P-13

3.2K 146 5
                                    

My Stranger Guy
အပိုင်း ( ၁၃ )
ထမင်းစားခန်းထဲတွင် အကုန်လုံးက တိတ်တိတ်ဆိတ်ဆိတ်ပင် ထမင်းစားနေကြသလို ဦးမောင်ကလေးက စားလက်စကို အပြီးသတ်ရင်းမှ ..
“ ရာဇပလ္လင် ....မင်း သွားတွေ့ရမယ့် လူရှိတယ်။ “
“ ဟုတ်ကဲ့ .....”
“ ရူကီက ဒီနေ့ ငါနဲ့ နယ်ဆင်းရမယ်။ မဲဆွယ်ဖို့ သွားစရာနေရာတွေ ရှိတယ်။ “
“ ဟုတ်ကဲ့ ....”
“ ငွေစန္ဒာ...မင်း Club ကို ဧည့်သည်တွေလာလိမ့်မယ်။ သေချာ ဧည့်ခံလိုက်ပါ။ ပြီးတော့ သူတို့ ဘာပြောလဲ ငါ အကုန်သိချင်တယ်။ “
“ ဟုတ်ကဲ့.....”
ရာဇပလ္လင် သူ့ဘေးမှ ရေခွက်ကို ယူကာ မော့သောက်လိုက်သည်။ ဖိုက်တူးကို တစ်ချက်လှမ်းကြည့်ရင်းမှ နေရာကနေ ထရပ်လိုက်သလို လကလေးကို တစ်ချက်ငုံ့နမ်းလိုက်သည်။
“ ကိုယ် သွားပြီ။ “
စန္ဒာ ခေါင်းညိတ်ပြလိုက်ရင်းမှ စားလက်စကိုသာ ဆက်စားရင် ကျန်နေခဲ့လိုက်သည်။ ဦးမောင်ကလေးက စန္ဒာ့ကို တစ်ချက်ကြည့်ရင်းမှ ....
“ မင်း ရူကီ့ကို ပြန်မတောင်းပန်သေးဘူးနော် ငွေစန္ဒာ။ “
စန္ဒာ စားနေရာမှ မျက်လွှာပင့်ကြည့်မိသွားရသည်။
“ လိုအပ်လို့လား။ “
“ ရာဇပလ္လင်ရဲ့ဇနီးသာဆိုရင်‌ပေါ့.....မင်းယောကျာ်းအတွက် အကူအညီတွေ အများကြီးဖြစ်ခဲ့ဖူးတဲ့လူပဲ။ “
မိုင်း မမ မျက်နှာကို လှမ်းကြည့်မိသည်။ တောင်းပန်ရတာကို သေမတတ် မုန်းတဲ့သူ မဟုတ်လား။
“ တောင်းပန်တယ်ပဲ ထားလိုက်ပါ။ အရမ်းတောင်းပန်ခံချင်တော့လဲ ဘယ်တတ်နိုင်မလဲ ။ တောင်းပန်တယ် ရူကီ။ ငါ နင့်အပေါ် ယောကျာ်းအားကိုးနဲ့ နည်းနည်း အနိုင်ကျင့်သလို ဖြစ်သွားတယ်...အဟင်း။ “
ရူကီ ဦးမောင်ကလေးကို ကြည့်လိုက်ရင်းမှ...
