P 2( 15/jan)

8.8K 227 15
                                    

MY STRANGER GUY
Part -2

ငွေစန္ဒာ။
လက်ထဲမှ မောင်းပြန်သေနတ်ကို သူမဘေးရှိ မိုင့်ဆီ ကမ်းပေးလိုက်သည်။
“ လကလေး......”
ရာဇပလ္လင်ဆီမှ ခေါ်သံကို ကြားသည်နှင့် ငွေစန္ဒာ့နှုတ်ခမ်းလှလှက တင်းတင်းစေ့သွား၏။ သူမ အတော်စိတ်ရှုပ်နေပြီဖြစ်သည်။ ဒီလူက ပီကေလို လိုက်ကပ်နေသည်။ အရင်တုန်းကလဲ သူ့ကြောင့် အာရုံတွေနောက်ရလွန်းလို့ မနည်းရှောင်နေခဲ့တာကို ပြန်ပြီးလှုပ်ရှားသည်နှင့် အူယားဖားလျား ရောက်လာပြန်သည်။
“ ကိုယ့်ကို ဘာလို့ရှောင်နေတာလဲ။ “
ငွေစန္ဒာ့ဆီမှ ကျစ်ခနဲ စုပ်သပ်သံက စိတ်မရှည်စွာ ထွက်လာ၏။
“ ဘာလို့ အာရုံတွေ လာလာနောက်နေရတာလဲ။ ကိုယ့်ဘဝနဲ့ကိုယ် မနေတတ်ဘူးလား။ “
ရာဇပလ္လင် အနားလျှောက်လာကာ လကလေးရှေ့ပိတ်ရပ်လိုက်တော့ သူ့ကို သူမလေးက အကြောက်အလန့်မရှိ စေ့စေ့ပြန်စိုက်ကြည့်နေသည်။
“ ကိုယ့်ဘဝက မင်းလေ။”
“ အရူးစကားတွေ လာပြောနေတာပဲ။ ဘာလဲ....တော်ကီလှလှလေးတွေဆို ကောင်မလေးတွေ ကြွေမယ်ထင်နေတာလား။”
ရာဇပလ္လင် ပြုံးလိုက်မိသည်။
“ အင်း....ဆယ်ယောက်မှ ကိုးယောက်လောက်ပေါ့။”
“ ဒါဆို ကျန်တဲ့တစ်ယောက်က ကျွန်မပဲ။ ပေါတောတောတွေ လာထပ်မလုပ်နဲ့။ ပြန်တော့။”
လှည့်ထွက်ရန် ပြင်လိုက်သည့် လကလေးကြောင့် ရာဇပလ္လင် ကမန်းကတန်း အရှေ့က သွားပိတ်ရပ်ရင်း
“ လကလေး....ကိုယ့်ကို “
“ ပြန်တော့လို့ ပြောနေတယ်။ မိုင်း ...ဆိုင်ကယ်ပြင်ထား မမတို့ သွားမယ်။”
သူမ၏ ဘောဒီဂတ်ကိုခေါ်၍ ထွက်သွားပုံက မာရေကြောရေပေမယ့် သူက ထိုအကြောမာလေးကို ချစ်သည်။ သူ့ကို နှစ်ပြားမတန် ‌ပြောဆိုနေလဲ သူ သဘောကျနေသည်။ ထူးဆန်းသလို သူကိုယ်တိုင်လဲ အံ့ဩမိပါသည်။
“ ဂိုဏ်းချုပ်......”
“ ပြန်ကြရအောင်။”
“ ဒီအတိုင်းပြန်မလို့လား။”
မပြန်လို့ သူက ဘာလုပ်ရမည်နည်း။ သူမက သူ့ကို ရှောင်ထွက်သွားပြန်ပြီ ဖြစ်၏။ သို့ပေမယ့် သူ တစ်ခုခုတော့ လုပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ သူမကို သူ့အနား မရမက ခေါ်ထားမည်။ ခေါ်ထားနိုင်ဖို့ အကူအညီ လိုသည်။
ငွေစန္ဒာ ဆိုင်ကယ်ကို ဟိုတယ်ရှေ့ထိုးရပ်လိုက်ရင်းမှ ဟဲမက်ကိုဆွဲချွတ်လိုက်သည်။ သူငယ်ချင်းတွေ တွေ့ဆုံပွဲရှိသည်မို့ ရောက်လာခြင်းဖြစ်သလို ခါတိုင်း
လာလေ့မရှိပေမယ့် ဂလေဇာ လာမည်မို့ ရောက်လာြခင်းပင်။ ဂလေဇာက ကျောင်းတက်နေစဥ်တစ်လျှောက်လုံး စန္ဒာသဘောကျခဲ့ရတဲ့ အမျိုးသားပင်။ ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်နှင့် ဝန်ထမ်းကောင်လေးတစ်ယောက်က ပြေးလာရင်း.....
