My Stranger Guy
Part – 14
ရာဇပလ္လင် လကလေးဝတ်ရန် အဝတ်အစားထုတ်ပေးနေခြင်း ဖြစ်သလို ဒီနေ့ ပွဲတစ်ခု အတူတက်စရာရှိတာမို့ လကလေးကို အလုပ်မသွားခိုင်းတော့ပဲ သူပဲ တစ်ခါထဲ တန်းခေါ်သွားရန် တွေးထား၏။ အနက်ရောင်ဂါဝန်ရှည်ကိုမှ ပခုံးကြိုးလေးက ပန်းပွင့်လေးတွေဖြင့် စီထားသလို အောက်ကလဲ အရှည်ကြီးခွဲထားသေးသည်။ စိတ်ထဲ သဘောမတွေ့ဖြစ်သွားရပေမယ့် တားလဲ ရမှာက မဟုတ်။
“ ရာဇပလ္လင် ......ခုထိ ရှင် အောက်မဆင်းသေးပဲ ဘာလုပ်နေတာလဲ။ “
ရေချိုးခန်းထဲမှ တဘက်ကြီးရင်လျားကာ ထွက်လာသည့် လကလေးပုံစံက သူ့ကို စူးစမ်းသလို ကြည့်နေရင်းမှ သူ ထုတ်ထားပေးသည့် အဝတ်အစားတွေကို မြင်တော့ လှစ်ခနဲ ပြုံးသွားသည်။
“ ချစ်စရာကောင်းသားပဲ....လိမ္မာတယ် ။ အောက်ကပဲ စောင့်နေလိုက် ဆင်းလာခဲ့မယ်။ “
စန္ဒာ ပြောလဲပြော အိပ်ယာပေါ် သူ အသင့်တင်ပေးသွားသည့် အတွင်းခံကို ကောက်စွပ်လိုက်သလို ဘော်လီပါ တစ်ခါထဲ တန်းဝတ်လိုက်သည်။ စတော်ကင်ခြေအိတ်အမဲအရှည်ကို ပေါင်ထိဆွဲဝတ်လိုက်ရင်း သေနတ်ကို ပေါင်ရင်းမှာ အသာကောက်ပတ်၍ ချိတ်ထားလိုက်သည်။ အပေါ်မှ ဂါဝန်ကို ထပ်ဝတ်ချလိုက်သလို စန္ဒာ အကုန်လုံးပြီးစီးတော့ အောက်ထပ်ဆင်းလာခဲ့သည်။
လှေကားက နှစ်ဖက်လှေကားဖြစ်သလို အလယ်လောက်ရောက်မှ လှေကားတစ်ခုအဖြစ်ပေါင်းထားခြင်းပင်။ စန္ဒာလှေကားပေါ်မှ ဆင်းလာတော့ တစ်ဖက်လှေကားပေါ်မှ ဆင်းလာသည့် ရူကီ့ကို လှမ်းမြင်လိုက်သည်။ လက်ထဲတွင် အလှလက်ကိုင်အိတ်လေးကိုင်ကာ စန္ဒာ့ကို မျက်စချီပြီး ကြည့်လာပုံက တစ်စက်မှ အချိုးပြေမနေပေ။
လှေကားမှ ဆင်းလာရင်း အလယ်မှာ မျက်နှာချင်းဆိုင်ဆုံမိတော့ စန္ဒာ့ကို မျက်စလေးပင့်ပြရင်း...
“ ငါ နဲ့ ဒက်ဒီလဲ သွားမှာ။ အဲ့ကျမှ ဆုံမယ်လေ ။ “
“ ငါ့ကို သိသလို လာမနှုတ်ဆက်နဲ့။ ကျက်သရေတုံးတယ်။ “
ရူကီ စိတ်ထဲက ကြိတ်ပြုံးလိုက်မိသည်။ ဟုတ်တယ် ငွေစန္ဒာ ....နင် စိတ်ကြိုက် ဘဝင်မြင့်ထားလိုက်စမ်းပါ။ သိပ်မကြာခင်မှာပဲ ငါ့ကို တလေးတစား ဆက်ဆံလာရတော့မှာမို့။
“ ဘုတ်.......ဟယ် ပြုတ်ကျကုန်ပြီ။ “
အသံနဲ့အတူ ရူကီ့လက်ထဲမှ အလှကိုင်အိတ်လေးက စန္ဒာ့ရှေ့ပြုတ်ကျလာသလို စန္ဒာလဲ ကျော်သွားရမှာ အားနာတာမို့ စီးထားသည့် ဒေါက်အချွန်ဖြင့် ဖိနင်းပစ်လိုက်ရင်း ....