“ ရပါတယ်။ “
“ မိုင်း...ကားပြင်ထား ။ မမတို့ ခဏနေ club သွားမယ်။ “
“ ဟုတ်ကဲ့ မမ။ “
စန္ဒာ အိမ်ပေါ်တက်လာကာ အခန်းထဲဝင်လာရင်းမှ အခန်းထဲ‌ရောက်သည်နှင့် တောက်တစ်ချက် ခပ်ပြင်းပြင်းခေါက်လိုက်မိသည်။ အတော်လေး အတောင်းပန်ခံချင်တဲ့ဟာမ။ ထပ်လုပ်ရင်လဲ သေဦးမယ်။ စန္ဒာ အံကိုတင်းခနဲ ကြိတ်မိသည်။ သီးခံရမည်....သူ့မျက်နှာကို မြင်ယောင်ရင်းမှ စန္ဒာ ခေါင်းကို ခါယမ်းလိုက်မိသည်။
Bell pant တစ်ထည်ကို အပေါ်မှ မိုးပြာရောင် ရှပ်အင်္ကျီအစင်းတစ်ထည်နှင့် တွဲဝတ်၍ အောက်ထပ်ကို အမြန်ဆင်းလာတော့ မိုင်းက ကားတံခါးကို အဆင်သင့် ပြင်ပေးထားသည်။ စန္ဒာ ကားပေါ်တက်လိုက်သည်နှင့် မိုင်းက ကားတံခါးကို ပြန်ပိတ်ပေးကာ ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်သည်။ ကားလေးက ညင်ညင်သာသာပင် မောင်းထွက်လာသလို စန္ဒာ မျက်ဝန်းတွေကို မှေးမှိတ်လိုက်မိ၏။
“ မမ...အရမ်းပင်ပန်းနေပြီ မဟုတ်လား။ “
ကားမောင်းရင်း လှမ်းပြောလိုက်သည့် မိုင်းဆီမှ စကားကြောင့် စန္ဒာ ပြုံးမိသွားရသည်။
“ မပင်ပန်းဘူး ပြောရင် ညာတာပေါ့ ။ “
“ ကျွန်တော် အဲ့အိမ်ကို သဘောမကျဘူး မမ။ ရှင်းလင်းနေတယ် ထင်ရပေမယ့် တစ်ခုခုက ရှုပ်ထွေးနေသလိုပဲ။ ပြီးတော့ မမကို ချစ်တဲ့လူ မရှိပါဘူး...အဲ့အိမ်မှာ။ “
စန္ဒာ မျက်ဝန်းတွေကို ဖျတ်ခနဲ ဖွင့်လိုက်မိသည်။
“ ရာဇပလ္လင်ရှိတယ်လေ။ “
မိုင်း သက်ပြင်းချလိုက်မိသည်။
“ သူ တစ်ယောက်ပဲ ရှိတာလေ။ “
“ လုံလောက်တယ်...”
“ ဗျာ....”
စန္ဒာ ကြည်ကြည်နူးနူးပင် အားရကျေနပ်စွာ ပြုံးလိုက်မိရင်းမှ...
“ ရာဇပလ္လင်ရဲ့ အချစ်တစ်ခုနဲ့တင် လုံလောက်တယ်လို့ပြောတာ။ ကျန်တာ မလိုအပ်ဘူး။ ဂရုလဲ မစိုက်ဘူး။ ငါ့အတွက်လဲ အရေးမပါဘူး။ “
“ မမ တကယ် ချစ်လား။ “
“ အဲ့ဒီလူကိုလား....ရာဇပလ္လင်ကို တကယ်ချစ်လားလို့ မေးတာလား။ “
“.........”
