P-18

3.1K 146 9
                                    

My Stranger Guy
Part – 18
ဘဝမှာ အကြိမ်ကြိမ် အခါခါ ရွေးချယ်ရမယ်ဆိုရင်တောင် သူ့ကိုပဲ ထပ်ခါတလဲလဲ ရွေးချယ်ပြီး ချစ်မိနေဦးမှာပဲ။
အခန်းထဲဝင်လာသည့် သူ့ကို လှမ်းမြင်လိုက်ရသည်မို့ စန္ဒာ သက်ပြင်းချမိသွားသည်။ အိပ်ယာထက် အသာလှဲချလိုက်ရင်းမှ မျက်ဝန်းတို့ကို ပိတ်ချမိရုံရှိသေး ပါးပြင်ပေါ် အနမ်းတစ်ပွင့်က လျင်မြန်စွာပင် ရောက်ရှိလာသည်။ အိပ်ယာထက် တက်လာတာ သိလိုက်သလို မျက်စိကို ပြန်ဖွင့်ကြည့်မိတော့ အနမ်းတွေက တရစပ်ပင် မျက်နှာလေးအနှံ့ ဆက်တိုက်ရောက်လာ၏။
“ ဘယ်လိုဖြစ်နေလဲ....”
“ ချစ်နေတာလေ....ကိုယ့်မိန်းမကိုယ် ချစ်တာ ဘာဖြစ်လို့လဲ။ “
စန္ဒာ လှစ်ခနဲ ရယ်မိသွားရသည်။ ရယ်သံထွက်လာတော့ ရာဇပလ္လင် အသဲပိုယားသွားရသည်။ တကယ်က စန္ဒာ သူ့ကို လိုက် မလာစေချင်ပါ။ စန္ဒာ့ကို စိတ်ကုန်ပြီး ပစ်ထားလိုက်ရင် ပိုတောင် ကောင်းသေး၏။ ဒါမှ စန္ဒာ ပြိုလဲသွားတာကို မြင်လဲ မနာကျင်ရမှာ မဟုတ်လား။
ရာဇပလ္လင် ငြိမ်ကျသွားသည့် လကလေးပုံစံကို တစ်ချက် အကဲခတ်လိုက်မိသည်။ ခုတလော သူမ အတွေးတွေ သိပ်များနေသည်။ သူ ကောင်းကောင်းကြီး သတိထားမိပါသည်။ ငြိမ်ကျသွားလိုက်၊ တဖန်ပြန်လန်းနေလိုက်နှင့် ဒီရက်ပိုင်း လကလေးစိတ်အာရုံတွေ ထွေပြားနေသည်။
“ လကလေး.....ကိုယ် မနက်ဖန် အဖေ့ကိစ္စနဲ့ စုပေါင်းအိမ်ကို သွားစရာရှိတယ်။ အဲ့က အလုပ်ကိစ္စပြီးတာနဲ့ ကိုယ်တို့ အိမ်ခွဲနေကြမယ်။ “
စန္ဒာ မထင်မှတ်ထားတာမို့ မျက်လုံးလေး ပြူးသွားရသည်။ အိမ်ခွဲနေမယ်ဆိုတာ ဘာစကားပါလိမ့်။  စန္ဒာ လုံးဝ မသိခဲ့ပါ။ သူ တကယ်ပဲ တစ်ယောက်ထဲ ကြိတ်စီစဥ်နေတာလား။ စန္ဒာ့ကို ဘာမှလဲ ကြိုမပြောသလို သူ စီစဥ်နေမှန်းတောင် မသိရပေ။ တကယ်ပဲ ဒီယောကျာ်းဟာ ခန့်မှန်းရ ခက်လွန်းသည်။ ကိုယ့်ရှေ့တွင်သာ ပြုံးပြုံးလေး ရှိနေတတ်ပေမယ့် ကိုယ့်ကွယ်ရာတွင် ကိုယ် မမြင်ဖူးသည့် ကြောက်စရာ ပုံစံမျိုးစုံရှိနေတတ်သည့် လူပင်။
“ အရမ်းကြီး တွေးနေတာပဲ။ “
လကလေးပုံစံက ငြိမ်ကျသွားတာမို့ ဘာတွေတွေးနေမှန်း သူရိပ်မိပါသည်။ သူ့ကို မကြည်သလို မော့ကြည့်လာသည့် ပုံစံလေးကို တစ်ချက်ကြည့်ရင်းမှ ပါးပြင်ကို ဖိသိပ်နမ်းရင်း သက်ပြင်းချမိသည်။
