောအင်ကြင်း၏သံယောဇဉ်ကြိုးမှာဖြည်မရအောင်နက်ရှိုင်းနေပြီလားမသိပါ။
သူမကိုမျက်လုံးဝိုင်းလေးများဖြင့်စိုက်ကြည့်နေသောအင်ကြင်း၏နှုတ်ခမ်းအနီးတွင်ခဲမှုန့်အချို့ပေသွားလေရာ အထွဋ် ရုတ်တရပ်အင်ကြင်း၏နှုတ်ခမ်းအထက်ကိုသူမလက်ချောင်းလေးများဖြင့်သုတ်ပေးလိုက်လေသည်။