My Stranger Guy
Part – 25 ( ဇာတ်သိမ်းပိုင်း)
ဘီးကျဲ နာရီကို တစ်ချက်လှမ်းကြည့်လိုက်ရင်းမှ စိတ်ပူနေမိသလို လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူ ရောက်တော့ သားငယ်က သွားကယ်နေပြီမို့ သူ့ကို ဒီက စောင့်နေရန် မှာခဲ့သည်။ ကူးကတော့ သူ့သမီးရော သားရော စိတ်ပူတာမို့ ပုတီးလေးစိတ်လိုက် ခြံထဲ ထွက်ကြည့်လိုက်ပင်။
“ ကူး…မောင် လိုက်သွားလိုက်ဦးမယ်။ “
ကူး မောင့်မျက်နှာကို မော့ကြည့်လိုက်ရင်းမှ ခေါင်းလေးညိတ်လိုက်မိသည်။ သူ့သမီးကို သိပ်ချစ်တဲ့သူမို့ အတော်လေးစိုးရိမ်နေတာ သိသာသည်။
“ မောင်လဲ ဂရုစိုက်နော်။ သားအဖတွေ ဒဏ်ရာရမလာစေနဲ့။ “
ဘီးကျဲ ပြုံးကာ ခေါင်းညိတ်လိုက်မိသလို ခြံထဲအတူဆင်းလာစဥ် ကားဟွန်းတီးသံကြောင့် သားငယ် ပြန်ရောက်လာပြီမှန်း သိလိုက်သည်။ ဝမ်းသာအားရဖြင့် ခုမှ စိတ်အေးသွားရသလို ခြံတံခါးပွင့်ကာ ဝင်လာသည့်ကားကို လှမ်းကြည့်နေမိသည်။ ကားပေါ်မှ ဆင်းလာသည့် မြသစ်က ကားနောက်ခန်းတံခါးကို ဆွဲဖွင့်ပေးလိုက်သလို ကားနောက်ခန်းမှ သားငယ် အရင်ဆင်းလာ၏။ ခါးကိုကိုင်းကာ ကားနောက်ခန်းထဲ ခေါင်းငုံ့၍ တစ်စုံတစ်ယောက်ကို ပွေ့ချီယူလိုက်တာ မြင်လိုက်သလို သူတို့ဖက်လှည့်လိုက်တော့ ဖတ်ခနဲ ကျလာသည့် လက်ပျော့ပျော့လေးကြောင့် ဘီးကျဲ ငေါင်ကျသွား၏။
ဘီးကျဲ သားငယ်ချီလာသည့် မိန်းကလေးကို ကြည့်ရင်းမှ မျက်စိထဲ ပြာမိုက်သွားရသလို သူ့ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားရသည်။ သားငယ်လက်ထဲ ပျော့ခွေကာ ပါလာသည့်သမီးပုံစံကို ကြည့်ရင်း သူ ဟားခနဲ ဖြစ်သွားရသလို သူ့ဘေးမှ ကူး၏ အလန့်တကြားအသံလေးကလဲ ထွက်လာသည်။
“ အမလေးးးးးးစန္ဒာ....သ...သမီးရေ....”
ပြေးသွားသည့် ကူးကို သူ ကပျာကယာ ဖမ်းဆွဲထားလိုက်သလို လင်မယားနှစ်ယောက်လုံး မြေပြင်ထက်ခွေကျသွားရသည်။ သူချုပ်ထားသည့်ကြားမှပင် ကူးမှာ လူးလိမ့်ငိုသလို သူ့မျက်နှာတွင်လဲ မျက်ရည်တွေက ရွှဲနစ်နေသည်။
သမီးသေပြီ။ သူ့သမီး သေသွားပြီ။
Light အံကို တင်းနေအောင် ကြိတ်ထားသလို ပါးပြင်ပေါ် မျက်ရည်စတို့က အဆက်မပြတ်ကျလာရင်း တောင့်တောင့်ကြီး ရပ်နေမိသည်။ သူ့အပြစ်ပါ။ သူ မမကို မကာကွယ်နိုင်ခဲ့တာ။ သူ မစောင့်ရှောက်နိုင်ခဲ့တာ။ တစ်ယောက်ထဲ ဒီမှာ ပစ်ထားခဲ့သလို ဖြစ်သွားတာ။
ညိုမောင်း ကိုကျဲကို လှမ်းကြည့်မိသလို ပန်းကတ္တီပါက အစ်မကူးကို အသာဖက်ထားပေးရင်း ငိုယိုနေကြသည့်မြင်ကွင်းက မကြည့်ရက်စရာပင်။ ကိုကျဲက သူ့သမီးကို သိပ်ချစ်တာ။ ဘီးကျဲ နေရာမှ အသာထကာ သားငယ်ဆီလျှောက်လာရင်း သမီးမျက်နှာကို ငေးကြည့်မိသည်။
“ ကျွန်..ကျွန်တော် တောင်းပန်ပါတယ် အဖေ….တကယ် တောင်းပန်ပါတယ်။“
ဘီးကျဲ သမီးကိုယ်လေးကို သားငယ်လက်ထဲမှ အသာလွှဲယူကာ ပွေ့ချီလိုက်သည်။ ငယ်စဥ်ထဲက နမ်းမဝသည့် ပါးလေးကို အသာဖိကပ်နမ်းလိုက်ရင်းမှ ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်ကာ….
