My Stranger Guy
အပိုင်း ( ၁၀ )ဖူးကြွနေအောင် ပြင်ထားသည့် မျက်နှာလေးကို မှန်ထဲတွင် ငေးစိုက်ကြည့်ရင်းမှ စန္ဒာ သက်ပြင်းလေးချမိသည်။ မင်္ဂလာအချိန်က နီးပြီမို့ သူ့ကို စောင့်နေမိသလို ရောက်အောင်လာမယ်လို့လဲ ယုံသည်။ စိတ်ထဲလဲ အနည်းငယ်ပူနေမိသလို ပထမဆုံးအကြိမ် ကိုယ်စိန်ခေါ်မိခဲ့တာကို နောင်တရလာသည်။ သူ တကယ်ပဲ ရောက်လာပါ့မလား။
“ မမ.....”
အနားရောက်လာသည့် ပန်းကလေးကို ကြည့်ပြီး စန္ဒာ အပူရုပ်ကို ဟန်လုပ်ပြုံးပြလိုက်မိသည်။ ပန်းကတ္တီပါက ငွေစန္ဒာ၏ ပခုံးကို အသာဖိကိုင်လိုက်ရင်းမှ ....
“ အောက်မှာ ရာဇပလ္လင်ရောက်နေပြီ မမ။”
စန္ဒာ မျက်လုံးလေး ဝိုင်းစက်သွားရသည်။ ဒီလောက် မြန်မြန်နဲ့ လွယ်လွယ်ကူကူ ရောက်လာသည်တဲ့လား။ မယုံနိုင်တာမို့....
“ ဟုတ်ရဲ့လား....”
“ ကိုယ့်ကို မင်း ယုံလို့ ထားပစ်ခဲ့တာ မဟုတ်ဘူးလား လကလေး။”
ဟင်။
အသံနဲ့အတူ အခန်းထဲသို့ သတို့သားဝတ်စုံ အကျအနဝတ်ပြီး ဝင်လာသည့် ရာဇပလ္လင်။ စန္ဒာ မတ်တတ်ထရပ်လိုက်မိသလို နှုတ်ခမ်းလေး မသိမသာ စူသွားရသည်။
“ ဘယ်ထဲက ရောက်တာလဲ။ “
“ မနက်အစောကြီးထဲကပဲ....ခင်ဗျားလေးက နောက်ကျရင် အခြားတစ်ယောက်က သတို့သားဖြစ်သွားမယ်ဆိုတော့ ကျွန်တော်က မနေနိုင်ဘူးလေ။ “
ပန်း ပြုံးလိုက်မိသလို မမ နဲ့ ရာဇပလ္လင်ကို တစ်ချက်ကြည့်ရင်း အခန်းထဲမှ ထွက်လာခဲ့သည်။ အခန်းတစ်ခုထဲကနေ ထွက်လာသည့် ကိုကို နှင့် အန်ကယ့်ကို တွေ့လိုက်ရသလို နှစ်ယောက်သား သွေးတွေနဲ့မို့ အလန့်တကြားဖြစ်သွားရသည်။
“ ကိုကို့....ဘာတွေဖြစ်နေတာလဲ။”
“ မောင်ရေ.....မောင့် ...”
ဘီးကျဲ လှေကားမှတက်လာသည့် ကူးအသံလေးကြောင့် ကပျာကယာ အနီးမှ အင်္ကျီတစ်ထည်ဆွဲယူကာ အပေါ်ကနေ ထပ်ဝတ်လိုက်သည်။ ကူးက သူ့ကို မြင်တော့ မျက်မှောင်လေး ကျုံ့သွားရင်း.....
“ ဒီမှာ ရှိနေတာကို ဘာလို့ ပြန်မထူးတာလဲ။ “
“ စကားပြောနေလို့ပါ မောင့်ကူးရယ်။ မောင် ဘာမှ မလုပ်ပါဘူး။”
ကူး သူ့ကို ကြည့်ရင်းမှ ခါးလေးနှစ်ဖက်ထောက်လိုက်မိသည်။ မလုပ်ပါဘူးဟု ငြင်းပြီဆိုလျှင် တစ်ခုခုလုပ်ထားပြီဆိုတာ ကူး ကျိန်းသေသိသည်။ ကိုယ့်လင်အကြောင်း ကိုယ်သာ အသိဆုံး မဟုတ်လား။
“ ခုချိန် ပြောရင် ခွင့်လွှတ်ပေးမယ်။ “
ဘီးကျဲ တံတွေးကို ဂလုခနဲ မျိုချမိသည်။ လင်းရောင်ခြည်က ဖအေဖြစ်သူ ပြောလိုက်မှာကို စိုးရိမ်တာမို့.....
