My Staranger Guy
Part – 20
ရာဇပလ္လင် ကားရှေ့ဖုံးပေါ် ထိုင်နေရင်း ကားပေါ်ကနေ ဆင်းလာသည့် ရူတိုအကြီးကောင်ကို လှမ်းကြည့်လိုက်သည်။ အနောက်မှာ လက်နောက်ပြန်ကြိုးချည်ခံထားရသည့် လကလေးကို လှမ်းတွေ့လိုက်ရသလို မျက်နှာမှ ညိုမဲနေသည့် ဒဏ်ရာအချို့ကို မြင်လိုက်ရသည်မို့ ရာဇပလ္လင်၏ မျက်နှာက တည်တင်းသွားရသည်။
“ ဆောရီး…..မင်းမိန်းမက အပြောအဆို သိပ်မတတ်လို့ ပညာနည်းနည်းပေးထားတယ်။ “
ရာဇပလ္လင် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ နှုတ်ခမ်းကို မဲ့ချလိုက်မိရင်းမှ ရူတိုအဖိုးကြီးကို ဖိုက်တူးအား ခေါ်သွားခိုင်းလိုက်သည်။ လကလေးကို ဖိုက်တူးပြန်ခေါ်လာသည့်အချိန်အထိ စောင့်နေသလို အဖိုးကြီးက သူ့ကို ကြောက်လန့်တကြား လှမ်းကြည့်နေသည်။
“ အပေးအယူပြီးပြီ။“
ရူတိုအကြီးကောင်၏ စကားကြောင့် အဖိုးကြီးက အတင်း ငြင်းသည်။
“ သားကြီး….မဟုတ်ဘူး…မဟုတ်ဘူး။ “
ရူတို အကြီးဆုံးကောင်က နားမလည်ဖြစ်နေစဥ်မှာပင် စည်းစိမ်က ကားနောက်မှ လူတစ်ဦးကို ကြိုးချည်လျက်သားဖြင့် ဂုတ်ကနေ ဆွဲခေါ်လာကာ ရာဇပလ္လင်ရှေ့ ဒူးထောက်ခိုင်းလိုက်သည်။ ရူတိုသားအကြီးက စူးစမ်းသလို ကြည့်လာရင်းမှ ရာဇပလ္လင်၏ လှောင်ပြုံးကို မြင်တော့ တစ်ခုခုကို ခံစားသိလိုက်သည်။
“ အပေးအယူက ခုမှ စမှာ။ “
ရာဇပလ္လင် သူ့ရှေ့ရှိနေသည့် ကောင်၏ မျက်နှာတွင်စွပ်ထားသော အဝတ်စအနက်ကို ဆွဲဖယ်လိုက်သည်။ ရူတို အငယ်ကောင်။
“ မင်း….မင်း ဒါ ဘာလုပ်တာလဲ ရာဇပလ္လင်။ “
“ မင်းတို့ လူမှားပြီး လာထိတဲ့အကျိုးဆက်ပေါ့။ ရူတိုတွေခေတ် ကုန်ပြီ။ “
တစ်ဖက်မှ သေနတ်တွေ အမြန်ဆွဲထုတ်လိုက်ပေမယ့် နောက်ကျသွားပြီ ဖြစ်သည်။ သေနတ်သံတွေ တဒိုင်းဒိုင်းနှင့်အတူ ရူတိုတွေကျကုန်တာလဲ မြန်သည်။ ရာဇပလ္လင်၏ အဖွဲ့တွေက ရူတိုတွေကို ဝိုင်းထားလိုက်သလို ဖိုက်တူးနှင့် စည်းစိမ်က ရူတိုအဖိုးကြီး နှင့် အကြီးကောင်ကို သေနတ်ဖြင့် ထိုးချိန်ထားလိုက်နိုင်ပြီ ဖြစ်သည်။
“ လက်နက်တွေ ချလိုက်။ “
စည်းစိမ်၏ အမိန့်ပေးသံအဆုံး ရူတိုတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သေနတ်ကိုယ်စီ ချလာကြသည်။ ရာဇပလ္လင် သူ့နားရောက်လာသည့် လကလေးကို တစ်ချက်ကြည့်ရင်းမှ…..
“ အဆင်ပြေလား။“
“ အင်း….”