“ ညိုမောင်း….”
“ ဟုတ်ကဲ့ ကိုကျဲ….”
“ မင်း တူမကို သဂြိုလ်ဖို့ လုပ်ပါ။ “
ညိုမောင်း ကိုကျဲကို မချိတင်ကဲ ငေးကြည့်နေရင်းမှ ခေါင်းကို ညိတ်လိုက်မိသည်။ ဘယ်လောက် ရင်ကွဲရှာမလဲ သူသိသည်။ နေ့နေ့ညည ငယ်ငယ်ထဲက ဖအေလက်ထဲမှာပဲ ကြီးပျင်းခဲ့သည့် ကလေးပင်။ သူ့အဖေကို သိပ်ချစ်တဲ့ကလေး။
*****************************
စားပွဲပေါ်ထောင်ထားသည့် ငွေစန္ဒာ၏ ဓာတ်ပုံလေးရှေ့တွင် ထမင်းဟင်းပန်းကန်လေး ပြင်ထားပေးရင်းမှ ပန်း မြသစ်ကို လှမ်းကြည့်မိသည်။
“ အဖေရော…..”
“ မီးဖိုချောင်ထဲမှာ…..ဟို….”
ပြောရင်းမှ မြသစ်က စိတ်ထိခိုက်သလို မျက်ရည်စအချို့ကို လက်ဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်ရင်း…
“ မမစန္ဒာအတွက် ခေါက်….ခေါက်ဆွဲကြော်နေတယ်။ မမစန္ဒာက သိပ်ကြိုက်တာတဲ့။ “
ပန်း အင့်ခနဲ ရှိုက်လိုက်မိသလို ခေါင်းညိတ်ပြမိသည်။ မမ ဆုံးသွားတာ ဘယ်လိုမှကို မယုံကြည်နိုင်စရာပင်။ ကိုကိုလဲ သိပ်စိတ်ထိခိုက်သွားတာ အခန်းထဲကကို ခုထိ ထွက်မလာတော့ပေ။
“ ပန်း ကိုကို့ကို သွားကြည့်လိုက်ဦးမယ်။ “
နေရာမှ ထလာခဲ့ရင်းမှ အပေါ်ထပ်တက်လာကာ အခန်းထဲဝင်လာတော့ ဝရန်တာတွင် အသာထိုင်နေသည့် ကိုကို့ပုံစံက တည်တင်းမှုန်ကုတ်နေကာ စိတ်ထိခိုက်လွန်းသည်မို့ မျက်ဝန်းတွေက နီရဲနေသည်။
“ ကိုကို…”
“ …..”