“ အမေ့..မင်္ဂလာပွဲ...”
“ မောင်.....ကူး မေးနေတယ်လေ။ “
ဘီးကျဲ သက်ပြင်းချလိုက်ရင်းမှ အပေါ်ကနေ ထပ်ဝတ်ထားသည့် အင်္ကျီကို ဆွဲချွတ်လိုက်သည်။ သွေးတွေကို မြင်တော့ ကူးက ကျစ်ခနဲ စုပ်သပ်ရင်း ....
“ မောင့်ကို ပြောတာလဲ အခါခါရှိနေပြီ။ တကယ်ပဲ စိတ်ညစ်တယ်။ တော်ပြီ လုပ်ချင်တာသာလုပ်တော့။”
လှည့်ထွက်သွားရန်ပြင်တော့ ဘီးကျဲ ကပျာကယာလိုက်ဆွဲသည်။
“ မဟုတ်ပါဘူး ကူးရယ်....မောင်က....မောင် မှားပါတယ်။”
“ ......”
“ ကူး.....ကူး..မိန်းမ ......”
လင်းရောင်ခြည် လှေကားမှ ဆင်းသွားသည့် အမေနှင့် နောက်က အပြေးလိုက်သွားသည့် အဖေ့ကို ကြည့်ရင်း ခေါင်းကို ခါယမ်းလိုက်မိသည်။ ပြောရင် စိတ်ဆိုးမှာ သိရဲ့သားနဲ့ မနေနိုင် မထိုင်နိုင် အမှန်အတိုင်းသွားပြောသည်ကိုး။ အတွေးစ မဆုံးခင်မှာကို နားသယ်စပ်က စူးခနဲ ဖြစ်သွားရကာ နားထင်မွှေးအဆွဲခံလိုက်ရသဖြင့်....
“ အ....အား.....အချစ်......နာတယ်.။..”
“ လာခဲ့.....သူများတကာ မင်္ဂလာယူနေတဲ့အချိန်တောင်...”
ဦးမောင်ကလေး ပြန်ရောက်မလာသည့် လူတွေကြောင့် ဖုန်းဆက်လိုက်ပေမယ့် သူ့လူတွေအစား လင်းရောင်ခြည်သာ ကိုင်လာခဲ့သည်။ သားကို လိုက်ပြန်ခေါ်ရန် လွှတ်လိုက်သည့်လူတွေက တစ်ယောက်မှ ပြန်ရောက်မလာခဲ့။ ထွက်သွားတော့လဲ သူ လုံးဝ မထင်မှတ်ထားသည့်အချိန်မှာ လစ်ထွက်သွားသည်။ ငွေစန္ဒာဟာ သူ့ကို စိန်ခေါ်တာ နိုင်သွားပြီ ဖြစ်သည်။ သို့ပေမယ့် သူ ကြည့်နေမည်တော့မဟုတ်။
“ ရူကီ...ကားထုတ်ထား။ မင်္ဂလာဆောင်သွားမယ်။ “
“ ပွဲဖျက်မလို့လား ဒက်ဒီ။ “
“ မဟုတ်ဘူး ပွဲတက်မလို့။ “
ရူကီ မထင်မှတ်ထားသလို ကြည့်လိုက်မိသည်။ ဒက်ဒီက ဘာတွေ စဥ်းစားနေတာလဲ မသိပေမယ့် ကောင်းတာတော့ မဟုတ်နိုင်။ မင်္ဂလာပွဲတက်ပေးမည်ဆိုလျှင် ပိုပြီး အခြေအနေဆိုးမှာပင်။
@@@@@@@@@@@@@@@
ရာဇပလ္လင် ကိုယ်တိုင်ရောက်ချလာသည့် ဒက်ဒီ့ကို ကြည့်ကာ ရင်ထဲ ထိတ်သွားရသည်။ လကလေးလက်ကို ခပ်တင်းတင်း ဆွဲကိုင်ထားလိုက်ရင်းမှ ...
“ ဒက်ဒီ...ကျွန်တော် ....”