“ ဆောရီး.....အသစ်ဝယ်လိုက်။ “
ရူကီ ဒေါသထွက်သွားရသလို လက်ရွယ်ရန်ပြင်လိုက်ပေမယ့် ....
“ အဲ့ဒါ ဘာလုပ်တာလဲ။ “
အောက်ကနေ လှမ်းအော်လိုက်သည့် ရာဇပလ္လင်အသံကြောင့် အံကိုတင်းခနဲ ကြိတ်မိသွားသည်။ နေနှင့်ကြဦးပေါ့လေ။ စန္ဒာလဲ အနိုင်ရသူမို့ ခပ်ပြုံးပြုံးပင် လှေကားမှ ဆက်ဆင်းလာသလို ကားဆီလျှောက်လာခဲ့၏။
ပါတီပွဲလေးက စည်သလို အရင်ပါတီပွဲတွေထက်တော့ လူပိုစုံကာ ရှုပ်သည်ဟု ပြောရမည်ပင်။ လက်ထဲဝိုင်ခွက်လေးကို ကိုင်ထားရင်းမှ စန္ဒာ သူ့နားပဲ ကပ်နေမိသလို ဒီနေ့ အရမ်းကိုမှ ကြည့်လို့ကောင်းနေသည့် သူ့ပုံစံကြောင့် မကျေမနပ်ဖြစ်နေတာလဲ ပါသည်။ မိန်းကလေးတွေ အကြည့်က သူ့ဆီမှာပဲ မဟုတ်လား။ စိတ်တိုစရာ ကောင်းလိုက်တာ။ တန်းစီ ပါးရိုက်ပစ်ရ လူဆိုးမဖြစ်တော့မှာပဲ။
“ ဟိုလေ...ဒီက အစ်ကို ..”
အသံကြောင့် ရာဇပလ္လင် လှည့်ကြည့်မိတော့ ဂျပန်မလေးတစ်ယောက်ပင်။ သူ့ကို ကြည့်ရင်းမှ ကပွဲဖက် လက်ညိုးထိုးပြကာ...
“ တွဲကလို့ ရမလားရှင်။”
ရာဇပလ္လင် မရဘူးဟု ပြောမည်ပြင်လိုက်ပေမယ့် သူ့ဘေးရှိနေသည့် လကလေးဆီမှ အသံက ဦးစွာ ထွက်လာသည်။
“ တွဲကလို့ရတယ်....ဒါပေမယ့် မနက်ဖန်နေထွက်တာကို နင် မြင်ရတော့မှာ မဟုတ်ဘူး။ “
“ ရှင်.....”
“ သူ့မိန်းမ သတ်မှာ နင့်ကို .....ပြီးတော့ သူ့မိန်းမကလဲ ငါပဲ. ...က မလား။ “
ခပ်အေးအေးစိုက်ကြည့်ကာ တစ်လုံးချင်းအံကြိတ်ပြီးပြောလာသည့်ပုံက ကောင်မလေး မပြောနှင့် အနားရပ်နေသည့် ဖိုက်တူးပင် ကျောချမ်းသွားရသည်။ ကောင်မလေးလဲ ခေါင်းတခါခါဖြင့် လှည့်ပြန်ပြေးသွားသလို ရာဇပလ္လင်က သဘောအကျကြီးကျနေသေးသည်။
“ မင်း ကိုယ့်ကို သဝန်တိုနေတာလား လကလေး။ “
စန္ဒာ သူ့မျက်နှာကို ပြုံးကာ စိုက်ကြည့်လိုက်မိ၏။
“ အင်း...လူကြားထဲဆိုတော့ သဝန်တိုတာပေါ့။ အိမ်ရောက်ရင်တော့ ရှင် အရိုက်ခံရပြီပဲ ရာဇပလ္လင်။ “
ရာဇပလ္လင်မျက်နှာက ပြုံးရွှင်နေရာမှ ချက်ချင်းမျက်နှာလေးငယ်သွားရသည်။ လကလေးက သူ့ကို ခပ်တည်တည်စိုက်ကြည့်ရင်းမှ ဘားကောင်တာဆီလျှောက်သွားသလို အနောက်မှ မိုင်းလဲ ခပ်သုတ်သုတ်ပါသွားသည်။
“ ယောက်ဖ.....”
အသံနဲ့အတူ ပခုံးပေါ် လက်ရောက်လာသည်မို့ သူ လှည့်ကြည့်မိတော့ Light နှင့် ပန်းကတ္တီပါ။ လင်းရောင်ပုံက သူ့ကို လှောင်သလို ခပ်ပြုံးပြုံးကြည့်လာရင်း....