“ ကိုယ် အကုန် သတ်ပစ်မှာ ပန်းလေး….မင်း သမီးကို ခေါ်ပြီး ဘန်ကောက်ပြန်ဖို့ပြင်။“
ပန်း သက်ပြင်းချမိသလို ဘာမှစောဒက မတက်မိပါ။ နှစ်သိမ့်လို့လဲ အချည်းနှီးသာ ဖြစ်မည်။ အဖေကလဲ ဒီအတိုင်းလွှတ်ထားမှာ မဟုတ်။
ဦးမောင်ကလေး စံအိမ်ထဲဝင်လာရင်းမှ ဖိုက်တူး ကို တစ်ချက်ကြည့်လိုက်မိသည်။
“ သားရော…”
“ အခန်းထဲမှာ ရှိပါတယ်။“
မျက်နှာမကောင်းကြတာမို့ သူ စိတ်တော့ထင့်မိသည်။ ဖိုက်တူး ဖုန်းဆက်ခေါ်ကာ ဂိုဏ်းချုပ်ကို လာကြည့်စေချင်သည်ပြောတာမို့ သူ ချက်ချင်း ရောက်လာခြင်းပင်။ အပေါ်ထပ်တက်လာကာ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် သွေးတွေပေလူးနေသည့် သားကို မြင်လိုက်ရသလို လက်ထဲမှာလဲ သွေးတွေပေကျံနေသည့် ဓားတစ်ချောင်ကို ကိုင်ထားကာ သူ့ကို ကြောင်စီစီဖြင့် ပြုံးပြနေသည်။
“ ရာဇပလ္လင်….”
ကြမ်းပြင်ထက် ရှိနေသည့် ဂိုဏ်းသားကို ကြည့်မိတော့ မျက်စိကို အဖောက်ခံထားရသလို အသက်မရှိတော့။
“ လကလေးကို မျက်စိထည့်ပေးမလို့လေ….စမ်းကြည့်တာ…ရပြီထင်တယ်။ “
ဦးမောင်ကလေး အခန်းဝရပ်နေသည့် ဖိုက်တူးကို လှမ်းကြည့်မိသည်။
“ သား….မင်း….”
“ ရှေ့တိုးမလာနဲ့…..”
ခါးကြားမှ သေနတ်ကို ထုတ်ကာ သူ့ဆီ လှမ်းချိန်လိုက်တာမို့ ဦးမောင်ကလေး အသာရပ်လိုက်သလို သားကို လက်ကာပြလိုက်ရသည်။
“ သား….”
“ ခဏပဲ စောင့်စမ်းပါ။ လကလေးက ….လကလေးက သတ်ခိုင်းလို့ သတ်ပေးလိုက်တာ။ ပြန်….ပြန်လာမှာပေါ့။ စောင့်နေရင် ရတယ်….နော်….ဟုတ်တယ် နော် ဖိုက်တူး။ “
“ ဟုတ်….ဟုတ်ပါတယ် ဂိုဏ်းချုပ်….မမလေး ပြန်လာမှာပါ။ “
ရာဇပလ္လင် မျက်နှာက သဘောကျသလို ပြုံးသွားကာ ဦးမောင်ကလေးကို မေးဆတ်ပြလာသည်။
“ တွေ့လား…ကျွန်တော် ပြောသားပဲ။ “
ဦးမောင်ကလေး သားဖြစ်သူကို ငေးကြောင်ကြည့်နေမိသလို ရင်ထဲ ဟာလာဟင်းလင်း ဖြစ်သွားသည့် ခံစားချက်ပင် ။ သူ ဒီလိုတွေ ဖြစ်မှာ ကြောက်ခဲ့တာလေ။ ငွေစန္ဒာက နောက်ဆုံးတော့ သူ့သားကို ဆွဲချနိုင်ခဲ့ပြီဖြစ်သည်။
ဘီးကျဲ ခေါက်ဆွဲကြော်ပန်းကန်လေးကို သမီးဓာတ်ပုံရှေ့အသာချပေးလိုက်ရင်းမှ မျက်ရည်တွေကြားကနေ အားတင်းပြုံးလိုက်မိသည်။ အငွေ့တထောင်းထောင်းထနေသည့် ခေါက်ဆွဲကြော်ပန်းကန်လေးက သူ့သမီး စားမှ စားနိုင်ပါ့မလားဟု ရူးကြောင်ကြောင်တွေးမိသေးသည်။ ဓာတ်ပုံလေးနားမှ ခွာလာရင်း ကူးကိုလဲ သူ သွာကြည့်ရဦးမည်မို့ အပေါ်ထပ်တက်လာခဲ့သည့်တိုင် သူ့ရင်ထဲက ပြောမပြတတ်အောင် နာကျင်စို့နင့်နေသည်။ လက်ခံရခက်ခဲလိုက်တာ ငါ့သမီးရယ်။
*******************************
ဘီးကျဲ အခန်းတံခါးလေးကို ဖွင့်ဝင်လိုက်ရင်း ကူးကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ဆံပင်တွေလဲ ဖီးသင်နိုင်ခြင်းမရှိပဲ ဖားလျားချလျက် အိပ်ယာထက် ဒူးလေးထောင်ကာ ထိုင်ရင်း သူ့သမီးငယ်ငယ်က ဓာတ်ပုံလေးကို ကြည့်၍ တွေတွေကြီးရှိနေသည်။ သူ အနားလျှောက်လာကာ ဘေးတွင်ဝင်ထိုင်လိုက်ရင်းမှ ခေါင်းလေးကို အသာဖွဖွပွတ်သပ်လိုက်ကာ....