စန္ဒာ အခြေအနေကို တစ်ချက် အကဲခတ်ကြည့်လိုက်မိသလို သူ ရူတိုတွေကို အမြစ်ဖြတ်တော့မည်ဆိုတာ သိလိုက်သည်။ မိုင်းက ကားတံခါးကို ဆွဲဖွင့်ပေးထားတာမို့ ကားထဲဝင်နားရင်း ကားပေါ်ကနေပင် စောင့်နေလိုက်သည်။
ရာဇပလ္လင် လက်ထဲမှ သံတုတ်ကို လှည့်ပတ်ကစားနေရင်းမှ သူ့ရှေ့တွင် ဒူးထောက်လျက်သားရှိနေသော ရူတိုအငယ်ကောင်၏ မျက်နှာကို သံတုတ်ဖြင့် ဆွဲမော့ကြည့်လိုက်သည်။
“ ဒီကောင့်ကို ဖမ်းရတာ စောက်ရမ်းကို လွယ်တယ်။ မင်းတို့ သိမ်းထားတဲ့ နယ်မြေတွေ အကုန် ဖယ်ပေးပြီး ငါ့ဂိုဏ်းပိုင်နက်အဖြစ် သတ်မှတ်မယ်။ ကျေနပ်လား။ “
ရူတိုအကြီးကောင်က သူ့ကို ကြည့်ရင်း မခိုးမခန့် ရယ်လာသလို …
“ ရူတိုတွေရဲ့နောက်မှာ ဘယ်သူရှိလဲ မင်း သိလို့လား ။ ငါတို့ကို မင်း အဲ့လောက် လွယ်လွယ် မဖယ်နိုင်ဘူး။“
“ ဟုတ်လား…..”
ရာဇပလ္လင် ရူတိုအကြီးကောင်၏ မျက်နှာကို စေ့စေ့စိုက်ကြည့်ရင်းမှ လက်ထဲမှ သံတုတ်ဖြင့် သူ့ရှေ့ဒူးထောက်လျက်သားရှိနေသည့် ရူတိုအငယ်ကောင်၏ ငယ်ထိပ်ကို ဖောင်းခနဲ ရိုက်ချပစ်သည်။ နှစ်ချက်ဆက်တိုက် အားကုန်သုံးကာ ရိုက်ချပစ်တာမို့ ထိုကောင့်ခန္ဒာကိုယ်ကြီးက ကိုင်းကျသွားကာ သွေးတွေမျက်နှာပေါ်စီးကျလာသည်။
သံတုတ်ဖြင့် ငယ်ထိပ်ကနေ ရိုက်ချပစ်တာမို့ ဦးခေါင်းအလယ် ငယ်ထိပ်နေရာက ချိုင့်ဝင်သွားကာ နဖူးက နှစ်ခြမ်းကွဲသလို ဖြစ်သွားသည်။ မျက်စိတစ်ဖက်က ပြူးကျယ်ကာ မျက်ဆံကြီးအား အလုံးလိုက် မြင်နေရသလို သွေးတွေက ဒလဟောစီးကျ၍ အသက်ငင်သံ တဂူးဂူးကို ကြားနေရသည်။
“ ငါ့အတွက် အဖြေမလိုဘူး။ ဖိုက်တူး….အကုန်သတ်လိုက်။ “
ရာဇပလ္လင်၏ အမိန့်သံအဆုံး သေနတ်သံနှစ်ချက်ထွက်သွားသလို ရူတိုမိသားစု ဇာတ်သိမ်းသွားသည်။ ရူတိုအကြီးကောင်၏ အလောင်းသည် စားသောက်ဆိုင်တစ်ခုနောက်ရှိ အမှိုက်ပုံးထဲမှ ထွက်လာသလို ဒုစရိုက်လောကကို ကြော်ငြာလိုက်ပြီးသား ဖြစ်သွားသည်က ရာဇပလ္လင်၏ မိန်းမကို သွားထိလို့မရဘူး ဆိုသည့် သတိပေးခြင်းပင်။
*****************************************************
အခန်းထဲတွင် သားအဖနှစ်ယောက်လုံး၏ အခြေအနေက တင်းမာနေသလို ရာဇပလ္လင်ရော ဦးမောင်ကလေး နှစ်ယောက်လုံး၏ မျက်နှာက တည်တင်းနေသည်။
“ မင်း ရူးနေလား ရာဇပလ္လင်။ မင်း ဒီလောက်ထိ လုပ်ပစ်ရသလား ။ ခုဆို မီဒီယာတွေက ငါ့နောက်ကို လိုက်နေပြီ။ အဲ့အမှုတွေက ငါ့သားနဲ့ ပတ်သက်နေသလားမေးကုန်ပြီကွ။ “