“ သတင်းထောက်တွေရှိတယ် ရာဇပလ္လင် ။ ငါ့သိက္ခာကို မချနဲ့။ အေးအေးဆေးဆေးနေ။ “
ရာဇပလ္လင် လကလေးကို ငဲ့ကြည့်လိုက်မိတော့ သူ့ကို အသာခေါင်းယမ်းပြတာမို့ ငြိမ်နေလိုက်သည်။ မင်္ဂလာဆောင်က အံ့ဩစရာကောင်းလိုက်အောင်ပင် အဆင်ပြေပြေပြီးသွားခဲ့သည်။ ပြီးတော့ ဒက်ဒီကလဲ တက်ပြီး ဧည့်ခံပေးနေသည်မို့ သူ့စိတ်ထဲ ထင့်နေရ၏။ တစ်ခုခုတော့ တစ်ခုခုပင်။
မင်္ဂလာပွဲပြီးသွားသည်နှင့် သတင်းတွေက တက်လာသလို ထိုသတင်းတွေထဲ လကလေး၏ ပုံတွေပါပါနေခဲ့သည်။
အမတ်မင်း၏ သားဖြစ်သူ မင်္ဂလာပွဲ....
အမတ်မင်း ဦးမောင်ကလေး၏ ချွေးမသည် ဒုစရိုက်လောကထဲမှဟု သိရ....
နိုင်ငံရေးနယ်မြေကို ဒုစရိုက်သမားတွေ စိုးမိုးတော့မည်လား....
သတင်းတွေကို ဖတ်ပြီးသည်နှင့် ဦးမောင်ကလေးသည် သားဖြစ်သူမျက်နှာကို စေ့စေ့ကြည့်ရင်းမှ....
“ မင်း မြင်တယ်မဟုတ်လား ရာဇပလ္လင်။ မင်း ဘယ်လိုလုပ်ရပ်ကို လုပ်လိုက်တယ်ဆိုတာ မြင်တယ် မဟုတ်လား။ “
ရာဇပလ္လင် ဘာမှပြန်မပြောပဲ ငြိမ်နေလိုက်သည်။ ဒက်ဒီ့ကို ထိခိုက်သွားစေတာတော့ သူ စိတ်မကောင်းပေမယ့် မတတ်နိုင်ပေ။ သူ လကလေးကို ချစ်သည်။ မခွဲနိုင်သလို အဆုံးရှုံးလဲ မခံနိုင်။ ဒက်ဒီ့စိတ်တိုင်းကျ တစ်လျှောက်လုံး နေပေးပြီးပြီမို့ ဒီတစ်ခါတော့ သူ တစ်ကိုယ်ကောင်းဆန်လို့ရသည် မဟုတ်ဘူးလား။
“ မင်း နဲ့ မင်းမိန်းမ ငါ့စံအိမ်မှာ လာနေပါ။ လောလောဆယ်တော့ သတင်းထောက်တွေဆီကနေ ရှောင်နေဖို့ လိုတယ်။ “
သူ သိပေမယ့် လကလေးဆန္ဒကိုလဲ သူတွေးရသည်။ လကလေးက နေချင်မှာ မဟုတ်။ အချုပ်အနှောင်တွေ မကြိုက်တဲ့ မိန်းကလေး မဟုတ်လား။
“ ကျွန်တော် စဥ်းစား...”
“ မင်းက လုပ်ချင်ရာလုပ်ပြီးတာတောင် စဥ်းစားချင်သေးတာလား။ “
“ ဒက်ဒီ့.....လကလေးက “
“ နေပါ့မယ်။ “
နောက်ပါးမှ ထွက်လာသည့် အသံကြောင့် ရာဇပလ္လင် လှည့်ကြည့်လိုက်မိကာ လကလေးကို မြင်တော့ တားရန်ပြင်သည်။ သူမ စိတ်ကျဥ်းကြပ်မှာ သူ စိုးရိမ်သည်။
“ အန်ကယ်က သဘောတူထားပေးပြီးပြီဆိုတော့ စန္ဒာတို့လဲ သိတတ်ရမှာပေါ့။ စန္ဒာ အဆင်ပြေပါတယ်။ လိုက်နေကြတာပေါ့။”
“ လကလေး တကယ် ပြောနေတာလား။”
စန္ဒာ ခေါင်းညိတ်ပြလိုက်တော့ သူ့မျက်နှာမှာ အတော်ကြည်လင်သွားတာ မြင်နေရသည်။ ဖခင်နဲ့ကိုယ့်ကြား သူဟာ ကိုယ့်ဘက်ကို ပြတ်ပြတ်သားသားရွေးချယ်ပြပေးခဲ့ပြီးပြီမို့ စန္ဒာကလဲ သူ့ကို စိတ်သောက မရောက်စေချင်။ စန္ဒာ တို့ အဆင်ပြေပြေနေလို့ရတဲ့ နည်းလမ်း ရှိမှာပါ။
ထိုးရပ်ထားသည့် ကားတွေကို ကြည့်ပြီး ဘီးကျဲ သမီးကိုယ်လေးကို အသာထွေးဖက်လိုက်သည်။ သူ စိတ်မချပေမယ့် ဒါဟာ ကိုယ့်ရွေးချယ်မှု မဟုတ်လား။ သမီးလဲ သူ့ဘဝနဲ့သူပင်။
“ ရာဇပလ္လင်.....”