“ မောင့်ကူး......”
သူ့ခေါ်သံကြောင့် ဓာတ်ပုံဆီမှ အကြည့်ခွာကာ သူ့ကို မော့ကြည့်လာသည့် မျက်ဝန်းတွင် မျက်ရည်စတွေက ပြည့်လျှံနေသည်။ သူ့မျက်နှာကို ငေးငေးလေးကြည့်နေရင်းမှ ဖြူဖျော့နေသည့် နှုတ်ခမ်းလေးက တဆတ်ဆတ်တုန်ယင်လာသလို မျက်ရည်စတွေက အတောမသတ်စီးကျလာရင်း ဝမ်းပန်းတနည်း ယူကြုံးမရ ငိုကြွေးနေသည်ကို မချိတင်ကဲ ငေးကြည့်ရင်း သူ့ရင်တွေလဲ နာနေသည်။
သမီး မရှိတော့ဘူး ဆိုသည့် အသိက သူနဲ့ကူးကို ရူးမတတ်ဖြစ်စေသည်။ ဘီးကျဲ ကူးကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲဖက်လိုက်ရင်းမှ အံကိုတင်းတင်းကြိတ်ထားမိသည်။ သူ နဲ့ ကူးဘဝထဲကို ပထမဆုံးဝင်လာသည့် ကလေး။ သမီးဦးလေးမို့ သူ့မှာ ရူးမတတ်ချစ်ရပါသည်။ ခုတော့ အဲ့ကလေးက သူ့ဘဝထဲက ထွက်သွားပြီတဲ့လား။
ပြန်ပေးဆပ်ရမည်။
သူ့ရင်ဘတ်ထဲက သူ့သမီးကို ဆွဲထုတ်သည့် အပြစ်ကို ပြန်ပေးဆပ်ကို ဆပ်ရစေ့မည်။
မီးသဂြိုလ်စက်ရှေ့တွင် တစ်မိသားစုလုံး တိတ်တိတ်ဆိတ်ဆိတ်ပင် ရပ်နေရင်းမှ အချိန်ကျပြီမို့ ဘီးကျဲ သားငယ်ကို ငဲ့ကြည့်လိုက်မိသည်။
“ သားငယ်….မင်းအစ်မကို နှုတ်ဆက်မယ်။ “
Light ခေါင်းတလားဆီ လျှောက်လာရင်းမှ နှင်းဆီပန်းတစ်ပွင့်ကို မမရင်ဘတ်ပေါ် အသာတင်ပေးလိုက်ကာ ပန်းလေးနှင့်အတူ ကြမ်းပြင်တွင် ထိုင်ချရင်းမှ ရှိခိုးလိုက်သည်။ မမအပေါ် ဆိုးခဲ့မိတာတွေ….ပမာမခန့်ပြောခဲ့မိတာတွေအကုန်လုံးကို တောင်းပန်ရင်း သူ့အစ်မက သူ့ထက်ကြီးသည် မဟုတ်လား။
“ ကူး….မောင်တို့ သမီးကို လိုက်ပို့ရအောင်။ “
စန္ဒကူးဆီမှ အင့်ခနဲ ရှိုက်သံထွက်လာသလို Light က စန္ဒကူးကို အသာဘေးမှ ထိန်းဖက်ထားပေးကာ မမအခေါင်းနား ခေါ်လာပေးသည်။ ကူး ခေါင်းတလားထဲမှ သမီးဖြစ်သူကို ငေးကြည့်ရင်း လက်လေးကို အသာဆုပ်ကိုင်မိသည်။ မခံစားနိုင်တာမို့ ခွေကျသွားသလို ရှိုက်ကြီးတငင်သာ ငိုကြွေးမိတော့သည်။