===========
Light ဓာတ်ပုံတွေကို ကြည့်ရင်းမှ စိတ်မောသွားရသည်။ စားပွဲပေါ် ဓာတ်ပုံတွေကို ပစ်ချလိုက်ကာ မြသစ်ကို တစ်ချက်ကြည့်မိတော့ ဆက်ပြီး အစီရင်ခံလာ၏။
“ ရာဇပလ္လင်လဲ သိပြီးနေတဲ့ပုံပဲ ဘောစ့်....သူ့လူတွေကို အဲ့ဖက်မှာ တွေ့မိတယ်။ ငြိမ်တော့ငြိမ်နေတယ်။ သူလဲ မဆင်မခြင် မလုပ်ရဲဘူး ထင်တယ်။ “
မြသစ်စကားကို သူ လက်မခံပေ။ ရာဇပလ္လင် အကြောင်း သူသိသည်။ ဒီကောင်က သိနေရင် ငြိမ်နေစရာ အကြောင်းကို မရှိ။ ဒါကို ငြိမ်နေသည်ဆိုထဲက တစ်ခုခုကြံစည်နေတာပဲ ဖြစ်လိမ့်မည်။
“ မဟုတ်သေးဘူး.....တစ်ခုခုတော့ မှားနေသလိုပဲ။ ငါ တစ်ခုခု လွတ်သွားသလို ခံစားနေရတယ် မြသစ်။ “
“ ကျွန်တော် ထပ်စုံစမ်းကြည့်ရမလား ဘောစ့်။ “
“ မင်း ထပ်စုံစမ်းလို့ ရနိုင်ပါ့မလား။ “
“ ကြိုးစားကြည့်ပါ့မယ်။ “
လက်ခါပြလိုက်သည့် ဘောစ့်ကြောင့် မြသစ် စာကြည့်ခန်းထဲမှ ထွက်လာခဲ့သလို အခန်းပြန်လာခဲ့သည်။ အခန်းဝတွင် နံရံကို မှီရပ်ပြီး စီးကရက်သောက်နေသည့် ရာဇပလ္လင်ကို မြင်လိုက်ရသဖြင့် သူ့ခြေလှမ်းတို့က တုန့်သွားရသည်။ ရာဇပလ္လင်က သူ့ကို ကြည့်လာရင်းမှ.....
“ စုံစမ်းထားတာတွေ သေချာတင်ပြခဲ့ရဲ့လား။ “
မြသစ် နှုတ်ခမ်းတွေ တင်းတင်းစေ့သွား၏။ သူ စုံစမ်းနေတာ သိတာလား။
“ တင်ပြလိုက်ပါ......ဒါပေမယ့် ဒီနေရာမှာတင် ရပ်တာ ကောင်းမယ်။ ငါက ငါ့လမ်းမှာ အခြားကောင်တွေ ခြေရာလာရှုပ်တာ မကြိုက်ဘူး။ နောက်တစ်ခါ ငါ့လူတွေနား မင်းတို့ကို တွေ့ရင် သတ်မှာ။ “
သူ့ပခုံးကို တွန်းတိုက်၍ ထွက်သွားတာမို့ သူ နေရာမှာတင် ရပ်ကျန်နေခဲ့သလို သက်ပြင်းချမိသွားသည်။ နောက်ထပ် ခြေလာမချနဲ့လို့ သတိပေးတာပဲ ။ မတတ်နိုင်......ဘောစ့်အမိန့်က ထပ်စုံစမ်းဆို သူက စုံစမ်းရမည့် တာဝန်ရှိသည်။
@@@@@@@@@@@
ရာဇပလ္လင် သေနတ်ကို ကျည်ဖြည့်ကာ ကျည်ကဒ်အပိုတွေပါ သိမ်းထားလိုက်သည်။ ဒီအလုပ်ပြီးရင် အဖေနဲ့က ကိစ္စရှင်းပြီ ဖြစ်သည်။ ဓားမြှောင်ကို ဓားအိမ်ထဲထည့်ကာ ကျောနောက်တွင် ထိုးထားရင်း လက်တွင် Gloves ကို စွပ်လိုက်သည်။
“ သွားတော့ မလို့လား။ “
အနားရောက်လာသည့် လကလေးကြောင့် သူ ခေါင်းညိတ်ပြလိုက်သလို သံလက်သီးကွင်းအား ခါးပတ်တွင် ချိတ်ထားလိုက်သည်။ လကလေးက သူ့ကို သေချာစိုက်ကြည့်နေရင်းမှ....