“ ဟုတ်ကဲ့ ဦးလေး....”
ရာဇပလ္လင် ဘီးကျဲအနားရောက်လာသည်။ ဘီးကျဲက ရာဇပလ္လင်ကို တစ်ချက်စူးစိုက်ကြည့်ရင်းမှ......
“ ငါ့သမီး မျက်ရည်ကျရတဲ့ နေ့ ငါ ငါ့သမီးကို ပြန်ခေါ်တဲ့နေ့ပဲ။ “
“ စိတ်ချပါ ဦးလေး.....လကလေး ကျွန်တော့်ကြောင့် ဘယ်သောအခါမှ မျက်ရည်မကျစေရပါဘူး။”
“ သွားကြမယ် ပလ္လင်....”
အနားရောက်လာသည့် ရူကီကြောင့် ရာဇပလ္လင် လကလေး၏ လက်တစ်ဖက်ကို ဆွဲကာ ကားဆီ လျှောက်လာခဲ့သည်။ ကားတွေတန်းစီထွက်လာပေမယ့် လကလေးကို သူ့မှာ အရိပ်တကြည့်ကြည့် ကြည့်ရသည်။ သူမလေး စိတ်ထဲ အဆင်မပြေနေမှာ သူ အစိုးရိမ်ဆုံးပင်။ သို့ပေမယ့် သူမလေးက သူ့ထက် ပိုတည်ငြိမ်ခဲ့သည်။
“ ပလ္လင့်အခန်းမှာပဲ ပြင်ပေးထားတယ်။ ငွေစန္ဒာ့အတွက် အဝတ်အစားတွေက လာပို့ပါလိမ့်မယ်။ “
စန္ဒာ လက်ကာပြလိုက်ရင်းမှ...
“ အိမ်ကနေ ပို့ပေးပါလိမ့်မယ်။ “
“ မဟုတ်ဘူး....အမတ်မင်းက သက်သက်စီစဥ်ပေးထားတာပါ။ ညကျရင် နိုင်ငံရေးသမားတွေ လာပြီး ဒင်နာလေးတစ်ခုလုပ်မှာမို့ အသင့်ပြင်ထားပေးပါ။”
စန္ဒာ စိတ်ရှုပ်သွားရပေမယ့် မျက်နှာကို အရိပ်တကြည့်ကြည့်ဖြင့် လိုက်အကဲခတ်နေသည့် သူ့ကြောင့် မနည်းဟန်ဆောင်ထားရသည်။ ချစ်လို့ပဲ ဒီအမျိုးသားဘဝထဲ တိုးဝင်ခဲ့တာ မဟုတ်လား။ ဒီအမျိုးသားအတွက် ဒီလောက်တော့ သူမ သီးခံနိုင်ပါသည်။
@@@@@@@@@@@@@@
ညစာစားပွဲတွင် လာသည့်ဧည့်သည် အကုန်လုံးသည် နိုင်ငံရေးသမားတွေချည်းပဲ ဖြစ်သလို အယောက်နှစ်ဆယ်လောက်သာ ဖိတ်ထားခြင်းဖြစ်ပြီး တခြားကျန်သည့်လူ လုံးဝ မပါပေ။ ဦးမောင်ကလေး သားဖြစ်သူနဲ့အတူ ညစာစားပွဲတွင် လာထိုင်သည့် ငွေစန္ဒာကို ကြည့်ကာ....