ဘီးကျဲ ခေါင်းတလားထဲမှ သမီးဖြစ်သူမျက်နှာကို ငေးစိုက်ကြည့်ရင်း ဆံနွယ်လေးတွေကို အသာသပ်တင်ပေးမိသည်။ မျက်ခုံးလေး ၊ နှာတံလေး ၊ နှုတ်ခမ်းလေးကအစ သူ့သမီးဟာ အစိတ်အပိုင်းတစ်ခုချင်းစီတောင် အတော်လေးလှသည့် မင်းသမီးလေးပင်။ ခုတော့ ထိုအစိတ်အပိုင်းတွေ အလှတရားတွေအကုန်လုံးဟာ သူ့မျက်စိရှေ့တင် မီးစာဖြစ်တော့မည် ။ သူ့ရင်ဘတ်ကြီးတစ်ခုလုံး တင်းကြပ်စို့နင့်နေသလို သမီးပါးလေးကို နောက်ဆုံးအကြိမ်ငုံ့နမ်းလိုက်သည်။ သဂြိုလ်စက်ထဲထည့်သည်အထိ လက်ကလေကို နှမျောတသလိုက်ကိုင်ထားပေးရင်း အဖေရှိတာ ပြချင်သည်။ သူ့သမီးလေး နောက်ဆုံးအချိန်မှ ဖအေကို ဘယ်လောက်တမ်းတနေခဲ့မလဲ သူသိသည်။ ဖြေလို့ ဘယ်လိုမှ မဆည်နိုင်အောင်ပင်။
“ ကိုကျဲ…”
ညိုမောင်း ကိုကျဲ ပခုံးကိုအသာဖိကိုင်လိုက်ရင်းမှ အသာလှမ်းဆွဲထားလိုက်သည်။ သဂြိုလ်ရန်ခေါင်းညိတ်ပြလိုက်သလို အခေါင်းကို မီးစက်ထဲ သွင်းသွားရင်းမှ တောက်လောင်နေသည့် မီးစအချို့ကို အပေါက်သေးသေးလေးမှ မြင်နေရသည်။ မီးခိုးခေါင်းတိုင်က ထွက်လာသည့် အငွေ့တွေကို လှမ်းကြည့်ရင်းမှ မျက်ဝန်းတို့ကို စုံမှိတ်ချလိုက်မိသလို ကိုကျဲဆီမှ အမိန့်ထွက်လာသည်က…..
“ ဒီညပဲ မောင်ကလေးကို သွားသတ်ကြရအောင်။ “
---------
ဘီးကျဲ ခြံထဲရောက်သည်နှင့် ပတ်ဝန်းကျင် အနေအထားကို တစ်ချက် ကြည့်လိုက်မိသည်။ Light က အိမ်မကြီးဆီ လျင်မြန်စွာပင် ပြေးကပ်သွားသလို အစောင့်တွေထဲမှ တစ်ယောက်ကို မှောင်ရိပ်ထဲ ဆွဲသွင်းသွား၏။ ပြန်ထွက်လာသည့်အချိန် ဝတ်စုံလဲထားပြီးသားဖြစ်သလို သူ့ကို အချက်လှမ်းပြ၏။
“ ကျွန်တော် ဟိုကောင့်ဆီ သွားလိုက်မယ်။ အဖေ အဖိုးကြီးဆီ သွားပါ။ “
ဘီးကျဲ ခေါင်းညိတ်ပြလိုက်သလို ခါးကြားထိုးထားသည့် နှီးကြောလေးတွေကို သေချာအောင် စမ်းလိုက်မိသည်။ Light ရာဇပလ္လင် ရှိမည့်အခန်းဆီ ထွက်လာခဲ့သလို ဖိုက်တူးကို အခန်းတစ်ခုရှေ့တွင် စောင့်နေတာ မြင်လိုက်ရသည်။ အသံတိတ်သေနတ်ကို ဆွဲထုတ်လိုက်ရင်းမှ လှမ်းပစ်ရန် ပြင်လိုက်ဆဲမှာပင် အခန်းတံခါးက ဝုန်းခနဲ ပွင့်လာကာ ရာဇပလ္လင်က အထဲမှ ထွက်လာ၏။
ဖိုက်တူး ဂိုဏ်းချုပ်ကို လှည့်ကြည့်လိုက်ရင်းမှ သေနတ်ကို မြင်လိုက်ရသဖြင့် အသာလက်ကာပြလိုက်သည်။
“ ဂိုဏ်းချုပ်…..”