“ နောက်ျကျမှာလား။”
“ သေချာ မပြောတတ်သေးဘူး...ဘာလို့လဲ ကိုယ့်ကို ပြောစရာရှိလို့လား။”
ခေါင်းခါပြရင်း သူ့ပေါင်ပေါ် လာထိုင်သည်မို့ သူ သူမခါးလေးကို အသာပွေ့ထားလိုက်သည်။ လက်မောင်းသားလေးကို ဖိသိပ်နမ်းကာ....
“ ကိုယ် စောနိုင်သမျှ စောအောင် ပြန်ခဲ့မယ်။ “
သူ့နှုတ်ခမ်းတွေကို ငုံ့နမ်းလာသဖြင့် သူ ပြန်နမ်းလိုက်သလို ခါးလေးကို ဖျစ်ညှစ်ပစ်လိုက်၏။ တစ်ခါတစ်လေလဲ ကြောင်ပေါက်လေးလို လိုက်ချွဲတိုးဝှေ့တတ်သည့် အကျင့်ကို သူပဲ သိသည်။ နှစ်ယောက်သား အိမ်အောက် အတူတူဆင်းလာကြရင်းမှ ဖိုက်တူးက သူ့ကို မြင်တော့ ကားတံခါးဖွင့်ပေးလာသည်.
“ ကိုယ် သွားပြီနော်. “
ကားထဲဝင်လိုက်သလို ကားလေး ငြိမ့်ခနဲ ထွက်လာသည်နှင့် ရာဇပလ္လင် မျက်နှာက တည်တင်းသွား၏။ ဖိုက်တူးက သူ့ကို ကားနောက်ကြည့်မှန်မှ တဆင့်ကြည့်လာရင်း...
“ စည်းစိမ်တို့လဲ ‌ထွက်လာပြီ ဂိုဏ်းချုပ်။ “
“ လူ အရမ်းများလွန်းတယ်....လျှော့လိုက်။ စည်းစိမ်ကို အဖေ့အနားမှာပဲ နေပါစေ။ “
ကားလေးက မြို့ပြင်ဖက် ဦးတည်လာသလို သေနတ်ကို အသင့်ထုတ်ထားရင်း သူ့နောက်မှ ပါလာသည့် သူ့လူတွေကားကိုပါ တစ်ချက်ကြည့်လိုက်မိသည်။ သူ ထိုစက်ရုံမှာ ပစ္စည်းသွားလုပြီးရင် အဖေ့ကို ပေးရုံပင်။
“ ဂိုဏ်းချုပ်....စည်းစိမ်ကား ရောက်လာပြီ။ “
သူ လှည့်ကြည့်လိုက်မိတော့ စည်းစိမ်မောင်းနေကျ ပြိုင်ကားအနီရောင်က လမ်းကြောင်းပေါ်တက်လာသည်။ နေခဲ့ဆိုလဲ မနေခဲ့။ ရာဇပလ္လင် အကြည့်က ဘေးနားမှ တောင်တစ်ခုဆီအကြည့်ရောက်တော့ မျက်လုံးပြူးသွားရသည်။ ပစ်လွှတ်လိုက်သည့် ဒုံးကို မြင်လိုက်သလို....