“ မင်း အဆင်ပြေရဲ့လား ။ “
ရာဇပလ္လင် မျက်မှောင်ကျုံ့မိသွား၏။
“ ဘာကိုလဲ။ “
“ မင်း အကြမ်းဖက်ခံနေရတာ မဟုတ်လား။ ငါ ဟိုးမှာထဲက လှမ်းကြည့်နေတာ။ ဘာလဲ....ငါ့အစ်မက မင်းကို ခြိမ်းခြောက်နေတာ မဟုတ်လား။ “
“ အာ.....မဟုတ်ပါဘူး။ “
လင်းရောင် ယောက်ဖဖြစ်သူကို ကြည့်ကာ မသိဟန်ဆောင်၍ ပြုံးလိုက်မိသည်။ လာလိမ်နေသေးသည်။ ဒင်းနဲ့မညားခင်က ကိုယ့်အစ်မအရင်ဖြစ်ခဲ့တာပါ။ အတွေးပင်မဆုံးလိုက်ပဲ ဇက်ပိုးက ပူတက်သွား၏။
“ ဖောင်းးးး”
“ အာ့....ဘယ်ကောင်.....”
ငွေစန္ဒာ့ကို မြင်တော့ လင်းရောင် ပါးစပ်ပိတ်သွား၏။
“ နင်က ဒီကို ဘာလာလုပ်တာလဲ။ “
အစ်မဖြစ်သူ အမေးကြောင့် သူ ဟားခနဲ ရယ်လိုက်မိရင်းမှ...
“ ငါ့ဘာသာ ဘာလာလုပ်လုပ်ပေါ့။ နင်တို့ လင်မယားက တကယ်ထူးဆန်းတာပဲ။ လင်ရောမယားရော တစ်လောကလုံး သူတို့လုပ်စာထိုင်စားနေရတဲ့ရုပ်နဲ့။ အားးးမြင်တာနဲ့အသက်တိုတယ်။ “
ပြောပြောဆိုဆိုပင် စန္ဒာ့လက်ထဲ ယူလာသည့် ဝီစကီခွက်ကို ဆွဲယူကာ မော့သောက်ရန်ပြင်နေတာမို့....
“ လျော့သွားလို့ကတော့ ဝီစကီအစား နင့်နှာခေါင်းသွေးနဲ့ရောသောက်ပစ်မှာနော် လင်းရောင်ခြည်။ ငါ့ခွက်ကို ပြန်ချထားလိုက်။ “
လင်းရောင်ခြည်မျက်နှာက ရှုံ့မဲ့သွားရသလို ယောက်ဖဖြစ်သူကို ငဲ့ကြည့်မိသည်။ မသိဟန်ဆောင်နေတာမို့ စိတ်ထဲက မေတ္တာကျိတ်ပို့လိုက်ရင်း ဒီ့ထက်ပိုပြီး မယားကြောက်ရပါစေဟု ကျိန်ဆဲလိုက်မိသည်။
“ အိမ်သာခဏသွားလိုက်ဦးမယ်။ “
စန္ဒာက သောက်လက်စခွက်ကို ခဏချထားခဲ့ရင်း Toilet ဘက် ထွက်သွားသလို ရာဇပလ္လင် ယောက်ဖဖြစ်သူဆီ ငဲ့ကြည့်လာသည်။
“ မင်း ဒီကို ဘာကိစ္စလဲ။ “
“ အလုပ်နဲ့။ “
“ ညိရင် ယောက်ဖလဲ မရှောင်ဘူးနော်။ “
ရာဇပလ္လင်စကားကြောင့် လင်းရောင်ခြည်က မခိုးမခန့် ရယ်လာသည်။ ပခုံးနှစ်ဖက်ကို ဟန်ပါပါတွန့်ပြလိုက်ရင်းမှ...
“ ငါလဲ မရှောင်ပါဘူး။ မင်း ဦး မင်းသတ်...ငါဦး ငါသတ်ပေါ့။ “
စန္ဒာ အိမ်သာထဲမှ ထွက်လာကာ ဘေစင်ဆီလျှောက်လာရင်းမှ မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ်ကြည့်ကာ သေသေသပ်သပ်ဖြစ်အောင် ပြင်ဆင်နေလိုက်သည်။ ဖျတ်ခနဲ မြင်ကွင်းက အမှောင်အတိကျသွားသလို ဘာမှ မမြင်ရတော့တာမို့ စန္ဒာ အလန့်တကြားဖြစ်သွားရသည်။ မီးပျက်သွားတာလား။ မဟုတ်ဘူး....မဖြစ်နိုင်တာ အမှောင်ထုက နက်လွန်းသည်။
“ မိုင်း....မိုင်းးးး”
မိုင်း မမဆီမှ အလန့်တကြားအသံကို ကြားလိုက်ရသဖြင့် သန့်စင်ခန်းထဲ ကပျာကယာ ပြေးဝင်လာခဲ့သည်။ ဘေစင်ရှေ့ရပ်ကာ တောင့်တောင့်ကြီးရပ်လျက် မျက်နှာက ဖြူဆုပ်နေသည်။
“ မမ.....မမ ဘာဖြစ်တာလဲ။ “
စန္ဒာ ပြန်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဟင်းခနဲ သက်ပြင်းချမိသလို လူက ကြောက်လန့်တကြားခွေကျသွား၏။ မိုင်း ကပျာကယာ မမကိုယ်လေးကို ဖမ်းပွေ့လိုက်သလို အသာထိန်းထားပေးရင်းမှ...