“ ကျွန်တော့်ကိစ္စ ကျွန်တော်ရှင်းနိုင်တယ်။ လကလေးကို ထိရင်တော့ ဘယ်သူ့ကိုမှ ကျွန်တော် သီးခံနေမှာ မဟုတ်ဘူး။ “
ဦးမောင်ကလေး သားဖြစ်သူကို စူးစိုက်ကြည့်လိုက်ရင်းမှ နှုတ်ခမ်းကို မဲ့ချလိုက်မိသည် ။ သူ့ကို ပုန်ကန်မည်ဟု ပြောနေတာ မဟုတ်လား။
“ မင်းက မိန်းမတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် ကြိုးကွင်းစွပ်မလို့လား။ “
ရာဇပလ္လင် နှုတ်ခမ်းကို တင်းတင်းစေ့မိသွားသလို ဦးမောင်ကလေးက ခေါင်းတဆတ်ဆတ်ညိတ်၍ ဟက်ခနဲ လှောင်ရယ်လာသည်။
“ အေးပေါ့လေ….ငါ မေ့သွားတယ်။ မင်းက ကိုယ့်ညီအစ်ကိုအရင်းတောင် မင်းအတွက်ပဲ ကြည့်ပြီး သတ်နိုင်တဲ့ကောင်ပဲဟာ။ “
ရာဇပလ္လင် မျက်ဝန်းတွေက စူးရဲသွားရသလို ဦးမောင်ကလေးကို ရန်သူသဖွယ်ကြည့်လာ၏။ ဒါတွေ အကုန်လုံးက ဘယ်သူ့ကြောင့်လဲ။ သားချင်းအတူတူကိုတောင် အဖေပဲ ခွဲခြားဆက်ဆံခဲ့တာ မဟုတ်ဘူးလား။ ငယ်စဥ်ထဲက သူ နဲ့ ရာဇသခင်ကို ပျိုးထောင်တာ တူလို့လား။ သူပဲ ပင်ပန်းခဲ့သည်။ သူပဲ ကြိုးစားခဲ့ရသလောက် သခင်ကျ ဘဝကို အေးအေးလူလူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့သည်။ သူက အသက်လုနေရတဲ့အချိန် သခင်က ပန်းကတ္တီပါအနားကပ်၍ ချစ်သည် ကြိုက်သည် လုပ်နေနိုင်သည် မဟုတ်လား။ အခု သူ့ဘဝ သူ့မိသားစုလေးနဲ့ နေမယ်ဆိုတော့လည်း လက်မခံပဲ လိုက်နှောက်ယှက်နေသည်။
“ သခင်က ကျွန်တော် သတ်လိုက်တာ ဟုတ်တယ်။ အဲ့လောက် ပျော့ညံ့နေမှတော့ အဖေ့ကို အကူအညီ မရဘူးလေ။ အဖေက သားလိုချင်တာမှ မဟုတ်တာ။ အဖေလိုချင်တာ အဖေ နေရာရအောင် လက်ညစ်ပတ်ခံပြီး ပခုံးထမ်းတင်ပေးမယ့် နွားတစ်ကောင်ပဲ လိုအပ်ခဲ့တာလေ။ “
“ ရာဇပလ္လင်…..”
ဦးမောင်ကလေး သားဖြစ်သူမျက်နှာကို ဖြတ်ရိုက်ချလိုက်သလို ဒေါသထွက်လွန်းတာမို့ အသားတွေပါ တဆတ်ဆတ်တုန်လာသည်။ အခန်းထဲမှ ဒေါသတကြီး ထွက်သွားသည့်ပုံစံကို ကြည့်ရင်းမှ ဒီကိစ္စတွေ အကုန်လုံးက ငွေစန္ဒာ ကြောင့်ပင်။ သားအဖသွေးကွဲစေတာ ဒီမိန်းကလေးကြောင့်သာ။
စန္ဒာ အိပ်ယာထက်လှဲနေရင်းမှ အခန်းထဲ ဝင်လာသည့် သူ့ဆီ အကြည့်က ရောက်သွားရသည်။ မျက်နှာညိုးနေတာမို့ သူ့အဖေနဲ့ ပြဿနာတက်လာမှန်း သေချာသည်။ စန္ဒာ့အနား လာထိုင်ရင်းမှ….