“ ဒုံး....ဒုံးရှိတယ်။ “
ဖိုက်တူး ကပျာကယာ ကားစတီရာယင်ကို ဆွဲလှည့်ပစ်သလို ကားနံဘေးတောင်စောင်းမှ မြေကြီးတွေ ဖရောခနဲ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသလို မြေကြီးတွေပါ ပြိုကျလာ၏။ စည်းစိမ်ကားက သူ့ဘေးမှ ကျော်တက်သွားသလို တောင်စောင်းပေါ် ထိုး‌မောင်းသွား၏။
နောက်ထပ်ပစ်လာသည့် ဒုံးကို မြင်လိုက်တာမို့ ဖိုက်တူး ကားထဲမှ လက်လှမ်းပြလိုက်သလို ကားကို ဘရိတ်ဆောင့်အုပ်လိုက်သည်။ နောက်မှ တက်လာသည့် သူ့တို့ကားတစ်စီးက ကားရှေ့ဝင်ကာပေးလိုက်သလို ကားတစ်စီးလုံး ဝုန်းခနဲ မြောက်တက်သွားတာ မျက်စိရှေ့တင်ပင်။
စည်းစိမ် တောင်စောင်းအလယ်ရောက်သည်နှင့် ကားပေါ်မှ ဆင်းကာ လောင်ချာကို ကားထဲမှ ဆွဲထုတ်လိုက်၏။ ပိုမြင့်သည့်နေရာဆီ ပြေးတက်လာရင်း တစ်ဖက်‌တောင်စောင်းကို သေချာချိန်ကာ ပြုံးမိသွား၏။ သွားသေလိုက်တော့ နှမပေးတွေ။
ရာဇပလ္လင် ကားပေါ်မှ ကပျာကယာဆင်းလိုက်သလို ဖိုက်တူးလဲ ကားပေါ်မှ ဆင်းလာကာ အခြေအနေ ကြည့်နေ၏။ လောလောဆယ် သူနှင့် ဖိုက်တူး နှစ်ယောက်ထဲ ကျန်သလို စည်းစိမ်ကလဲ ပြန်မရောက်လာသေး။
“ ဂိုဏ်းချူပ်.....ဟိုမှာ.....”
လှည့်ကြည့်မိတော့ သစ်ပင်နောက်တွေကနေ သေနတ်ကိုယ်စီဖြင့် ပြေးထွက်လာကြသည့် လူတွေ။ တခဏအတွင်း သေနတ်သံတွေ ဆူညံသွားသလို တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ပစ်ကုန်ကြသည်။
စန္ဒာ အနားရောက်လာသည့် Light ကြောင့် ဖျတ်ခနဲ ကြည့်မိသွားသလို မျက်နှာ သိပ်မ‌ကောင်းတာမို့ မျက်မှောင်ကျုံ့မိသွားရသည်။
“ ဘာဖြစ်တာလဲ....။”
“ရာဇပလ္လင်တို့ ဖြတ်တိုက်ခံရတယ် ထင်တယ်...အခြေအနေ မကောင်းဘူး။ ဖမ်းမိသွားတယ် ကြားတယ်။ “
ငွေစန္ဒာ့ မျက်နှာက မင်တက်သွားသလို ငြိမ်ကျသွားရာမှ အသိဝင်လာသည်နှင့် အိမ်ထဲမှ ပြေးထွက်လာကာ ဆိုင်ကယ်ပေါ် ပြေးတက်လာ၏။ Light ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းထွက်သွားသည့် အစ်မဖြစ်သူကြောင့် သူပါ ဆိုင်ကယ်တစ်စီးပေါ် အမြန်တက်၍ နောက်ကလိုက်ရသည်။
ရာဇပလ္လင် လက်ထဲမှ ဓားမြှောင်ကို ကျစ်နေအောင်ဆုပ်ထားရင်း သူ့လက်တစ်ခုလုံးလဲ သွေးတွေဖြင့် စေးကပ်နေတာကို ခံစားမိနေသည်။ ဗိုက်တွင် ထိထားသည့် သေနတ်ဒဏ်ရာက သွေးတွေ ထွက်နေသလို သစ်ပင်ကို မှီချလိုက်ရင်း ပတ်ဝန်းကျင်ကို အလစ်မပေးပဲ အကဲခတ်နေရသည်။ လူတွေကွဲကုန်သလို မီးလောင်နေတာမို့ ကိုင်းတောထဲက အမြန်ထွက်မှ ရမည်ဆိုတာ သူသိသည်။