“ အဆင်ပြေရဲ့လား။ “
“ အင်း...”
ရာဇပလ္လင် မလှမ်းမကမ်းမှ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသလို ဖိုက်တူးဆီ ဒေါသတကြီး ကြည့်လိုက်မိ၏။
“ မင်း ဘာလုပ်နေလဲ။ “
ရာဇပလ္လင် မိုင်း လက်ထဲမှ စန္ဒာ့ကိုယ်လေးကို ဆွဲယူကာ ပွေ့ချီရန် ပြင်လိုက်ပေမယ့်....
“ ရတယ်....အဆင်ပြေတယ်။ “
“ ကိုယ် မပြေဘူး။ ဘာဖြစ်တာလဲ။ “
စန္ဒာ သက်ပြင်းချလိုက်မိသလို ပွေ့ချီခံလိုက်ရသည်မို့ သူ့လည်တိုင်ကြီးကို သိုင်းဖက်ရင်း ရင်အုပ်ကျယ်ကြီးထဲ မျက်နှာလေးအပ်ထားမိသည်။
“ ကိုယ်တို့ ပြန်ကြရအောင်။ “
@@@@@@@@@@@@@
ဖိုက်တူးကားကို မောင်းလာရင်းမှ နောက်ခန်းရှိ ဂိုဏ်းချုပ် နှင့် မမလေးကို နောက်ကြည့်မှန်မှတဆင့် ငဲ့ကြည့်လိုက်မိသည်။ ဂိုဏ်းချုပ်က မမလေးအား စောင့်ကြည့်ဖို့ သူ့ကို မှာထားပေမယ့် သူ သတိတစ်ချက်လွတ်သွားသည်အား စိတ်တိုနေပုံရသည်။
“ မင်း အပြစ် မင်းသိတယ် မဟုတ်လား ဖိုက်တူး။ “
“ တောင်းပန်ပါတယ် ဂိုဏ်းချုပ်။ “
“ စန္ဒာ ရပါတယ်။ သွေားအားနည်းနေတယ် ထင်တာပဲ။ “
“ စံအိမ်ရောက်ရင် ဆရာဝန်နဲ့ပြမှ ရမယ်။ ခု ခဏနားနေလိုက်။ “
ရာဇပလ္လင် လကလေးကို ရင်ခွင်ထဲ အသာဖက်ထားလိုက်ရင်းမှ နဖူးကို ဖွဖွ ဖိနမ်းလိုက်မိသည်။
“ ကျွီ......ဒုန်း “
ဖိုက်တူး ကားရှေ့ပိတ်ရပ်လိုက်သည့် ကားနှစ်စီး ကြောင့် ကားကို နောက်ဆုတ်ရန်ပြင်လိုက်တော့ နောက်ကားတစ်စီးက နောက်မှာ ကန့်လန့်ဖြတ် ပိတ်ထားသည်။ ကားရှေ့မှ ပုဆိန်ကိုယ်စီကိုင်ပြီး ဆင်းလာသည့် လူတွေကို မြင်လိုက်ရတာမို့ ဖိုက်တူး ကားပေါ်က ဆင်းလိုက်သည်။ ကားနောက်ခန်းတံခါးကို ဖွင့်ပေးလိုက်တော့ ရာဇပလ္လင်ဆင်းလာသလို ကားရှေ့လျှောက်လာရင်းမှ....
“ ဘာလဲ မင်းတို့တွေက....”
