[Zawgyi]
41(End)နံနက်စောစောတွင်မြင်တွေ့လိုက်ရသောမြင်ကွင်းသည် မွန့်အတွက်တစ်နေ့တာကိုဖြတ်သန်းဖို့ရန် အင်အားပြည့်စေပါသည်။
မွန် ဆေးခန်းသွားမထိုင်ခင် နှင်းပန်းဆီအရင်သွားဖြစ်ရာ တရုတ်မလေးမှန်တင်ခုံရှေ့ထိုင်ပြီးအလှပြင်သည့်အချိန်နှင့်တည့်တည့်တိုးလေ၏၊
အဝတ်လေးတော့လဲထားပြီဖြစ်သော်ငြားမျက်နှာကခုမှစပြင်မှာထင်သည်။ တရုတ်မလေးဟာသီချင်းလေးတအေးအေးနှင့်မွန်တံခါးဖွင့်ဝင်လာတာတောင်မသိ။ ဒီလိုသတိမမူတတ်ပုံလေးနှင့်တော့မွန်စိတ်ပူနေရမည်။
"ကိုကိုဟာကြင်နာတာတွေတကယ်ကိုစွမ်း ကိုကိုရေရူးပြီ.."
မွန့်တစ်သက်နှင်းပန်းလေးသီချင်းဆိုတာကိုမကြားဖူး။ ခုလိုသီချင်းညည်းတတ်တာလေးတောင်မွန်သိပ်မကြားဖူးပါ။ ကိုကိုလို့ခေါ်ခိုင်းရင်မူတတ်သူလေးက မွန့်နောက်ကွယ်ကျကိုကိုသီချင်းဆိုနေသည်။
"ကိုကိုတဲ့ ခွီး မမမွန်ကတကယ်ရယ်ရတယ်"
မွန် တံခါးကိုမှီပြီးလက်ပိုက်ကြည့်နေသည်အားဒီတရုတ်မလေးခုထိမမြင်သေးသလား။ မွန့်အတင်းတောင်တစ်ယောက်တည်းတုပ်နေသေး။
"ဒါပေမဲ့...အရမ်းမိုက်တယ်လေ ကိုကိုမွန် တို့ကိုကို"
ထိုစကားကိုတော့မွန်တောင့်မခံနိုင်တော့ပါ။ နောက်ကျောကနေနှင်းပန်း၏ပုခုံးလေးကိုကိုင်ပြီးပါးမို့မို့လေးအားအနမ်းလေးတစ်ပွင့်ခြွေလိုက်မိသည်။ ရုတ်တရပ်ပေါ်လာသည် မွန် ကြောင့် နှင်းပန်းမှာလန့်သွားပုံရ၏။
"အို လန့်လိုက်တာ မမမွန်ရယ်"
"မမမွန်တဲ့လား"
မွန့်အမေးကြောင့် နှင်းပန်းလေးမှာသဘောကျသွားပုံပင်။ မျက်နှာလေးဆူလိုက်ပေမဲ့ပြုံးရိပ်ကလေးရှိနေ၏။
"မမမွန်လို့မခေါ်လို့...ဘယ်လို"
"ကိုကိုလို့ခေါ်"
မမမွန်သည်နှင်းပန်း၏အသည်းနှလုံးကိုထပ်မံကလိပြန်၏။ သူမအသည်းကိုလာလာကလိနေသည့်မမမွန်ကိုနှင်းပန်းလည်းပြန်ကလိသင့်ပါသည်။