“ ချစ်တာပေါ့....အဲ့ဒီလူကို ရူးရူးမူးမူး သေမတတ်ချစ်လို့ ဒီလိုအိမ်ထဲထိ တိုးဝင်ခဲ့တာလေ။ ငါ စောင့်‌ရှောက်ပေးမှာ အဲ့ဒီလူကို။ “
မိုင်း ကားနောက်ကြည့်မှန်မှတဆင့် မမ မျက်နှာကို လှမ်းကြည့်မိသည်။ စိတ်ဆုံးဖြတ်ထားသည့် မျက်နှာထားကြောင့် သူ သက်ပြင်းချလိုက်မိရင်း သူလဲ တစ်ခါထဲ တွေးထားလိုက်သည်။ သေသေရှင်ရှင် သူ မမအနားမှာပဲ နေမည်။ နဂိုထဲက သူ့အသက်က မမ ပိုင်တာမို့လို့။
@@@@@@@@@@@@
ရာဇပလ္လင် သူ့ရှေ့တွင်ထိုင်နေသည့် လူအား သေချာစိုက်ကြည့်ရင်းမှ ကျစ်ခနဲ စုပ်သပ်လိုက်သည်။ ဒက်ဒီက သူ့ကို ဒီလူနှင့် ညှိနှိုင်းပြီး စာချုပ်ပေါ်မှာ လက်ဗွေသေချာယူလာခဲ့ရန် မှာထားသည်။ သူကလဲ ညှိရတာကို စိတ်ရှည်သည့် လူမဟုတ်။
“ ရာဇပလ္လင် ....ငါ ပြောထားတဲ့အချက်တွေ လက်ခံရင် လက်ဗွေနှိပ်ပေးလိုက်မယ်။ မဟုတ်ရင်တော့ လာရာလမ်းအတိုင်းသာ လှည့်ပြန်ပါ။ “
စာချုပ်ကို ဖတ်ကြည့်မိတော့ တောင်းဆိုထားသည့် အချက်အလက်တွေက မဖြစ်နိုင်တာက များသလို ထပ်ပြီးဆွေးနွေးညှိနှိုင်းချင်စိတ်က မရှိ‌တော့။
“ တောင်းဆိုထားတာက မများပါဘူး။ အကျိုးခံစားခွင့်ရယ် ငါပြောထားတဲ့မြေနေရာရယ် စားရင်းထဲကလူတွေကို....”
“ တစ်ခုမှ မလိုက်လျောနိုင်ဘူး။ “
စာရွက်ကို ခုံပေါ်ပစ်ချလိုက်ရင်းမှ ခပ်ပြတ်ပြတ်ပြောလာသည့် ရာဇပလ္လင်ကြောင့် ထိုလူ့မျက်နှာက တည်တင်းသွားသည်။
“ ရာဇပလ္လင်.....။”
“ ခင်ဗျားလက်ဗွေရ‌အောင်ယူခဲ့လို့ပဲ မှာလိုက်တာ။ ခင်ဗျားကို မသတ်ဖို့ မပြောလိုက်ဘူး။ သတ်ပြီးမှ အဲ့စောက်လက်ကို ဆွဲဖြတ်လိုက်လဲ ရတယ်။ ဖိုက်တူး...
ဖိုက်တူးက သူ့အသံဆုံးသည်နှင့် ကျောနောက်ဘက်တွင် ထိုးထည့်ထားသည့် ပုဆိန်ကို ဆွဲယူလိုက်ကာ ရှေ့တိုးသွား၏။
“ နေ.....နေပါဦး...ငါတို့ ညှိ..”
“ ဘာမှ မညှိဘူး ။ စောက်လုပ်ရှုပ်တယ်။ “
ရာဇပလ္လင် ပြောပြီးသည်နှင့် နေရာမှ ထလာခဲ့သည်။ နောက်မှ အလန့်တကြား တားဆီးသံ အော်ဟစ်သံကို ကြားလိုက်ရသလို စီးကရက်ကို နှုတ်ခမ်းပေါ်တင်လိုက်ရင်း ပြုံးမိသွားသည်က ဒီနေ့တော့ မိန်းမနား စောစောကပ်ရပြီပဲ။
စန္ဒာ ကလပ်ထဲတွင်ထိုင်ကာ အဝင်အထွက်စားရင်းတွေကို စစ်ကြည့်နေခြင်းပင်။ သာမန်ဧည့်သည်တွေထက် ရာထူးကြီးကြီးလူတွေ ၊ တကယ့်အိမ်ကောင်းက သားသမီးတွေ ကြောင်သူတော်တွေအတွက်သာ မှတ်ထားကြခြင်းဖြစ်သလို စန္ဒာကလဲ ထိုထဲမှ စစ်ထုတ်ပြီး လိုရမယ်ရပျော့ကွက်လေးတွေ ရှာထားရသည်။
“ မမ......ဒီမှာ အသံဖမ်းထားတာ ရပြီ။ “
မိုင်း ပေးလာသည့် စတစ်လေးကို အိတ်ကပ်ထဲထည့်ထားလိုက်ရင်းမှ စီးကရက်ကို ဆွဲထုတ်လိုက်တော့ မိုင်းက မီးညှိပေးရန် အသင့်ပြင်နေတာမို့ စန္ဒာ ပြုံးလိုက်မိသည်။
“ အေးအေးဆေးဆေး နေစမ်းပါ...မပင်ပန်းဘူးလား။ မီးတော့ ကိုယ့်ဘာသာညှိတတ်ပါတယ်။ “
“ ဘာမဟုတ်တဲ့ ကိစ္စတွေမှာ အပင်ပန်းမခံစေချင်ပါဘူး။ မမကို ကျွန်တော်နဲ့ရှိတဲ့အချိန်တော့ သက်တောင့်သက်သာထားချင်တယ်။ “
မိုင်းစကားကြောင့် စန္ဒာ့ဆီကနေ ရယ်သံထွက်လာသလို သူ့ဆီမှ မျက်နှာပြန်လွှဲသွား၏။ မိုင်းအကြည့်က ကလပ်အဝင်ဝကို ရောက်သွားရင်းမှ ..
