အပိုင်း - ၅
"ဟယ်..ဒါက ဘယ်လိုဖြစ်လာကြတာလဲ..."
စံတို့ဆိုင်ကယ်လေး အိမ်ထဲဝင်လာသည်နှင့် မာမီ့ရဲ့စိုးရိမ်တကြီးအသံက စီခနဲထွက်လာသည်။
"..ဟဲ့..လူချော..ဗျောဗျောဂျောက်လေးပို့ခိုင်းတာကို ဘယ်လိုဖြစ်ကြတာတုံး..."
အမေကပါ သူ့ကိုမကြည်သလိုပြောလာတော့ လူချောဘာပြန်ပြောရမှန်းမသိပေ။နဂိုကတည်းကမှ စကားနည်းသူမို့ သူ့မှာဖြေရှင်းစရာစကားလုံးကလည်းရှားပါးလှသည်။စကားတစ်ခွန်းမှမဆိုဘဲ ဆိုင်ကယ်ဒေါက်ထောက်ပြီး ကွပ်ပျစ်ပေါ်ဝင်ထိုင်၏။
"..ဆူစရာရှိတာနောက်မှဆူဟ...အရင်ဆုံး ကလေးကိုလဲစရာအဝတ်လေးဘာလေး ပေးလိုက်ဦး...."
"လာ..လာ.. သမီးလေး.."
အမေနှစ်ယောက်က ကောင်မလေးကို တစ်ဖက်တစ်ချက်စီတွဲ၍ အိမ်ထဲခေါ်သွားကြသည်။လူချောလည်း ဧည့်သည်သူဌေးကြီးကိုအားနာသဖြင့် ခေါင်းကြီးသာငုံ့နေသည်။
"..ဘယ်လိုဖြစ်ရတာလဲ ဆရာရယ်...."
ကောင်မလေးအဖေက စိတ်ရှုပ်သလို အသံနှင့် သူ့ကိုမေးလာသည်။
"..ကျွန်တော်တောင်းပန်ပါတယ်...သူ့ကို ရေနက်တဲ့နေရာမသွားဖို့ ကြိုတင်မပြောမိလိုက်တာ...."
"..အောက်ချောက်(ဂျောက်)ထဲ ကျတာလား..."
"..ဟုတ်.."
အဖေဦးညိုမောင်းကပါ ဝင်မေး၏။
"..အင်းတော်သေးတာပေါ့....ဘာမှကြီးကြီးမားမားမဖြစ်လို့..."
"..မိန်းမငယ်အင်္ကျီကလည်းမရှိ၊သူကလည်း ထဘီမဝတ်တတ်ဘူးဆိုတာနဲ့ လူချောအင်္ကျီပဲ ဝတ်ပေးလိုက်တယ်..."
သူ့အနောက်ဘက်မှအမေ့အသံကြား၍ လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ့မျက်နှာမဲ့ခနဲဖြစ်သွားသည်။ 'အမေကတော့ လုပ်ချလိုက်ပြန်ပြီ' ဟူသည့်အကြည့်ဖြင့် အမေ့ကိုလှမ်းကြည့်လိုက်၏။ကောင်မလေးဝတ်ထားတာက သူအကြိုက်ဆုံး လိမ္မော်ရောင်စပို့ရှပ်လေး...သူ့မှာ ဒါလေးကိုကြိုက်လွန်း၍ ဗေဒင်ဟောခလေးတွေစုပြီးဝယ်ထားရသည့်တစ်ထည်တည်းသောအကောင်းလေး..တစ်ခါသာဝတ်ရသေးပြီး နှမြောလွန်း၍သိမ်းထားရသည့်အင်္ကျီလေးကိုမှ အမေ ပေးရက်ပလေခြင်း...
ŞİMDİ OKUDUĞUN
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantastik"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."