“ ဟို......ဒီမှာ ဆိုင်ကယ်ရပ်လို့ မရပါဘူး ။”
ငွေစန္ဒာ ကျစ်ခနဲ စုပ်သပ်လိုက်ရင်းမှ မျက်မှောင်ကျုံ့မိသွားသည်။ ဂျင်းဘောင်းဘီအိတ်ကပ်ထဲမှ ဒေါ်လာတစ်ရွက်ထုတ်ပေးလိုက်ရင်း....
“ ဒါဆို ငါ ပြန်မလာမချင်း ကြည့်ထား ။ “
ဟိုတယ်ထဲ ဝင်လာရင်းမှ လက်လှမ်းပြလိုက်သည့် သူငယ်ချင်းတွေကို လှမ်းမြင်လိုက်ရသဖြင့် ထိုစားပွဲဆီ လျှောက်လာခဲ့သည်။ အကုန်လုံးက ကိုယ်ကြပ်ဂါဝန်လေးတွေ၊ ဂါဝန်ကားကားလေးတွေဖြင့် မိန်းမသားဆန်နေကြသည့်ထဲ ကိုယ်တစ်ယောက် တီရှပ်လက်တို ၊ ဂျင်းဘောင်းဘီရှည်ဖြင့် ဂျစ်ပစီစတိုင်ဖြစ်နေသည်။
“ လာ စန္ဒာ ဒီမှာ လာထိုင်။”
ခုံလွတ်တစ်လုံးတွင် ဝင်ထိုင်လိုက်ရင်း အကြည့်က သူမ ဘေးထိုင်နေသည့် ဆိုင်းပန်ကြောင့် မျက်စပင့်မိသွား၏။ ဒီ မြွေစိမ်းမလဲ ရောက်နေတာပဲ။ အနက်ရောင်ကိုယ်ကြပ်ဂါဝန်ကို ဝတ်ထားကာ ဖူးကြွနေအောင် ပြင်ထားသေးသည်။
“ ရောက်လာပြီလား။ ဘာလဲ ဂလေဇာ လာမယ်ဆိုလို့ ရောက်လာတာ မဟုတ်လား။ “
စလာပြီ အာရုံတွေ။ စကားတွေ အများကြီး မပြောချင်တာမို့ မသိဟန်သာဆောင်နေလိုက်သလို ဒါကိုပဲ ဆိုင်းပန်က မကျေမနပ် ဖြစ်သွား၏။
“ ဟော....ဟိုမှာ ဂလေဇာ လာပြီ။”
လှမ်းကြည့်လိုက်တော့ ဆွယ်တာမီးခိုးရောင် လက်ရှည်ဖြင့် စတိုင်ပန်အရှည်ကို ဝတ်ထားကာ လျှောက်လာသည့် ဂလေဇာ့ကို လှမ်းမြင်လိုက်ရသည်။ သူကတော့ ထုံးစံအတိုင်း ချိုမြန်သော လူစားလေးဖြစ်နေဆဲပင်။ စားရင်းသောက်ရင်း စကားတွေပြောကြပေမယ့် သူ့ကိုသာ ငေးကြည့်နေမိသည်မှာ တစ်လျှောက်လုံးပင်။ စန္ဒာ သူ့ပုံစံလေးကို သဘောကျသည်။ အရမ်း ငြိမ်းချမ်းလွန်းလို့ မြင်ရတာ စိတ်ချမ်းသာ၏။
“ စန္ဒာ ငြိမ်တယ်နော်။ နေရောကောင်းရဲ့လား။”
လှမ်းမေးလိုက်သည့် သူ့စကားကြောင့် စန္ဒာ အသာခေါင်းယမ်းပြလိုက်သည်။
“ စန္ဒာက ဒီလိုပွဲတွေထက် မှောင်ခိုတွေ ပိုကြိုက်တာလေ..နော်။”
ထပြောလိုက်သည့် ဆိုင်းပန်ကြောင့် ဂလေဇာ့ပုံစံက တအံ့တဩ ဖြစ်သွားပုံပင်။
“ ဗျာ”
“ ဪ ...ဂလေဇာ မသိသေးဘူးလား။ စန္ဒာတို့က မှောင်ခိုအလုပ်တွေလုပ်တာလေ။ သူ့အဖေရော၊ မောင်ရောက ဂိုဏ်းတွေထောင်ထားတာ။ “
ဂလေဇာ့ပုံက လုံးဝ မယုံကြည်နိုင် ဖြစ်သွားသလိုပင်။ စန္ဒာ့အကြည့်က ဆိုင်းပန်ဆီရောက်သွားသလို မခိုးမခန့် လာပြုံးပြနေတာမို့ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း သက်ပြင်းချမိ၏။ ဒီဟာမ သေချင်နေပြီထင်သည်။
“ ခဏနေရင် ပြန်ကြမလား။ “
တစ်ယောက်က ပွဲထိန်းသည့်အနေနှင့် စကားလမ်းကြောင်း ထပြောင်း၏။
“ စန္ဒာ ဘာနဲ့လာတာလဲ။ “
“ ဆိုင်ကယ်နဲ့.....”