ချွတ်ခနဲ ခြေသံကြားလိုက်ရသလို နောက်ပါးမှမို့ ကပျာကယာ နောက်လှည့်လိုက်သည့်အခါ ရိပ်ခနဲ ဝင်လာသည့် ဓားကြောင့် အမြန်ရှောင်လိုက်ရသည်။ ကမူးရှူးထိုးဝင်လာသည့်လူကို ဖမ်းချုပ်ကာ ကိုင်ပေါက်ချလိုက်ရင်းမှ အပေါ်ကနေ ခွထိုင်ကာ လည်ပင်းကို ဓားဖြင့် ဆွဲလှီးပစ်လိုက်သည်။
ဒိုင်း
သေနတ်သံနဲ့အတူ သူ့ပေါင်တစ်ဖက်ပူတက်သွား၏။ နောက်ပြန်လှည့်ကြည့်မိတော့ မျက်နှာကို ဖြတ်ကန်ခံလိုက်ရသလို သူ့ကို ဖမ်းချုပ်လာသည်။
စန္ဒာ ဆိုင်ကယ်ကို ထိုးရပ်လိုက်သလို မီးလောင်နေသည့် ကိုင်းတောကြီးထဲမှ တိုးထွက်လာကြသည့် ဖိုက်တူးကို မြင်တာမို့ သူပါလာမလားကြည့်မိသည်။
“ မမလေး....ဂိုဏ်းချုပ်....ဂိုဏ်းချုပ် မရောက်သေးဘူးလား။ “
ကိုင်းတောဘက်ပြေးလာသည့် မမလေးကြောင့် ဖိုက်တူး တားရန်ပြင်လိုက်သည်။ ကိုင်းတောက မီးလုံးဝစွဲနေပြီမို့ ခု ဝင်သွားလျှင် ပြန်ထွက်နိုင်တော့မှာ မဟုတ်။
“ မမလေး...သွားလို့ မရ....”
သူ့ကို အရှိန်ဖြင့် တစ်ခါထဲ ဆောင့်တွန်းထုတ်သွားရင်း မီးတွေကြားထဲ တဟုန်ထိုးပြေးဝင်သွားသလို ဘယ်သူမှ လိုက်ဖမ်းလို့ မမိလိုက်ပေ။
ကိုင်းတောက မီးစွဲလောင်နေတာမို့ ညှော်နံ့တွေမွှန်ထူနေရုံမက မီးခိုးတွေကြောင့် မြင်ကွင်းကလဲ မသဲကွဲပေ။ မြက်ရိုင်းရှည်တွေကို မီးစွဲနေသည့် တဖျစ်ဖျစ်မြည်သံတွေက နားထဲ ညံနေသလို ခုချိန်မှာ စန္ဒာ့ရင်တွေ ပူနေတာဟာ ဘာနဲ့မှ နှိုင်းမရပေ။ သူ သေလို့မရဘူး။ စန္ဒာ့ကိုထားပြီး တစ်ခုခုဖြစ်သွားလို့ မရဘူး။
“ ရာဇပလ္လင်......ရာဇပလ္လင်......ဘယ်မှာလဲ။ “
မျက်စိရှေ့နားရှိ ကိုင်းပင်တွေကြားမှ တစ်ယောက်ယောက်က ကမန်းကတန်း ပြေးထွက်လာတာ ရိပ်ခနဲ မြင်လိုက်မိတာမို့ စန္ဒာ ဂါဝန်ရှည်ကို ဆွဲမရင်း ပေါင်တွင်ပတ်ထားသည့် ဓားမြှောင်အား ဆွဲထုတ်ပစ်လိုက်သည်။ ဆက်တိုးမလာပဲ ရပ်နေသည်မို့ သူတော့ မဖြစ်နိုင်တာ ကျိန်းသေသွားသလို မျက်စိရှင်ရှင်ဖြင့် သတိကို ကြီးကြီးထားရသည်။
ယားခနဲ ခုန်ထွက်လာသလို ဓားရှည်ကို မြင်လိုက်ရသဖြင့် စန္ဒာ ကိုယ်လေးကို ဘေးစောင်းချလိုက်သည့်အခါ သီသီလေး လွဲသွားသည်။ တဆက်ထဲ ဝိုက်ကာ ဓားကို လှည့်ခုတ်ချလိုက်တာမို့ ဓားမြှောင်ဖြင့် ပြန်ခံထားလိုက်သည့်တိုင် ယောကျာ်းအားမို့ လက်‌မောင်းတစ်ဖက်က အောင့်တက်သွား၏။