“ ငါ့ကို လကလေးဆီ လိုက်ပို့ပေး။ “
ဖိုက်တူး သက်ပြင်းချလိုက်မိသလို အသာပြုံးလိုက်မိသည်။
“ လိုက်ပို့ပေးမယ်….ဂိုဏ်းချုပ် အခန်းထဲကပဲ စောင့်နေနော်။ ကျွန်တော် သွားခေါ်ပေးမယ်လေ။“
ဒုတ်…
ဖိုက်တူး နေရာတွင်ခွေကျသွားသလို ကျည်လာရာဆီ လှမ်းကြည့်မိသည်။ Light …..သေနတ်ကို ကိုင်ထားရင်း အနားလျှောက်လာခဲ့သည်။ ရာဇပလ္လင် Light ကို မြင်တော့ ငေးကြောင်ကြည့်နေသလို Light က မျက်နှာကို မဲ့ချလိုက်ရင်း….
“ ငါ မင်းကို သတ်မှာ…..”
“ မဖြစ်ဘူး။ “
ဖိုက်တူးက သေနတ်ထုတ်လိုက်သလို Light ကို ထိုးချိန်ရန် ပြင်လိုက်ပေမယ့် ဂျွတ်ခနဲ မြည်သံနှင့်အတူ ဇက်ကျိုးကျသွားသည်။ ဘီးကျဲ လည်ပင်းကို လိမ်ချိုးလိုက်ချင်းဖြစ်သလို ဖိုက်တူးအလောင်းကို တွန်းထုတ်ပစ်လိုက်သည်။ ရာဇပလ္လင်ကို စူးခနဲ စိုက်ကြည့်လိုက်ရင်းမှ…..
“ ငါ့သမီးကို မင်းလက်ထဲ စိတ်ချလက်ချ အပ်ပေးခဲ့တာ။ ဒါပေမယ့် မင်းက …”
ရာဇပလ္လင် တဖြည်းဖြည်း အသိဝင်လာသည်။ မျက်စိထဲ လကလေး စင်ပေါ်မှာ ဆေးထိုးခံရသည့်ပုံတွေ သူ့လက်ထဲ သတ်ပေးရန် တောင်းဆိုပုံတွေ…နောက်ဆုံး သူ ကိုယ်တိုင်……။ နေရာတွင် ထိုင်ကျသွားရင်းမှ မျက်စိကို စုံမှိတ်ချလိုက်မိသည်။
ဘီးကျဲ လက်ထဲမှ နှီးကြောကို ရာဇပလ္လင် လည်ပင်းတွင်ဆွဲပတ်ကာ ဖြတ်ချပစ်လိုက်၏။
“ တမလွန်မှာ ငါ့သမီးကို သွားတောင်းပန်။ “
“ မလုပ်နဲ့….။”
ဦးမောင်ကလေး၏ အော်သံနှင့်အတူ ရာဇပလ္လင်ကိုယ်ကြီးက ကြမ်းပြင်ပေါ် ပစ်လဲကျသွားသည်။ ဦးမောင်ကလေး သားဖြစ်သူ၏ အသက်မရှိတော့သည့် ကိုယ်ကြီးကို ငေးကြောင်ကြည့်နေရင်းမှ ဒေါသတကြီးဖြစ်သွားကာ သေနတ်ဆွဲထုတ်၍ ဘီးကျဲ ဆီ လှမ်းချိန်သည်။
“ အဖေ့ သတိထား။“
ဘီးကျဲ ဘေးနားမှ ဂေါ်ပြားကို တင်းနေအောင် ဆွဲဆုပ်ကိုင်ထားရင်းမှ အံကိုတင်းခနဲ ကြိတ်လိုက်မိသည်။ သူ့ကို သေနတ်ဖြင့် ချိန်ထားသည့် ဦးမောင်ကလေးပုံစံက ကျားနာလို ဖြစ်နေသည်။ သူ့ရှေ့တစ်လှမ်းချင်းတိုးလာရင်းမှ သူ့နောက်နား မလှမ်းမကမ်းတွင် ရပ်နေသည့် လင်းရောင်ခြည်ကို လှမ်းကြည့်ကာ…..