“ ဂျန်ဖု လွှတ်လိုက်တာ။ မင်းကို သတ်နိုင်ရင် ဆုကြေးမက်လောက်အောင် ပေးမှာ။ “
ရာဇပလ္လင် ကျစ်ခနဲ စုပ်သပ်မိသွားသည်။ အကုန်ပြေးဝင်လာကြသလို ဖိုက်တူးက နောက်ကျောမှ ပုဆိန်ကို ဆွဲယူပြီး အရင်ဝင်လာသည့် လူ၏ ကန်ချက်ကိုရှောင်ကာ ခြေထောက်ကို ဆောင့်ဆွဲ၍ ဒူးဆစ်ကနေ ခုတ်ဖြတ်ချလိုက်သည်။ ရာဇပလ္လင် ဘေးဘယ်ညာမှ ဝင်လာသည့် လူတွေကြောင့် ပုဆိန်ကို ဆွဲထုတ်လိုက်သည်။
ဦးဆုံးပြေးဝင်လာသည့်နှစ်ယောက်အား မျက်နှာကို ဆီးခုတ်ပစ်သလို ဝင်လာသည့်ကောင် ခုတ်သည်။ နောက်ကနေ ဖမ်းချုပ်လာတော့ ခါးကိုကိုင်းချကာ ကိုင်ပေါက်ပစ်ရင်း မြေပေါ်ကျသွားသည်ကို ခွစီး၍ တစွပ်စွပ်ကို ခုတ်ပစ်တာမို့ သူ့မျက်နှာမှာ သွေးတွေက စင်ထားတာ ပေလူးနေသည်။ သုံးလေးယောက် ဝိုင်းချုပ်လိုက်သည်မို့ အနားကပ်လာသည့်မျက်နှာအား ခေါင်းကိုစောင်းကာ နားရွက်ကိုမိမိရရ ကိုက်ဖြတ်ပစ်၏။ ထိုစဥ် သူ့ဆီ ရှေ့မှ ပြေးလာသည့် ဓားမကိုင်ထားသော သူတောင်းစားတစ်ယောက်။
ဖျတ်ခနဲ ဝင်လာသည့် ဓားသွားကို မြင်လိုက်သလို ဓားမတိုက သူ့မျက်နှာတည့်တည့်ပြေးဝင်လာ၏။ ရိပ်ခနဲ ဘယ်ကနေဝင်လာမှန်းမသိသည့် လကလေးကို မြင်လိုက်ရသလို ထိုလူ့လက်ကို ဖျတ်ကန်ချလိုက်တာမို့ ဓားမက လွင့်ကျသွားသည်။
“ ဒီကောင်မတော့....”
စန္ဒာ့ဆီကို ထိုလူက ဒေါသတကြီး ရှေ့တိုးလာရင်း လက်သီးဖြင့် ထိုးလိုက်တာမို့ ခေါင်းကိုမော့ချလိုက်တော့ လက်သီးအရှိန်က မျက်နှာပေါ်ကနေ ဝှစ်ခနဲ ဖြတ်သွားသည်။ ခြေထောက်ဖြင့် ဆတ်ခနဲ ကန်လာသည်ကို လက်ဖြင့် လှမ်းကာလိုက်နိုင်ပေမယ့် လက်တစ်ဖက်က လည်ပင်းကို ဆွဲချုပ်ကာ လူကို ကိုင်ပေါက်ရန် ဆွဲမလိုက်သည်မို့ ဒူးဆစ်နှစ်ဖက်အား စုံကန်ထုတ်ပစ်လိုက်သည်။
သူရောကိုယ်ပါ လွင့်ကျသွားသလို အမြန်အလူးအလဲ ပြန်ထလိုက်ပေမယ့် ဝင်လာသည့် လက်သီးကို မြင်လိုက်ရတာမို့ ပေါင်ကြားမှ ဓားမြှောင်ကို ဆွဲထုတ်ကာ လက်ကောက်ဝတ်နေရာကို ဆွဲဖြတ်ပစ်လိုက်သည်။
“ စောက်ကောင်မ....”