“ ကောင်မက ဘယ်ဆိုးလို့လဲ......ဒါပေမယ့် သေမှာပဲ။ “
စန္ဒာ့ကို ဆဲလဲဆဲ ပြေးဝင်လာသည်မို့ ခုတ်ပိုင်းလာသည့် ဓားချက်တွေကို မနည်းရှောင်ရင်း လက်ထဲမှ ဓားရိုးကို ကျစ်နေအောင်ဆုပ်ထားရင်း အနည်းငယ်လှစ်ဟလာသည့် လည်စောင်းကို ဆောင့်ထိုးချလိုက်သည်။ အရှေ့လည်မျိုလို မပျော့တာမို့ လည်ပင်းအရိုးကို သွားစိုက်ဝင်သွားသလို သွေးတွေက မထွက်လာပဲ တစ်စက်ချင်းသာ စိမ့်ကျနေသည်။
“ အ...အားးးးရှီး။”
ဟန်ချက်ပျက်သွားသည့်ပုံစံကို အခွင့်ကောင်းယူလိုက်ရင်းမှ ထိုလူ့လက်ထဲမှ ဓားရှည်ကို ရုတ်တရတ်ဆွဲလုပစ်ရင်း လည်ပင်းကို ကန့်လန့်ပိုင်းချပစ်သည်။ ဓားကလဲ ပြတ်လိုက်တာမှ ဇွိခနဲ နေသည်။ ပြတ်လုပြတ်ခင် ခေါင်းက ပခုံးဘယ်ဖက်ခြမ်းသို့ စောင်းကျနေကာ လည်ပင်းက သွေးတွေက ပုံးသွန်ချလိုက်သလို စီးကျနေသည်။
ရာဇပလ္လင် သူ့အပေါ်မှ ခွစီးကာ ဓားမြှောင်ဖြင့် လည်မျိုကို အတင်းဖိချနေသည့် လူကြောင့် အောက်ကနေ ဓားဦးချွန်ကို ဖမ်းကိုင်ထားရင်း မနည်းတောင့်ခံထားရသည်။ သူ့မျက်နှာပေါ် သူ့လက်မှ သွေးတွေက စီးကျနေသလို နှစ်ယောက်သား အားကုန်သုံးနေတာမို့ မျက်နှာတွေက အစ နီမြန်းနေ၏။
စန္ဒာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကပျာကယာပြေးလာရင်း အပေါ်မှ လူကို လက်ထဲမှ ဓားဖြင့် လည်ကုတ်ကို ပြေးဆောင့်ထိုးပစ်သည်။ သို့ပေမယ့် စန္ဒာ့ကို မြင်သွားကာ ကမန်းကတန်း လှိမ့်ချသွားတာမို့ မြေပြင်ပေါ် ဒဏ်ရာဖြင့် လဲနေသည့် သူ့ကို ကပျာကယာ ဆွဲထူလိုက်ရင်း.....
“ အဆင်ပြေရဲ့လား။ “
“ အင်း....”
ဒိုင်း !!!!!
သေနတ်သံနှင့်အတူ ထိုလူက ပစ်လဲကျသွားသလို နောက်မှာ ပေါ်လာသည့် လူကို ကြည့်မိတော့ Light က သေနတ်ကိုင်လျက်သားဖြင့် ရပ်နေ၏။ သူတို့ကို တစ်ချက်ကြည့်လာရင်း....
“ ရဲတွေ တောင်ခြေရောက်နေပြီ။ မြန်မြန်လာကြ။ “
စန္ဒာ သူ့ကိုယ်ကြီးကို တွဲကာ အလင်းနောက်ကနေ အမြန်လိုက်လာခဲ့ရသည်။ ဝင်တုန်းက ဝင်လာပေမယ့် မီးလောင်နေသည့် ကိုင်းတောထဲက ထွက်ဖို့ဆိုတာ အတော်အဆင်မပြေပေ။ အလင်းက နောက်ကလိုက်လာ၍သာ တော်သေးသည်ဟု ပြောရမည်။ ကိုယ့်မောင်ပေမယ့် အလင်းက တကယ်တော်ပါသည်။
@@@@@@@@@@@@
ရာဇပလ္လင် အိပ်ယာထက်အသာမှီထိုင်နေရင်းမှ သူ့အနားထိုင်ကာ ငြိမ်နေသည့် လကလေးကို တစ်ချက်ကြည့်လိုက်မိသည်။ မျက်နှာလေးက သုန်မှုန်နေသလို သူ့ဒဏ်ရာအား သေချာအသေးစိတ်လိုက်ကြည့်နေတာမို့.....