“ မင်းတို့ သားအဖတွေကို ငါက ဒီအတိုင်းလွှတ်ပေးလိုက်မယ်များ ထင်နေလား။ ငါ ပျက်ဆီးရသလို မင်းတို့လဲ တည်ဆောက်လို့ မရစေရဘူး။ “
ဘီးကျဲ ဦးမောင်ကလေးကို စူးစိုက်ကြည့်နေစဥ်မှာပင် အကွယ်တစ်ခုမှ အသာဖြည်းဖြည်း ခြေသံလုံအောင် ထွက်လာသည့် ညိုမောင်းကို လှမ်းမြင်လိုက်ရ၏။ မသိဟန်ဆောင်ကာ ငြိမ်နေပေမယ့် ဦးမောင်ကလေးကလဲ လူပါးပင်။ ဖျတ်ခနဲ ညိုမောင်းဆီ လှည့်ပစ်သည်။
ဒိုင်း…..ဒိုင်း…..ဒိုင်း
အခြေအနေကို အခွင့်ကောင်းယူကာ ဘီးကျဲ ဦးမောင်ကလေး လက်ထဲမှ သေနတ်ကို ဆွဲလုပစ်သလို ဦးမောင်ကလေးကလဲ လက်ညိုးကို မရမကကွေးချပစ်သည်။ ဒိုင်းခနဲ မြည်သံနဲ့အတူ ဘီးကျဲကလဲ သေနတ်ပြောင်းကို ကိုယ့်ဘက်အရောက်မခံ။ ညိုမောင်းက ပြေးဝင်လာကာ ဦးမောင်ကလေး၏ ခေါင်းကို ဂျွတ်ခနဲ ချိုးချလိုက်သည်။
ဒူးထောက်လျက် ခွေကျသွားသည့် ဦးမောင်ကလေးကို ကြည့်ရင်း ဘီးကျဲ သက်ပြင်းချလိုက်မိသည်။
“ အ..အဖေ့……”
ဘီးကျဲ သားဖြစ်သူကို လှည့်ကြည့်မိသွားသလို မြင်လိုက်ရသည့်ပုံစံကြောင့် ကြက်သေသေကျသွားသည်။
မျက်နှာပေါ် သွေးတွေစီးကျလျက် မျက်လုံးတစ်ဖက်က ဟောင်းလောင်းပေါက်ဖြစ်ကာ သွေးတွေတဖျောဖျောစီးကျနေသည့် သူ့သားငယ်။
Light မျက်နှာပေါ်ကနေ ရင်ဘတ်ထိ စီးကျနေသည့် သွေးတွေကို လက်တစ်ဖက်ဖြင့် မယုံနိုင်သလို အသာသုတ်ရင်း သူ့လက်သူ ပြန်ကြည့်မိသည်။ အံ့အားတကြီးဖြင့် ထိတ်လန့်စွာ အဖေ့မျက်နှာကို ကြည့်ရင်းမှ အားတင်းကာ သွားရန် ခြေလှမ်းပြင်လိုက်၏။ သူ အဖေ့လက်ပေါ်မှာပဲ သေချင်သည်။
“ အဖေ။”
ဘီးကျဲ ခေါင်းကို ကြောက်လန့်တကြား ခါယမ်းမိသည်။ မဟုတ်ဘူး.....မဟုတ်ဘူး။ ဒီလို မဖြစ်ရဘူးလေ.။ သူ့မှာ....သူ့မှာ ဒီသားလေးပဲ ကျန်တော့တာပါ။
“ သား.....သားငယ်။ “
အမြန်ပြေးပွေ့လိုက်ပေမယ့် သားငယ်၏ ကိုယ်ကြီးက ခွေကျသွားပြီဖြစ်သည်။ မဟုတ်ပါဘူး....သူ့သားလေး သူ့သားလေး ထိသွားတာပဲ။ သူ ထိလိုက်ရမှာ။ သူ အပစ်ခံလိုက်ရမှာ။ သူ့မှာ သမီးကြီးလဲ မရှိတော့ပါဘူး။ သူ့ရင်သွေးတွေ....။
“ သားငယ်....သားငယ် ကယ်ပါဦး။ ကယ်ပါဦး ညိုမောင်း မင်းတူ...မင်းတူကို ကယ်ပါဦးကွာ။ “