“ မမ.....အစ်ကို လာပါတယ်။ “
စန္ဒာ လှမ်းကြည့်လိုက်မိသည်။ အနက်ရောင် တီရှပ်လက်တိုကို ဝတ်ကာ ဘောင်းဘီအနက်ဖြင့် ရှေ့မှ ဦးဆောင်လာသော အမျိုးသားပုံစံက အရမ်းကို ကြည့်ကောင်းသည်။ အာ.....ကိုယ့် ယောကျာ်းပဲ။ ကျေနပ်စရာ ကောင်းလိုက်တဲ့ ဘဝ။
“ ဘယ်လိုလဲ....ကိုယ့်ယောကျာ်းကို ငေးလှချည်လား ။ ပြော...ကိုယ်က အဲ့လောက်တောင်ပဲ ချောလား။ “
ရာဇပလ္လင် စန္ဒာ့အနားဝင်ထိုင်လိုက်သလို ကိုယ်လေးကို စွေ့ခနဲ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ စီးကရက်ကိုဖွာကာ မီးခိုးငွေ့တွေကို သူ့မျက်နှာဆီ မှုတ်ထုတ်လိုက်သဖြင့် သူ အသဲယားသွားရသည်။
“ ရာဇပလ္လင်....”
“ အိမ်ခွဲနေချင်တယ်......အဲ့အိမ်မှာ မပျော်ဘူး။ “
ရာဇပလ္လင်မျက်နှာက ပျက်ယွင်းသွားရသလို အရက်နံ့ရနေတာမို့ သောက်ထားမှန်းလဲ သိလိုက်သည်။
“ ကိုယ် တောင်းပန်ပါတယ်....။ “
“ မတောင်းပန်နဲ့.......”