“ ဒီနေ့ စံအိမ်ကို လာမယ့် ဧည့်သည်အကုန်လုံးက အရေးပါ အရာရောက်တဲ့ နိုင်ငံရေးသမားတွေချည်းပဲ။ အကုန်လုံးကို သေသေချာချာ ဆက်ဆံပါ။ အထူးသဖြင့် ငွေစန္ဒာ ...အကုန်လုံးက သားကို သိပြီးသားပေမယ့် မင်းကိုတော့ ခုမှ မိတ်ဆက်ပေးမှာ။ သေချာဆက်ဆံပါ။”
စန္ဒာ ခေါင်းကို ညိတ်လိုက်ရင်းမှ....
“ ဟုတ်ကဲ့....”
“ အရမ်းကြီး စိတ်မပူပါနဲ့...ကိုယ်ရှိတယ်။”
စန္ဒာ ပြုံးမိသွားရသည်။ ဦးမောင်ကလေးက စားပွဲ၏ထိပ်တွင် အရင်ထိုင်ချလိုက်သည်မို့ ရာဇပလ္လင် လကလေးအနား ဝင်ထိုင်ရန်ပြင်တော့ ဦးမောင်ကလေးက လှမ်းကြည့်ရင်းမှ အမိန့်ပေးလာသည်။
“ ရာဇပလ္လင်...မင်းနေရာက ဘယ်မှာလဲ။”
ဦးမောင်ကလေးက ရာဇပလ္လင်ကို စားပွဲ၏ ထိပ်ဆုံးမှ သူ့အနားတွင် ထိုင်စေချင်သည်။ အစထဲကလဲ ထိုနေရာမှာပဲ ထိုင်ရသလို ရာဇပလ္လင်၏နေရာကို ဘယ်သူ့ဘယ်သူမှ မျက်စောင်းမထိုးရဲအောင် နေရာကိုစီစဥ်ထားသည်။ တန်းကြည့်လိုက်တာနှင့် သူ့သား သူ့နေရာယူမည့် အဓိကလူမှန်း သိသာထင်းလင်းနေစေချင်သည့် ဆန္ဒရှိသည်။ ရာဇပလ္လင်ကလဲ ငွေစန္ဒာအနားဝင်ထိုင်သည်မှာ သူ့မျက်နှာနှင့် သူ့နောက်လိုက်လာသည့် မိန်းကလေးကို အားမငယ်စေချင်တာကြောင့် အနားမှာ ရှိနေပေးချင်တာပင်။
“ ရတယ် ဒက်ဒီ...ကျွန်တော် လကလေးအနားမှာပဲ ထိုင်လိုက်မယ်။”
“ စန္ဒာက ရတယ်။ သွားထိုင်လိုက်ပါ။”
ရာဇပလ္လင် လကလေးကို တစ်ချက်ကြည့်လိုက်မိသည်။ မျက်နှာထားလေးက ထုံးစံအတိုင်း တည်တင်းနေပေမယ့် သူမလေးဟာ အတွင်းစိတ် နုသည့် မိန်းကလေးပင်။ ဒါကို တခြားသူတွေမသိတောင် သူ သိသည်။
“ မဟုတ်ဘူး....ကိုယ် မင်းအနားပဲ ထိုင်ရမှာပေါ့။”
ဦးမောင်ကလေး သားဖြစ်သူကို အကဲခတ်ကြည့်နေရင်းမှ မျက်စပင့်မိသွားသည်။ သိပ်မကြာခင် အချိန်မှာပင် နိုင်ငံရေးသမားတွေ တစ်ယောက်ပြီး တစ်ယောက်ရောက်လာကြသလို ဦးမောင်ကလေးက စန္ဒာ့ကို လှမ်းကြည့်ရင်းမှ....
“ သမီး.....နှုတ်ဆက်လိုက်ဦးလေ။ “
စန္ဒာ မတ်တတ်ထရပ်လိုက်ရင်းမှ ခါးလေးကိုင်းကာ အသာပြုံးလိုက်ရင်း.....
“ ငွေစန္ဒာပါ....ရှေ့လျှောက် ကူညီစောင့်ရှောက်ပေးကြပါဦး။ “
“ အမတ်မင်း ချွေးမက တကယ်လှတဲ့ မိန်းကလေးပဲ။ မိန်းကလေး.....မင်း မိသားစုက ဒုစရိုက်လောကကဆို။ အဆင်ပြေပါ့မလား။ “
ဦးမောင်ကလေး ငွေစန္ဒာ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မျက်နှာမပျက်သလို အပြုံးလဲ မပျက်ပဲ...