“ ကိုယ်တို့ ဂိုဏ်းစံအိမ် ပြန်ကြမယ် ။ “
“ အင်း….။”
သူ့သဘောထားကို တစ်ချက်မမေးပဲ အင်းဟုသာ ပြောလာသည်မို့ ရာဇပလ္လင် အားနာရတာလဲ အမှန်ပင်။ လကလေးက သူ့ကို သိပ်ချစ်တာ သူသိပါသည်။ ညတွင်းချင်းပင် ဂိုဏ်းစံအိမ်ကို ပြန်ပြောင်းလာခဲ့သလို အဖေကလဲ မတားတော့ပေ။ ဒါဟာ ပိုသာ၍ ကောင်းသည်ဟု သူ ထင်သည်။
လင်းရောင် ခြံထဲတွင် လမ်းလျှောက်ရင်းမှ မမမျက်နှာကို သေချာစိုက်ကြည့်မိသည်။ မျက်နှာအသွေးအရောင် အနည်းငယ် ဖျော့တော့နေသည်မှ အပ ကျန်တာတော့ စိတ်ချရပါသည်။
“ မမ…..ငါ ဘန်ကောက်ကို ခဏပြန်ရဦးမယ်။ “
စန္ဒာ အလင်းကို တစ်ချက်ကြည့်လိုက်မိရင်းမှ…..
“ ဘယ်လောက်ကြာမှာလဲ။ “
“ နှစ်ပတ်လောက်ပေါ့။ အဖေတို့ကို ဘာပြောပေးရဦးမလဲ။ ပစ္စည်းထည့်ပေးဦးမလား။ “
စန္ဒာ ခုမှ သတိရသွားသလို မျက်နှာလေး ဝင်းလက်သွား၏။
“ ပေးလိုက်စရာ ရှိတယ်။ စည်းစိမ်က ဆေးအသစ်တွေ ထွင်တာတော်တယ်လေ။ အဲ့ဒါ ငါ အဖေ့အတွက် ဆေးဖော်ခိုင်းထားတာ ။ အဖေက ညဖက်အိပ်မပျော်ပဲ လန့်လန့်နိုးတတ်တယ်လေ။ “
လင်းရောင် ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်သည်။ သူတို့ ကလေးဘဝထဲက ခုချိန်ထိ အဖေ ညတိုင်း ထအော်တတ်သည့် နာမည်နှစ်ခု….ချစ်ချော နဲ့ မောင်ငယ်။ သူတို့တောင် အလွတ်ရနေပြီ ဖြစ်သည်။
“ တစ်ခါထဲ ပေးလိုက်လေ။ ကျွန်တော် ယူသွားမယ်။ ပြီးတော့ ဒီအတောအတွင်း ဂရုစိုက်ဦး။ “
ပြောသာပြောရသည် ဒီတစ်ခေါက် သူ ဘန်ကောက်သွားသည့် ကိစ္စမှာ အချီကြီးပင်။ ထိုင်းတွေက မွေ့ထိုင်းပွဲတွေ တအားကျင်းပလာကြသလို လောင်းကြေးတွေလဲ မြင့်လာသည်။ မွေ့ထိုင်းပွဲတွေ၏ နောက်ကွယ်တွင် ဂိုဏ်းကဏ္ဍအသီးသီး၏ အပေးအယူတွေ ကြီးမားစွာ ရှိနေကြသည်။ သူလဲ ထိုကိစ္စအတွက် သွားမှာပင်။ နှစ်ပတ်လောက်ကြာမည်။ စောလျှင်လဲ စောလိမ့်မည်။ အဖေနဲ့လဲ မတွေ့တာ ကြာပြီ မဟုတ်လား။