သူ့နှုတ်ခမ်းတွေကို ရှူးခနဲ ဖိပိတ်လိုက်ရင်းမှ သူ့ခါးကြီးကို ဖက်လာကာ ရင်ခွင်ထဲ မှီနွဲ့လာသည်။
“ ခင်ဗျားကို စန္ဒာ ကာကွယ်ပေးမှာ။ ခင်ဗျား လုပ်ချင်တာလုပ်......စန္ဒာ ခင်ဗျားနား အမြဲရှိနေပေးမယ်။ “
မိုင်း ဘေးမှ အသာရပ်ကာ ငေးကြည့်နေရင်း မျက်နှာလွှဲလိုက်မိသည်။
“ ကျွန်တော် ကားသွားပြင်ထားလိုက်ပါမယ်။ “
ဖိုက်တူး မိုင်းရှေ့ကနေ ပိတ်ရပ်လိုက်၏။
“ ငါ ကားပြင်ထားပြီးသားမို့ မင်း ဝင်ပါဖို့ မလိုဘူး။ “
မိုင်း မမကို တစ်ချက်လှမ်းကြည့်လိုက်မိသလို ထိုအကြည့်တွေကို ဖိုက်တူးက ရိပ်မိသည်။ ဒီအကြည့်တွေက ဖြူစင်နေတာမှ မဟုတ်တာ။
@@@@@@@@@@@@@@
တဝေါ့ဝေါ့ဖြင့် ဘေစင်မှာ ထိုးအန်နေသည့် လကလေးကို ကြည့်ရင်း ရာဇပလ္လင် ဘေးနားထိုင်ကာ ကျောကို နှိပ်ပေးလိုက် ဆံပင်တွေကိုင်ထားပေးလိုက်ဖြင့် သူလဲ မနားရပေ။ အိမ်ပြန်ရောက်တော့ တန်းမှောက်တာပင်။
“ လကလေးရယ်.....ဘယ်လောက်တောင် သောက်ထားရတာလဲကွာ။ ကိုယ်သာ စောစောပြန်မရောက်မိရင် ဒုက္ခပဲ။ “
“ အွန်းးးးးမူးရတဲ့အထဲ လာပြီး ပွစိပွစိနဲ့ နားညီးတယ်။ ပါးစပ်ပိတ်ထား။ “
ရာဇပလ္လင် ရှုတည်တည်ဖြစ်သွားရသည်။ သူ့ပဲ နိုင်နေသည်။ အရက်သောက်လို့ မူးတာကို မသိရင် သူလုပ်လို့ မူးသလို သူ့ပဲ ပြဿနာလှိမ့်ရှာနေ၏။
“ ယောကျာ်း.....”
“ ဗျာ....”
ကပျာကယာထူးလိုက်မိသလို သူ့အားအတင်းဖက်လာတော့ သူ ပြုံးမိသွားသည်။ ပွေ့ချီကာ အိပ်ယာထက်တင်ပေးရင်း မနည်းချော့မော့ကာ သိပ်လိုက်ရ၏။
ဖိုက်တူး အခန်းထဲမှ ထွက်လာသည့် ဂိုဏ်းချုပ်ကို မြင်တော့ အနားလျှောက်လာရင်းမှ......
“ ပြောစရာရှိပါတယ် ဂိုဏ်းချုပ်။ “
ရာဇပလ္လင် ဖိုက်တူးကို မေးဆတ်ပြလိုက်သည်။
“ မိုင်း....မမလေးရဲ့ သက်တော်စောင့်လေ။ ကြည့်ရတာ မမလေးကို စိတ်ဝင်စားနေတယ်ထင်တယ်။ စောင့်ကြည့်ထားတာကောင်းမယ်။  “
“ ငါ သိပါတယ်။ “
သူ့စကားကြောင့် ဖိုက်တူးပုံစံက တအံ့တဩ ဖြစ်သွားပုံရသည်။
“ သိနေတာလား...။ “
“ မသိစရာလား......ငါ မင်းဆရာပါ။ လကလေးက စိတ်မဝင်စားပါဘူး။ ပြီးတော့ သဝန်တိုတတ်တဲ့ ယောကျာ်းမျိုးမဟုတ်ဘူး ...အဲ့တော့ အေးဆေးပဲ။ အလကား လိုက်ပူမနေနဲ့ ။ “
ဖိုက်တူး ဂိုဏ်းချုပ်စကားကြောင့် စိတ်ထဲ အနည်းငယ်အေးသွားရသည်။ တော်ကြာ သူ မပြောဘူးဖြစ်ဦးမှာမို့ ပြောလိုက်ပေမယ့် ဂိုဏ်းချုပ်က အဲ့လောက်ကြီးသဘောထားမသေးတာ အဆင်ပြေသွားသည်။