“ ဟုတ်ပါတယ်....အလင်းထဲကလူတွေ မလုပ်နိုင်တဲ့ ကိစ္စမှန်သမျှ လုပ်ပေးနိုင်တဲ့ အစွမ်းအစ အပြည့်ရှိပါတယ်။ ဒါကြောင့် စန္ဒာ့ဘက်က ကူညီပေးစရာရှိရင် အားမနာပဲ ပြောပါ။ “
ရာဇပလ္လင် လကလေးကို ကြည့်ရင်းမှ သဘောကျစွာ ပြုံးမိသွားသလို ဒက်ဒီကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်မိသည်။
“ သမီး...ဒီဖက်က ပုဂ္ဂိုလ်က ရဲမင်းကြီးလေ။ “
“ ဟုတ်ကဲ့ရှင့် ....”
“ ဒါက အမှုစစ် မစ္စတာဇိုင်လို။”
“ ငွေစန္ဒာပါရှင့်။”
ဦးမောင်ကလေးက အကုန်လုံးဖြင့် တစ်ယောက်ချင်းစီ မိတ်ဆက်ပေးသလို ပါးစပ်မှ သမီးဆိုတာကို မချတမ်း ချိုသာစွာ ဂရုစိုက်ကြင်နာပြသည်။ ရာဇပလ္လင်က ဝင်ပါရမည့် အချိန်မဟုတ်တာမို့ ဘေးကနေပဲ အသာထိုင်ကြည့်နေလိုက်သည်။ သူ့အနားရောက်လာသည့် ဖိုက်တူးက အခြေအနေကို ကြည့်ရင်းမှ....
“ အဆင်ပြေတာလား မပြေတာလား အာစရိ။”
“ ဒက်ဒီက လကလေးကို သဘောကျမှာပါ။ ဒါပေမယ့် သူ နဲ့ လကလေးက ထိပ်တိုက်ဆုံမယ့် ကိစ္စတွေ များမှာ။ ငါ ကြားကနေ ဘယ်လိုလုပ်ရမလဲ စဥ်းစားနေတာ။ “
“ အဖြေရပြီလား အာစရိ။”
“ အင်းးးးးဘာဖြစ်ဖြစ် မိန်းမဘက်ကနေတဲ့။ မဟုတ်ရင် ..”
ဖိုက်တူး ရာဇပလ္လင်မျက်နှာကို မျှော်လင့်တကြီးငေးကြည့်ကာ ဘာဆက်ပြောလာမလဲ နားထောင်နေလိုက်သည်။ ပြောရန်ပြင်ပြီးခါမှ သူ့ကို စိတ်ပျက်သလို ကြည့်လာရင်း.....
“ မင်းကို ပြောတော့ရော ဘာသိမှာလဲ။ ရည်းစားတောင်မရှိတဲ့လူကို ပြောနေမှတော့ ဘာမှ နားလည်မှာ မဟုတ်ဘူး။”
ဖိုက်တူး ကမန်းကတန်း ခေါင်းကို ခါယမ်းလိုက်သည်။
“ ကျွန်တော် သိပါတယ် အာစရိ။ “
“ မင်းက အချစ်ဆိုတာကို သိလို့လား။”
ဖိုက်တူး တစ်ချက်စဥ်းစားသွားသည်။ အချစ်.....ချစ်တာပဲ မဟုတ်ဘူးလား။ ဘာများ ထပ်သိစရာလိုသေးသည်လဲ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
Part – 11
Author - ANC
YOU ARE READING
My Stranger Guy ( Complete)
Romanceငွေစန္ဒာဆိုတဲ့ မာနခပ်ကြီးကြီး ခပ်ချေချေမိန်းမ တစ်ယောက်က ရာဇပလ္လင်ဆိုတဲ့ မာဖီးယားတစ်ယောက်နဲ့ မတော်တဆမှားယွင်းမိခဲ့တယ်။ မာဖီးယားကြီးက ခြွေချပေမယ့် မကြွေကျတဲ့ ဒီအရွတ်တုံးလေးက မာဖီးယားကြီးကို Possisive ဆန်ဆန် ဘယ်လိုတွေ အုပ်စိုးမလဲဆိုတာ ဖတ်ရမှာပါ။