P 4(21/jan)

5.8K 196 7
                                    

Part – 4
“ လကလေး...မင်း မူးယစ်ဆေးကို ဘယ်လိုသိထားတာလဲ။”
သူ့အမေးကို အံ့ဩသလိုလေး ငေးကြည့်လာရင်းမှ ထုံးစအတိုင်း ပေတေတေ ကတ်သတ်သတ် ပြန်ပြောလာသည်။
“ သိမှ သုံးလို့ ရမှာလား။ သုံးနေတဲ့သူတွေကရော အကုန်လုံး မူးယစ်ဆေး အကြောင်းနားလည်နေကြတာလား။ ရှင်ရောင်းတော့ရော ဆေးအကြောင်းသိတဲ့သူတွေကိုပဲ ရောင်းလား။“
ရာဇပလ္လင် ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။
“ ခက်လိုက်တာ လကလေးရယ်။ “
စန္ဒာ သူ့ပုံစံကို ငေးစိုက်ကြည့်နေရင်း စိတ်ညစ်သွားရသည်။ ဒီလို အခြေအနေမျိုးကြီးကို စန္ဒာ လုံးဝ မကြိုက်ပေ။ ဒီလိုရပ်ဝန်းမှာလဲ နေလို့ မပျော်တတ်သော မိန်းမမို့ အပြင်သွားရန် ထရပ်လိုက်သည်။
“ ဘယ်သွားမလို့လဲ.....”
“ အရာရာ သံတော်ဦးတင်နေရအောင် ရှင်က ကျွန်မအဖေလား။”
ရာဇပလ္လင် မျက်မှောင်ကျုံ့သွားမိသလို ထရပ်ရင်း သက်ပြင်းချလိုက်သည်။ စိတ်ဆိုးသွားမှန်း သိလိုက်ပေမယ့် ဒါကတော့ လုံးဝ ခွင့်မပြုပေးနိုင်သော ကိစ္စမို့ ထပ်ပြောလဲ သူ တားမှာပင်။
“ ကိုယ် လိုက်ပို့မယ်။ “
“ မလိုဘူး.....မွေးထဲက ခြေရောလက်ရော အကောင်းအတိုင်းပဲ။ “
ပြောပြီး သူ့ကို တွန်းတိုက်ထွက်သွားသလို အိမ်တံခါးကို ဒုန်းခနဲ ဆောင့်ပိတ်သွား၏။ တစ်ယောက်ထဲ ကျန်ခဲ့ရင်းမှ စားပြီးသား ပန်းကန်တွေ သိမ်းကာ ဆေးကြောရင်း သူ သူမလေးကို ဘယ်လိုများ ကာကွယ်ရပါ့မလဲဆိုတာ တွေးမိသည်။ မီးကိုမြင်လျှင်လဲ နောက်မဆုတ်တတ်တဲ့ ကလေးမမို့ အတင်းဝင်တိုးသည့်အခါ သူပဲ ရင်ကွဲရမှာပင်။

ပထမဆုံး သူ နဲ့ သူမ ဆုံသည့်အကြိမ်ကို သူ ကောင်းကောင်းကြီး မှတ်မိနေသည်။ သူ ညီ့ အရိုးပြာကို သွားကျဲသည့်နေရာတွင် သူမလေးနဲ့ သူ တွေ့ခဲ့သည်။
“ ဟေ့လူကြီး.......”
သူ့ကို မျက်စိလေးတစ်ဖက် လှမ်းမှိတ်ပြရင်း လှမ်းခေါ်သည့်ပုံစံလေးက ထောင့်မကျိုးလေးမို့ သူ နဲ့ ပြဿနာတက်ခဲ့သေးသည်။ သို့ပေမယ့် ထိုအချိန်ထဲက သူမ၏ ဂျစ်ကန်ကန်ပုံလေးသည် ပြန်လာသည့်တိုင် သူ့မသိစိတ်ထဲ ကပ်တွယ်ပါလာခဲ့သည်။ ပထမတစ်ကြိမ်ဆုံပြီးထဲက လကလေးကို သူ တွယ်ငြိခဲ့သည်။
ဒုတိယတစ်ကြိမ်တွင် လကလေးသည် သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ သူမ အဖေ နဲ့ မောင်ကို သူ လုပ်ကြံခဲ့သည့်ကိစ္စကြောင့် သူ့ကို စုံစမ်းကာ သူ့အိပ်ခန်းထဲထိ ဝင်ရောက်လုပ်ကြံခဲ့၏။ သို့ပေမယ့် ထိုနေ့က သူ ထွေနေသည်ရော ၊ သူမကို မြင်လိုက်ရသည့်အခါ အတင်းသိမ်းပိုက်မိခဲ့၏။ ထိုအချိန်ကစပြီး လကလေး ပျောက်သွားသည်။
သူ လိုက်ရှာပါသည်။ အသဲအသန်ကို လိုက်ရှာသည်။ သူ့ကိုယ်သူလဲ သိပ်ကို အပြစ်တင်မုန်းတီးခဲ့မိသေးသည်။ မိန်းကလေးတစ်ယောက်ကို အလိုမတူပဲ သိမ်းပိုက်ကျူးလွန်မိခဲ့တာ သူ သိပ်ကို ရွံရှာစရာကောင်းသည်။ သို့ပေမယ့် လကလေးသည် လင်းရောင်ခြည်၏ အစ်မ ဖြစ်နေခဲ့သည်။ တိုကျိုမှာ လုံးဝ မရှိတော့တာ သိလိုက်ရသည်နှင့် ဘန်ကောက်ကို လိုက်သွားခဲ့သည်။
သို့ပေမယ့် ပန်းကတ္တီပါ နဲ့ သာ တွေ့ခဲ့သလို သူကပဲ စောင့်ရှောက်ပေးထားရသည်။ တကယ်တော့ လင်းရောင်ခြည်ကို အညှာကိုင်ထားနိုင်ရန် ခေါ်ထားခြင်းပေမယ့် ပန်းကတ္တီပါကနေ တဆင့် လကလေးက သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။

My Stranger Guy ( Complete) Where stories live. Discover now