စန္ဒာ တရေးနိုးလာပေမယ့် ရင်တွေပူနေတာမို့ အိပ်ယာဘေးမှ ရေဗူးကို ဆွဲယူကြည့်လိုက်သည်။ ရေက ကုန်နေတာမို့ ကျစ်ခနဲ စုပ်သပ်လိုက်မိရင်း ဘေးနားအိပ်နေသည့် သူ့ကို တစ်ချက်ကြည့်ကာ ခွထားသည့် ခြေထောက်ကြီးအား တွန်းဖယ်ရင်း အခန်းထဲမှ ထွက်လာခဲ့သည်။
အောက်ထပ်ဆင်းရန်ပြင်လိုက်စဥ် စန္ဒာ့အကြည့်က ဦး‌မောင်ကလေးအခန်းထဲမှ ထွကလာသည့် ရူ့ကီဆီရောက်သွား၏။ ဖျတ်ခနဲ ဒီဖက်လှည့်လာသည်မို့ ကပျာကယာပုန်းလိုက်ရင်း မျက်မှောင်လေးကျုံ့လိုက်မိသည်။ ဘာလဲ ဒီမြင်ကွင်းက။ ရူကီ အောက်ထပ်ဆင်းသွားမှ စန္ဒာ သက်ပြင်းမောတစ်ခု ချမိသွားသည်။ ဒီမသာမကတော့ အပိုင်ကို ကြံနေတော့တာပင်။
စန္ဒာ အောက်ထပ်ဆင်းလာခဲ့တော့ ထမင်းစားခန်းထဲ ဝင်လာသည့် မိုင်းကို မြင်လိုက်ရသဖြင့် တအံ့တဩဖြစ်သွားရ၏။
“ အိပ်မပျော်ဘူးလား မိုင်း။”
“ မမ သောက်ထားတော့ တရေးနိုးရင် ရေများဆာမလားလို့ လိုရမည်ရ စောင့်ပေးနေတာ။ “
စန္ဒာ ပြုံးလိုက်မိသလို မိုင်း၏ ခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။
“ လကလေး....”
အသံနဲ့အတူ ထမင်းစားခန်းထဲဝင်လာသည့် ရာဇပလ္လင်က မိုင်း နဲ့ ငွေစန္ဒာကြား ဝင်ရပ်လိုက်သည်။ မိုင်းကို ခပ်တည်တည်စိုက်ကြည့်ရင်းမှ...
“ မင်းက မအိပ်ပဲ ဘာလုပ်နေတာလဲ။ “
“ မမတရေးနိုးထလာရင် ဘယ်သူမှ မရှိမှာစိုးလို့ပါ။ “
ရာဇပလ္လင် မျက်နှာက တည်တင်းသွားရသလို လကလေးကို ကြည့်မိတော့လဲ ရေကို တဂွပ်ဂွပ်မော့သောက်နေသည်မို့ ရပ်သာစောင့်နေလိုက်သည်။ ရေ‌သောက်ပြီးသည်နှင့် လက်ကိုဆွဲကာ အိမ်ပေါ်ြပန်ခေါ်လာရင်း တဗျစ်တောက်တောက် ပြောရပြန်သည်။
“ ရေထသောက်ရင်လဲ ကိုယ့်လင်တစ်ယောက်လုံး ဘေးမှာ အိပ်နေတာကို မနှိုးဘူး။ “
“ သူများခေါင်းကို ဘာကိစ္စ သွားပုတ်နေရတာလဲ ။ မင်းမောင်အရင်း မဟုတ်ဘူးလေ ။ “
“ နောက် တရေးနိုးလဲ ကိုယ့်ကို ခေါ် ကြားလား။ “
စန္ဒာ စိတ်မရှည်တော့။ ခပ်တည်တည်ပြန်စိုက်ကြည့်လိုက်မိတော့မှ လူကို စပ်ဖြီးဖြီးရယ်ပြလာကာ ခါးကို အတင်းဖက်ရင်း ရင်ခွင်ထဲ ခေါင်းကြီးတိုးဝှေ့လာကာ...
“ ချစ်လို့ ပြောတာလေကွာ.....ချစ်လို့ ချစ်လို့။ “
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
Part – 14‌ မျှော်
Author - အနမ်းခြွေ

My Stranger Guy ( Complete) Where stories live. Discover now