“ ကိုယ် အဆင်ပြေပါတယ်။ “
“ ဘယ်သူ့လက်ချက်လဲ သိလား။ “
ရာဇပလ္လင် ခေါင်းကို အသာညိတ်ပြလိုက်သည်။ လက‌လေးပုံစံက သူ့အား စိုးရိမ်နေတာ သိသာသလို သူမ ဒီလို မျက်နှာလေးငယ်နေတာမျိုး ပထမဆုံးတွေ့ဖူးခြင်းပင်။
“ မမ နင်လဲ ရူးသွားတာလား။ မီးထဲပြေးဝင်သွားရ‌အောင် နင်က မသေတတ်ဘူးများ ထင်နေလား။ “
“ သေတော့ရော ဘယ်နှစ်ခါသေမှာမို့လို့လဲ။ “
ကြည့် .....ပြန်ဖြေပုံကိုက ထောင့်မကျိုး။
“ လကလေး ဖိုက်တူးကို ခေါ်လိုက်။ ကိုယ် စကားပြောစရာရှိလို့။ “
စန္ဒာ သူ့ကို တစ်ချက်ငေးရင်းမှ စိတ်မချပေမယ့် အလင်းကိုပါ ခေါ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ဖိုက်တူးက စန္ဒာ မေးဆတ်ပြလိုက်သည်နှင့် အခန်းထဲ ဝင်သွားသလို သူတို့ ဘာကိစ္စ ပြောကြတော့မည်ဆိုတာက သိသာနေသည် မဟုတ်လား။
ဖိုက်တူး ဓာတ်ပုံတွေကို သေချာကမ်းပေးလိုက်သလို ဂိုဏ်းချုပ်က ယူကြည့်လိုက်ရင်းမှ သူ့ကို မျက်လွှာပင့်ကြည့်လာကာ....
“ အဲ့မိန်းမ ကိုယ်ဝန် မရှိတာ သေချာလား။ “
“ သေချာပါတယ် ဂိုဏ်းချုပ်။ သူ ဆရာဝန်ဆီသွားပြီး တားဆေးထိုးခဲ့တယ်။ ရူကီက ဂိုဏ်းချုပ်အဖေကိုရော ဟိုကောင့်ကိုပါ ညာထားတာ။ “
စကားဆုံးသည်နှင့် အခန်းတံခါးက ဒုန်းခနဲ ပွင့်လာသလို သူ့ကို ခပ်တည်တည်စိုက်ကြည့်နေသည့် လကလေး။
‌” အဲ့ဒါ ဘာစကားလဲ။ အဲ့မိန်းမက သရုပ်ဆောင်နေတာလား ....ဟုတ်လား။ “
ဖိုက်တူး ဂိုဏ်းချုပ်ကို လှမ်းကြည့်မိသလို သူ့ကို ခေါင်းညိတ်ပြလာသည်မို့.....