ဖြောင်းခနဲ ဖြတ်ရိုက်ခံလိုက်ရသလို ထိုလူ့လက်မှ သွေးတွေကြောင့် ပါးတစ်ဖက်က သွေးတွေပါ ပေလူးသွား၏။ နီးကပ်လွန်းသည့် အနေအထားမို့ ဘယ်ဖက်လက်မောင်း တံတောင်ဆစ်အနားကို ဓားဖြင့်ဆွဲဖြတ်ချလိုက်သည့် အခါ အားခနဲ အသံနဲ့အတူ ထိုလူပါ နောက်သို့ယိုင်ကျသွားသည်။ သွေးတွေက ဒလဟောစီးကျလာသည်မို့ စန္ဒာ ဟက်ခနဲ မခိုးမခန့် ရယ်လိုက်မိသည်။ မိနစ်ပိုင်းအတွင်းကို သွေး သုံးဆယ်လီတာလောက် ဆုံးရှုံးမှာမို့ မသေပဲမနေပါ။
စွပ်ခနဲ အသံနဲ့အတူ ထိုလူ့ကုပ်ပိုးအား ပိုင်းချလိုက်သည့် ရာဇပလ္လင်။ စန္ဒာ့ဆီ လျှောက်လာကာ ဆွဲထူလိုက်သလို ဘေးဘီတစ်ချက်ကြည့်ရင်းမှ ရောက်လာသည့် မိုင်းတို့ကို မြင်တော့ လှမ်းဆဲ၏။
“ ငါ -ိုးမသားတွေ......လိမို့ ကြာနေရတာလား။ “
မိုင်းက လက်ထဲမှ ဓားမကိုကိုင်ကာ သူ့လူတွေနှင့်အတူ ပြေးဝင်လာ၏။ လူအတော်များသလို တကယ်ကြီးကို အသေလုပ်ကြံတာမို့ သူ စိတ်အတော်တိုနေပြီဖြစ်သည်။ လကလေးပါ နည်းနည်းထိခိုက်သွားတာမို့ ပိုဒေါသထွက်သလို နဂိုထဲကမှ နေမကောင်းဖြစ်နေသည့် အချိန်မို့ ပိုဆိုးသည်။
@@@@@@@@@@@@
အိမ်ပြန်ရောက်လာထဲက အိပ်မောကျနေသည့် လကလေးမှာ အတော်ပင်ပန်းသွားပုံရဿည်။ ခုထက်ထိကို မနိုးတာမို့ သူ ဘေးမှာထိုင်စောင့်ပေးနေရင်း ဓာတ်ပုံတွေအား တစ်ပုံချင်းစီ ကြည့်နေမိသည်။ ဒက်ဒီ နဲ့ ရူကီ။ တကယ်ပဲ ငြိနေကြပြီပဲ။ ဒက်ဒီ သူ့ကို သိပ်လျှော့တွက်လွန်းနေတာ မဟုတ်ဘူးလား။ သူက တကယ်ပဲ လွှတ်ထားမယ် ထင်နေတာလား။
“ အင်း....အင့်..”
ညီးသံလေးနဲ့အတူ ကိုယ်လေးလူးလွန့်လာသည့် လကလေးကြောင့် သူ အနားရောက်သွားသည်။ ကိုယ်လေးကို ကိုင်းချကာ နဖူးကို နမ်းလိုက်တော့ ဖျတ်ခနဲ မျက်နှာလေးက ပျက်သွား၏။
“ လကလေး....”
“ ဟင့်....ရာဇပလ္လင် ရှင်လား။ “
ဘာလဲဟ။
အတွေးနဲ့အတူ သူ မျက်မှောင်ကျုံ့မိသွားသလို သူ မဟုတ်လို့ ဘယ်သူဖြစ်ရဦးမည်လဲ ။
“ အဟင့်.....ဟင့်.....”
ရုတ်တရတ် ထငိုလိုက်တာမို့ သူ ကြောင်သွားရသလို သူ့ကို အတင်းဆွဲဖက်လိုက်သည့် လကလေးကြောင့် ပြန်ဖက်ထားပေးလိုက်ရင်း....
“ ကိုယ် ရှိပါတယ် လကလေးရဲ့။ အဟွန်းးးမင်းယောကျာ်း ဘယ်မှ မသွားပါဘူး။ “
“ လန့်သွားတာ။ “
သူ ထိခိုက်သွားမှာကို သူမက အခုထိ စိုးရိမ်နေသေးပုံရသည်။
“ ကိုယ် မင်းကို ထားသွားမယ် ထင်လို့လား။ စိတ်မပူနဲ့။ မင်းသာ ကိုယ့်ကို ထားခဲ့ချင် ထားခဲ့မယ်။ ကိုယ်ကတော့ မင်းကို ဘယ်တော့မှ ထားသွားမှာ မဟုတ်လို့။ “
စန္ဒာ ပြုံးမိသွားသလို သူ့မေးဖျားကို လှမ်းနမ်းလိုက်သည်။ ခေါင်းထဲမူးနေသေးတာမို့ ..