**************************************************
ဆာရာ ဒီကလပ်ကို လာတာ ဒါနဲ့ဆို သုံးကြိမ်ရှိပြီ ဖြစ်သည်။ အခုထက်ထိ ရာဇပလ္လင်ရော ငွေစန္ဒာကိုပါ မတွေ့ရသလို လူဆိုသည့် အမျိုးဟာ မရလေ ပိုလိုချင်လေပဲမို့ ပိုတွေ့ချင်လာရသည် ။ ရာဇပလ္လင်ဆိုသည့် သူ၏ သတင်းတွေ ရှာဖတ်ကြည့်တော့လဲ ရှာရသမျှက ပုံလေး နှစ်ပုံသာ ရှိသလို သတင်းတွေကတော့ ရာဇပလ္လင်သည် အမတ်မင်း ဦးမောင်ကလေး၏ ဆက်ခံသူ ၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် ရပ်တည်နိုင်သည့် ချမ်းသာသော မာဖီးယား ( မသေချာ ) ၊ ဇနီး ငွေစန္ဒာ စသဖြင့် မရေမရာ သတင်းတွေချည်းသာ။
ငွေစန္ဒာ ......ဓာတ်ပုံလေးထဲမှာတောင် အတော်လှသည့် မိန်းမပင်။ ဆွဲဆောင်ညို့ငင်အား ကောင်းသလို မျက်ဝန်းတွေက စူးရှနေသည်။ သို့ပေမယ့် ဆာရာလဲ လှတာပဲလေ။ ချစ်စရာကောင်းလွန်းတာမို့ တစ်နိုင်ငံလုံးက ချစ်ကြတဲ့ မင်းသမီးတစ်လက်။ အဖြူစင်ဆုံး အရိုးထည်လေး မဟုတ်လား။
“ ဂိုဏ်းချုပ် လာတယ်.....ဂိုဏ်းချုပ် ရောက်နေပြီ။ သွားကြိုကြစမ်း။ “
ဝန်ထမ်းတွေဆီမှ ပျာပျာသလဲ အသံတွေကြောင့် ဆာရာ ဝမ်းသာအားရဖြစ်သွားရသလို ကလပ်၏ ဝင်ပေါက်ဝကို လှမ်းမျှော်ကြည့်မိသည်။ သိပ်မကြာလိုက် ဝန်ထမ်းတွေသာမက ခပ်တောင့်တောင့်အမျိုးသားတွေ ငါးယောက်လောက် ဘေးကနေ ခြံကာ ဝင်လာသည့် ဆာရာမျှော်နေခဲ့သော အမျိုးသားကို မြင်လိုက်ရသည်။
မြင့်မားသော အရပ်အမောင်း ၊ တောင့်တင်းသော ခန္ဓာကိုယ်နှင့် ခန့်ညားသောရုပ်ရည်ကို မြင်လိုက်ရသည့် ခဏ ဆာရာ့နှုတ်ခမ်းလေး အလိုလိုပြုံးယောင်သမ်းသွားရသည်။ ထိုင်နေရာမှ ကပျာကယာထရပ်ကာ အပေါ်ထပ်တက်ရန် ပြင်နေသည့် သူ့အနား ပြေးသွားလိုက်ပေမယ့် ဖျတ်ခနဲ လက်ဖြင့်ဖမ်းကာ၍ နောက်ဆုတ်ခိုင်းလိုက်သည့် သူ့ဘေးမှ လူကြောင့် ဆာရာ မျက်နှာလေးတင်းချီသွားရသည်။ သူ့ကိုကြည့်မိတော့ လှည့်တောင်မကြည့်ပဲ အပေါ်တန်းတက်သွားသလို ဆာရာ့ကို တားထားသည့်လူက....
“ နေရာပြန်သွားထိုင်နေလိုက်ပါ။ “
“ ငါ့ကို ဘယ်သူထင်လို့လဲ ......ဦးမောင်ကလေးရဲ့မိတ်ဆွေပဲ။ နာမည်ကျော် မင်းသမီး ဆာရာဆိုတာ နင် မသိဘူးလား။ “
ဖိုက်တူး ထိုမိန်းကလေးကို တစ်ချက်စိုက်ကြည့်လိုက်ရင်းမှ....
“ မသိဘူး..။ “
“ ဘာ....”