“ ဟုတ်ကဲ့ မမလေး။ သေချာပါတယ်။ “
စန္ဒာ အံ့ဩလွန်းတာမို့ ဟက်ခနဲ ရယ်လိုက်မိရုံသာ တတ်နိုင်သည်။ ဘယ်လို စောက်ရူးမမျိုးပါလိမ့်။ သူ လုပ်ကြံခံရသည့်ကိစ္စကလဲ အဲ့မိန်းမနဲ့ ပတ်သက်နေမည်ဆိုတာ စန္ဒာ ရိပ်မိသည်။
“ ဒီကောင်မကို ငါ သတ်တော့မယ်။ “
ပြောလဲပြော အခန်းထဲမှ ထွက်သွားသည့် လကလေးကြောင့် ရာဇပလ္လင် ကပျာကယာ အိပ်ယာထက်မှ ထထိုင်လိုက်ရသည်။ ဒဏ်ရာက စစ်ခနဲထိုးအောင့်သွားပေမယ့် လက‌လေးကို တစ်ယောက်ထဲ လွှတ်ထားလို့ မဖြစ်။
“ ဖိုက်တူး...ငါ့သေနတ်ပေးစမ်း.။ အမြန်လိုက်မှ ဖြစ်မယ်။ “
ရူကီ။
ဖုန်းကို ချလိုက်ရင်းမှ ခံပြင်းစွာ‌တောက်ခေါက်လိုက်မိသလို လွဲချော်သွားရသည်ကို မကျေနပ်နိုင်ပေ။ တော်တော် သက်ဆိုးရှည်နေကြသည်ပေါ့လေ။
ကျွီ....ဒုန်း။
ခြံတံခါးကို ဆောင့်တိုက်သံနဲ့အတူ ကမူးရှူးထိုးမောင်းဝင်လာသည့်ကားကြောင့် ရူ့ကီ ဖျတ်ခနဲ လှမ်းကြည့်မိသွားသည်။ ကားပေါ်မှ ဆင်းချလာသည့် ငွေစန္ဒာကို တွေ့သလို လာနေရင်း ခါးကြားမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်တာ မြင်တာမို့ အလန့်တကြား ဖြစ်သွားကာ အစောင့်တွေကို အော်ခေါ်လိုက်၏။
“ လာကြပါဦး.....အမလေ.....ဒက်ဒီရေ.....”
စန္ဒာ လမ်းလျှောက်လာရာမှ ပြေးသွားလိုက်ရင်း လှည့်ပြေးသည့် ရူ့ကီကို ဆံပင်မှ ဆောင့်ဆွဲကာ မျက်နှာကို ဆွဲလှန်ချပစ်လိုက်သည်။
“ နင် လူရွေးမှားသွားပြီ ကောင်မ။ “
စန္ဒာ့လက်ထဲမှ ဓား‌မြှောင်က ရွှပ်ခနဲနေအောင် ရူ့ကီလည်ပင်းကို ဆွဲဖြတ်ပစ်လိုက်သည်။ သွေးတွေ ပန်းထွက်လာသလို သေနတ်တွေနှင့် ထိုးချိန်လာကြသည့် အစောင့်တွေနှင့် ပြေးလာသည့် ဦးမောင်ကလေး။
“ ငွေစန္ဒာ...မင်း....မင်း...ဘာလုပ်နေတာလဲ ပစ်ကြစမ်း။ “
“ ဒိုင်း...”
သေနတ်သံတစ်ချက်က အရင်ထွက်လာသလို ဒဏ်ရာကို ဖိလျက်သားဖြင့် ရောက်လာသည့် ရာဇပလ္လင်။ စန္ဒာ့ရှေ့က ဝင်ရပ်လိုက်ရင်းမှ....
“ အဖေ ကျွန်တော့်မိန်းမကို ထိလိုက်တာနဲ့ သားအဖခန်းပြတ်ပြီဆိုတာ သိထားပါ။ “
ဦး‌မောင်ကလေး၏ မျက်ဝန်းတွေက စူးရဲသွားသလို ရာဇပလ္လင်ကလဲ တစ်ပြားသားမှ မလျော့ပေ။ အကြည့်တွေက စစ်ခင်းနေကြရင်း စန္ဒာက ရူ့ကီအလောင်းကို မြက်ခင်းပေါ် ဘုတ်ခနဲ ပစ်ချပစ်သည်။
“ အန်ကယ့်မိန်းမက စန္ဒာ့ယောကျာ်းကို လုပ်ကြံတယ်လေ။ ခွင့်လွှတ်ပေးစရာ စောက်ကြောင်းကို မရှိဘူး။ “
စန္ဒာ့ကို လာထိရင်တောင် လျစ်လျူရှုနိုင်ပေမယ့် သူ့ကို လာထိတာတော့ သီးမခံနိုင်ပါ။ လုံးဝကို သီးမခံနိုင်ဘူး။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
Part – 19
Author - အနမ်းခြွေ

My Stranger Guy ( Complete) Where stories live. Discover now