“ သံပုရာရည်သောက်ချင်တယ်။ သူများ မဖျော်ခိုင်းနဲ့။ “
ရာဇပလ္လင် ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်ရင်းမှ အိပ်ယာပေါ်မှဆင်းကာ အခန်းထဲမှ ထွက်လာခဲ့သည်။ စန္ဒာ ထွက်သွားသည့် သူ့ကို ငေးကြည့်ရင်းမှ ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။ ဒီရက်ပိုင်း ဘာဖြစ်နေမှန်းမသိ။ အိပ်ရင်းနိုးလာပေမယ့် အမှောင်ထုကြီးဖြစ်နေကာ ဘာမှမမြင်ရတာမို့ လူကထူပူသွားကာ ထိတ်လန့်နေစဥ် သူကလာနမ်းတော့မှ သတိဝင်သည်။ ဘယ်သူလဲ မမြင်ရတာမို့ ပိုကြောက်နေပေမယ့် သူ့အသံကြားမှ စိတ်ထဲသက်သာရာရသွားသလို တဖြည်းဖြည်း ခပ်မှုံမှုံလေး ပြန်မြင်လာရကာ အခုမှ မြင်ကွင်းကို သေချာမြင်ရသည်။
ဒေါက်......ဒေါက်.....ဒေါက်
အခန်းတံခါးခေါက်သံနဲ့အတူ ကြည့်လိုက်မိတော့ အိမ်အကူတစ်ယောက်ပင်။
“ မမလေး......အမတ်မင်း ခေါ်နေပါတယ်။ ခုချက်ချင်း လာခဲ့ပါတဲ့။ “
စန္ဒာ သက်ပြင်းချလိုက်ရင်းမှ နောက်ကနေ လိုက်လာခဲ့သလို စာကြည့်ခန်းထဲ လိုက်ဝင်လာခဲ့သည်။ ရူကီပါရှိနေသလို စန္ဒာ ဦးမောင်ကလေးကို တစ်ချက်ကြည့်လိုက်ရင်းမှ....
“ စန္ဒာ ရောက်ပါပြီ။”
ဦးမောင်ကလေးက စန္ဒာ့ကို ခပ်တည်တည်စိုက်ကြည့်နေတာမို့ အနည်းငယ် ထူးဆန်းသလို ခံစားမိသည်။ အနားလျှောက်လာသည်မို့ ငေးကြည့်နေစဥ်မှာပင် ဖြောင်းခနဲ မြည်သံနဲ့အတူ ပါးတစ်ဖက်က ပူထူကာ မျက်နှာပါ လည်ထွက်သွားသည်။ ဒေါသတကြီးပြန်ကြည့်လိုက်သလို အကျင့်ပါနေသည့် လက်က မနည်းလက်သီးကို ဆုပ်ထားရသည်။
“ မင်း မောင် ဘာလုပ်ခဲ့လဲ သိလား။ “
“ .......”
“ ငါ့ ပြိုင်ဖက် အတိုက်အခံပါတီကို ထောက်ပံ့ပေးနေတာ။ ငွေစန္ဒာ .....နင့် မောင် ဘာအချိုးချိုးတာလဲ ။ ငါ ပြောထားမယ်။ အဲ့ကိစ္စကနေ နင့်မောင်ကို နှုတ်ထွက်ခိုင်းပါ။ မဟုတ်ရင် အကုန်ဒုက္ခများကုန်မယ်ဆိုတာ ခေါင်းထဲ တွေးထား။ သွားလို့ရပြီ။ “
စန္ဒာအခန်းထဲမှ ထွက်လာခဲ့သလို ဒေါသထွက်လွန်းတာမို့ အသားတွေပင် တဆတ်ဆတ်တုန်နေ၏။ အခန်းဆီပြန်လာပေမယ့် မျက်ဝန်းထဲ မျက်ရည်တွေက လျှံလျှံတက်လာသဖြင့် အံကိုတင်းထားလိုက်သည်။ စိတ်လိုက်မာန်ပါလုပ်လို့ မရတာ သိနေသည်။
“ လကလေး.....သံပုရာရည်ဖျော်ခိုင်းပြီး ဘယ်ရောက်သွားတာလဲ။ “
ရာဇပလ္လင် စားပွဲပေါ်တင်ထားသည့် သံပုရာရည်ခွက်ကို ပြန်ယူလိုက်ကာ လကလေးဆီ လှမ်းလာခဲ့လိုက်သည်။ သူ့ကို စူးခနဲ ပြန်ကြည့်လာရင်းမှ ....
“ မသောက်တော့ဘူး အပြင်သွားစရာရှိတယ်။ “
“ ဟ....လကလေး...မင်း နေမကောင်းဘူးလေ။ သွားလို့မရဘူး။ “
သူ့စကားကို ဂရုပင်မစိုက်ပဲ ဗီရိုထဲမှ ကုတ်အင်္ကျီကို ဆွဲယူဝတ်နေတာမို့ လှမ်းဆွဲလိုက်တော့ ဆောင့်ရုန်းလိုက်ရုံမက သူ့ကို ပါ တွန်းထုတ်လိုက်တာမို့ လက်ထဲကိုင်ထားသည့် သံပုရာရည်ခွက်ပါ လွတ်ကျသွားရရင်း ခွမ်းခနဲ ကျကွဲသံက ထွက်လာသည်။
“ လကလေး.....မင်း ဘယ်လိုလုပ်လိုက်တာလဲ။ “
“ မြင်တဲ့အတိုင်းပဲ။ “
“ ကျစ်.....”