ဘီးကျဲ သားဖြစ်သူကိုယ်ကြီးကို မနိုင်မနင်း ကျောပေါ်တင်ကာ ကားဆီ အမြန်ပြေးသလို ညိုမောင်းတို့က ကပျာကယာ နောက်ကလိုက်လာသည်။
အဖေကလဲဗျာ....ကျွန်တော်က အဖေ့သားပါ။ လင်းရောင်ခြည်ဆိုတာ ရုပ်ချောပေမယ့် သဘောမကောင်းတတ်တာ လူတိုင်းသိတယ်။
အဖေနော်...အဖေ့သားက သိပ်ဘဝင်မမြင့်ဘူးဆိုတော့ ။ ဟဲ့ အလင်း...အမေက နင့်ကို ချစ်တိုင်း ငါ့လာပြီး ပမာမခန့်တော့ လုပ်မယ် မစဥ်းစားနဲ့နော်။ ငါက နင့်အစ်မ သိထား.။
အဖေ့....သမီး သွားနှင့်မယ်နော်။
အဖေ...။
နားထဲ ကြားယောင်လာလေ သူ့ရင်တွေ ပိုနာလေပင်။ ဘာလို့လဲ .....ဘာလို့ သူ့ရင်သွေးတွေကိုမှ ဆွဲထုတ်သွားကြရတာလဲ။ သူ့မှာ ဘာမှ မကျန်အောင် လုပ်ရက်ကြတာလဲ ။ သူ့ပျော်ရွှင်မှုက ဒီကလေးနှစ်ယောက်ပါ။
တစ်နှစ်ကြာပြီးနောက်။
Bangkok။
ခြံထဲရှိ စံပယ်ပန်းရုံနားရပ်ကာ စံပယ်ပန်းတွေကို ခြင်းလေးကိုယ်စီဖြင့် ခူးနေကြသည့် အမျိုးသမီးနှစ်ယောက်….။
“ ဘုရားတင်ဖို့ ရလောက်ပြီ ထင်တယ်။ “
“ အင်း…..ပန်း သွားပြီး ဘုရားကပ်လိုက်မယ်နော်။ ကိုကို….ကိုကိုရေ။ “
ပန်းကတ္တီပါ လှမ်းခေါ်လိုက်တော့ သစ်ပင်အောက်တွင် အတူထိုင်နေကြသည့် သားအဖနှစ်ယောက် ထလာသည်။ Light ၏ မျက်စိတစ်ဖက်က အနက်ရောင်သားရေစဖြင့် အသာအုပ်ထားသလို သမီးကတော့ ဒေါက်လေးချွတ်ကာ ပန်းဆီ ပြေးသွားသည်။ ကူး ထိုမြင်ကွင်းကို ငေးကြည့်ရင်းမှ ပြုံးနေစဥ် ပခုံးပေါ်ရောက်လာသည့် လက်တစ်ဖက်နှင့်အတူ….။
“ ကူး…..အိမ်ထဲ ဝင်ကြမယ်လေ။ “
ကူး ပြုံးလိုက်မိပါသည်။ နေသားကျသည်လို့ ထင်ရပေမယ့် နေသားကျတိုင်း ဒဏ်ရာအနာတရတွေက ပျောက်ပျက်သွားတာ မဟုတ်မှန်းတော့ ကူးတို့သာ အသိဆုံးပင်။
*****************************************************************
The End.
ပြီးပါပြီ။
အနမ်းခြွေ
YOU ARE READING
My Stranger Guy ( Complete)
Romanceငွေစန္ဒာဆိုတဲ့ မာနခပ်ကြီးကြီး ခပ်ချေချေမိန်းမ တစ်ယောက်က ရာဇပလ္လင်ဆိုတဲ့ မာဖီးယားတစ်ယောက်နဲ့ မတော်တဆမှားယွင်းမိခဲ့တယ်။ မာဖီးယားကြီးက ခြွေချပေမယ့် မကြွေကျတဲ့ ဒီအရွတ်တုံးလေးက မာဖီးယားကြီးကို Possisive ဆန်ဆန် ဘယ်လိုတွေ အုပ်စိုးမလဲဆိုတာ ဖတ်ရမှာပါ။