ဆိုင်းပန်က မျက်နှာလေး မဲ့ချသည်။
“ ဂလေဇာပြန်ရင် ဆိုင်းပန် လိုက်လို့ရမလား။”
“ ဗျာ...ရပါတယ်ခင်ဗျ။ “
“ အဟင်း...ကျေးဇူးပဲနော်။ ဒါဆို Toilet လေး ခဏ သွားလိုက်ဦးမယ်။”
စန္ဒာ နေရာမှ ထသွားသည့် ဆိုင်းပန်ကို တစ်ချက်ကြည့်ရင်း ပြုံးလိုက်မိသည်။
@@@@@@@@@@@@
ကလစ်
တံခါးဂျက်ထိုးသံနဲ့အတူ အမျိုးသမီးသန့်စင်ခန်းထဲ ဝင်လာသည့် ငွေစန္ဒာ။ ဘေစင်ကို မှီရပ်ကာ အသာစောင့်နေရင်းမှ အိမ်သာထဲကနေ ထွက်လာသည့် ဆိုင်းပန်ကို မြင်တော့ နှုတ်ခမ်းလေး တွန့်ချိုးသွား၏။
“ နင် ပါးစပ်အရမ်းဖွာတယ်နော်။”
စန္ဒာ့စကားကြောင့် ဆိုင်းပန်က ပြုံးလိုက်ရင်းမှ
“ ဘာလို့လဲ ...ငါက မဟုတ်တာ ပြောတာမှ မဟုတ်ပဲ။ “
စန္ဒာ ဆိုင်းပန်ကို စူးစိုက်ကြည့်ရင်းမှ အ‌ရှေ့တိုးလိုက်ကာ လက်တစ်ဖက်ဖြင့် ဆိုင်းပန်ဆံပင်တွေကို ဆောင့်ဆွဲကာ လက်ထဲ နှစ်ပတ်လောက် ဆွဲရစ်လိမ်ထားလိုက်သည်။
“ အခု အဲ့ပါးစပ်ကို ငါဆွဲဖြဲ‌ပေးမယ်။”
“ အားးးးးအ နာတယ် နာတယ်။ ငွေစန္ဒာ နင် လွှတ်နော်။”
“ နာလား.....နာတတ်လား။ နောက်တစ်ခါ အာချောင်ဦးမှာလား ပြောစမ်းပါဦး။ “
ဆိုင်းပန်က စန္ဒာ့လက်ကို ဆွဲဖြည်ရန် ကြိုးစားပေမယ့် နှစ်ပတ်ဆွဲလိမ်ထားတာကြောင့် ဖြည်လို့ကမရပေ။ ထို့အပြင် စန္ဒာက ဆိုင်းပန် ခေါင်းကို ဆံပင်ဖုတ်မှ ကိုင်ပြီး ဆွဲနှိမ်ချိုးထားသည် မဟုတ်လား။ အမျိုးသမီး သန့်စင်ခန်းထဲမှ ဆူညံသံတွေ ထွက်လာသလို တံခါးလာပြေးဖွင့်ကြပေမယ့် အထဲက ဂျက်ထိုးထားသည်မို့ အချိန်ကကြာနေ၏။

My Stranger Guy ( Complete) Where stories live. Discover now