အခန်းထဲမှ ထွက်သွားတာမို့ သူနောက်ကနေ ကပျာကယာ လိုက်ဆွဲရပြန်သည်။ နေမကောင်းသည့်ဟာ ဘာကိစ္စ အပြင်သွားမှာတုန်း။ သူ့ ပြောစကားဆို ဘာလို့ လုံးဝ နားမထောင်ရတာလဲ။
“ လကလေး.....ကိုယ် ပြောနေတယ်လေ။ မသွားနဲ့လို့။ လကလေး....မင်း “
ကားအနားပင် ရောက်လာသည်မို့ သူ ကားမောင်းသူနေရာဝင်ထိုင်လိုက်သည့် မိုင်းကို တစ်ချက်ကြည့်ရင်း လက်ကာပြလိုက်သည်။
“ မိုင်း.....နင် ဘယ်သူ့စကားနားထောင်မှာလဲ သေချာရွေးစမ်း။ “
မိုင်း နှစ်ယောက်သား အခြေအနေကို ကြည့်ရင်းမှ ကားမောင်းသူနေရာတွင်ပဲ ဝင်ထိုင်လိုက်၏။ သူ မောင်းမပို့လျှင်လဲ မမစိတ်နဲ့ ကိုယ်တိုင်မောင်းမှာပင်။ ထိုအခါမှ ဘယ်သူမှ မပါပဲ ပိုစိုးရိမ်ရသည်။
“ လကလေး မင်းကို ငါ မသွားနဲ့လို့ ပြောနေတယ်နော်။ သွားရဲသွားကြည့်လိုက်။ “
သူ့စကားကြောင့် သူမက သူ့ကို စူးစိုက်ပြန်ကြည့်လာသည်။
“ စိန်ခေါ်တာလား။ “
“ ......”
“ မေးနေတယ်လေ ရာဇပလ္လင် .....ကျွန်မကို ရှင် အခု စိန်ခေါ်တာလား။ “
ပြန်မဖြေပဲ အာစေးမိနေသည့် သူ့ပါးစပ်ကို သူအားမရလိုက်သည့် ဖြစ်ခြင်း။ သူ့ကို ခပ်ထေ့ထေ့စိုက်ကြည့်၍ ကားပေါ်တက်ရန်ပြင်လိုက်သည်မို့ ကပျာကယာ ထပြောပစ်လိုက်သည်။
“ ကိုယ် မင်းကို တောင်းပန်နေတာပါ။ “
တစ်ချက်ငြိမ်ကျသွားပေမယ့် ကားပေါ်တက်သွားတာ မျက်စိရှေ့တင်ပင်။ ကားက ခြံထဲမောင်းထွက်သွားသလို သူ ခါးကြီးထောက်၍သာ သက်ပြင်းချရင်း ကျန်ခဲ့ရသည်။ သူ့နားရောက်လာသည့် ဖိုက်တူးအား တစ်ချက်ကြည့်ရင်းမှ....
“ နောက်က လိုက်သွား။ မသိသာစေနဲ့။ “
သူ့ အမိန့်ပေးသံအဆုံး ဖိုက်တူးက ဆိုင်ကယ်ပေါ်တက်ကာ ဝူးခနဲ မောင်းထွက်သွားသလို သူလဲ အိမ်ထဲသာ ပြန်ဝင်လာခဲ့သည်။ ဘာလို့များ အားနေ ဒေါသထွက်နေရသလဲ မသိ။ သိပ်နိုင်စားသည့်မိန်းမ။ ချစ်တယ်ဆိုတိုင်း ရောင့်တက်နေသည်။
ကြည့်နေ.....တွေ့ဦးမှာပါ.။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
Part – 15 မျှော်
Author - အနမ်းခြွေ
YOU ARE READING
My Stranger Guy ( Complete)
Romanceငွေစန္ဒာဆိုတဲ့ မာနခပ်ကြီးကြီး ခပ်ချေချေမိန်းမ တစ်ယောက်က ရာဇပလ္လင်ဆိုတဲ့ မာဖီးယားတစ်ယောက်နဲ့ မတော်တဆမှားယွင်းမိခဲ့တယ်။ မာဖီးယားကြီးက ခြွေချပေမယ့် မကြွေကျတဲ့ ဒီအရွတ်တုံးလေးက မာဖီးယားကြီးကို Possisive ဆန်ဆန် ဘယ်လိုတွေ အုပ်စိုးမလဲဆိုတာ ဖတ်ရမှာပါ။