နှစ်ယောက်သား အချေအတင်ဖြစ်နေစဥ်မှာပင် ဒေါက်ဖိနပ်သံနဲ့အတူ အနားရောက်လာသည့် ငွေစန္ဒာ။
“ ဖိုက်တူး ဘာဖြစ်နေတာလဲ။ “
“ ဟို...အမတ်မင်း အသိလို့ပြောတယ် ဆရာကတော်။ “
စန္ဒာ ထိုမိန်းကလေး ကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်မိသည်။ ဆာရာ လူကို စူးစိုက်ကြည့်လာသည့် ငွေစန္ဒာကြောင့် ငေးကြည့်နေရာမှ ဖျတ်ခနဲ မျက်နှာလွှဲလိုက်မိသည်။
“ ဖိုက်တူး...အမှိုက်တွေ ရှင်းလိုက်။ “
စန္ဒာ နှုတ်ခမ်းလေးကို မဲ့ချလိုက်မိရင်းမှ အပေါ်ထပ်လိုက်တက်လာခဲ့သည်။ စန္ဒာ့ဘေးမှ ပါလာသည့် မိုင်းကို တစ်ချက်ငဲ့ကြည့်လိုက်ရင်းမှ....
“ မိုင်း....အဲ့ဟာမအကြောင်း သေချာစုံစမ်းလိုက်။ ငါ ကြည့်တာ နှယ်နှယ်ရရတော့ မဟုတ်ဘူး။ “
“ ဟုတ် မမ။ “
စန္ဒာ သီးသန့်ခန်းထဲ ဝင်လာသည်နှင့် စည်းစိမ်နှင့် ဝန်ကြီးဖြင့် စကားပြောနေသည့် ရာဇပလ္လင်ကို တွေ့လိုက်ရသည်။ အနားဝင်ထိုင်လိုက်ရင်းမှ....
“ ကြာသွားတယ်။ ဆွေးနွေးလို့ပြီးပြီလား။ “
“ အဆင်ပြေပါတယ်။ ကိုယ်တို့ ခဏနေ ပြန်မယ်။ “
စန္ဒာ အသာပြုံးပြလိုက်ရင်းမှ ဆိုဖာကို အသာမှီကာ ထိုင်လိုက်သည်။ စိတ်ထဲ လေးနေသည်။ စောနက မိန်းကလေးက မရိုးရှင်းလှ။ စန္ဒာ့ စိတ်ထဲ ထင့်နေသည်။ ဒီဟာမက အန္တရာယ်ပဲ။
ဆာရာ ကားပေါ်တက်လာပေမယ့် စိတ်ထဲ မကျေနပ်နိုင်ပဲ ဖြစ်နေသည်။ ဘာကြောင့်များ ငွေစန္ဒာက ကြည့်လာသည်နှင့် ကိုယ်က အကြည့်ချင်းမဆုံရဲပဲ အလိုလို မျက်လွှာချလိုက်မိရတာလဲ။ သိပ်ကို မခံချင်စရာကောင်းနေသလို ဒီမိန်းမ၏ ခပ်စူးစူးအကြည့် ၊ တည်တင်းမာကြောသော မျက်နှာထားနှင့် မာန်ရှိသော အလှမှာ ကိုယ်က သေးသိမ်သွားသလို ခံစားမိနေသည်။
ပြီးတော့ ရာဇပလ္လင် ။ ဆာရာ အင်မတန်ကြည့်လို့ကောင်းသော မင်းသားတွေ ၊ အမျိုးသားတွေ ဆုံဖူးခဲ့ပေမယ့် ရာဇပလ္လင်နှင့် မတူပေ။ ဆာရာ သူ့ကို သဘောကျမိသည်။ လိုချင်သည်။
****************************************************************************
Part – 21 မျှော်
Author - အနမ်းခြွေ
YOU ARE READING
My Stranger Guy ( Complete)
Romanceငွေစန္ဒာဆိုတဲ့ မာနခပ်ကြီးကြီး ခပ်ချေချေမိန်းမ တစ်ယောက်က ရာဇပလ္လင်ဆိုတဲ့ မာဖီးယားတစ်ယောက်နဲ့ မတော်တဆမှားယွင်းမိခဲ့တယ်။ မာဖီးယားကြီးက ခြွေချပေမယ့် မကြွေကျတဲ့ ဒီအရွတ်တုံးလေးက မာဖီးယားကြီးကို Possisive ဆန်ဆန် ဘယ်လိုတွေ အုပ်စိုးမလဲဆိုတာ ဖတ်ရမှာပါ။