My Stranger Guy
အပိုင်း ( ၉ )စန္ဒာ အိပ်ချင်မူးတူးဖြစ်နေပေမယ့် ကျောပြင်ကို ထိတွေ့နေသည့် ခပ်ရွရွ အထိအတွေ့ကြောင့် အင်းခနဲ လွန့်လူးရင်း မျက်ဝန်းတို့ကို ဖွင့်ကြည့်လိုက်မိသည်။ ခါးကို သိမ်းဖက်ထားသည့် လက်တစ်စုံနဲ့အတူ အဝတ်မပါသည့် ကျောပြင်နှင့် ပခုံးကို ဖွဖွလိုက်နမ်းနေသည့် ရာဇပလ္လင်။
“ နိုးပြီပဲ ကိုယ့်မိန်းမက...”
ရာဇပလ္လင် လကလေး၏ ပါးကို ရွှတ်ခနဲ နမ်းလိုက်ရင်းမှ …..
“ အိမ်မက်မက်နေသလိုပဲ.....ကိုယ် ခု အရမ်းပျော်နေတာ သိလား။”
“ အင်း.....အသံမှာတင် ခံစားမိတယ်။ “
အိပ်ချင်မူးတူးအသံလေးဖြင့် ပြန်ပြောလာသည်မို့ ရာဇပလ္လင် ပြုံးမိသွားရသည်။ လက်မောင်းသားဝင်းဝင်းလေးကို ထပ်မံနမ်းလိုက်ရင်းမှ ....
“ လက်ထပ်ကြရအောင်။”
“ ..........”
“ အချိန်တွေ ဘယ်လောက်ကြာနေပြီလဲ သိရဲ့သားနဲ့။ ကိုယ်တို့ လက်ထပ်သင့်နေပြီ မဟုတ်ဘူးလား။ ကိုယ်ကတော့ အရမ်းလက်ထပ်ချင်နေပြီ။ အမြန်ဆုံး ငွေစန္ဒာရဲ့ လင်ယောကျာ်းဖြစ်ချင်တယ်။ “
စန္ဒာ ပြုံးမိသွားရသည်။ သူ စန္ဒာ့ကို ချစ်တာ သိပါသည်။ စန္ဒာ့ အနေနဲ့ စဥ်းစားဖို့က အများကြီးလိုသည်။ သူ့ကို ချစ်သည်။ အရာရာကို မိုက်ရူးရဲစွာ ရင်ဆိုင်နိုင်သည်။ သို့ပေမယ့် သူ့အသိုင်းအဝိုင်းနှင့် စန္ဒာတို့က ဖြစ်ပါ့မလား။ မဖြစ်နိုင်ဘူးဆိုသည့် အဖြေသာ ထွက်နေတာမို့ ကိုယ့်မှာ ချင့်ချိန်ရသည်။
“ ရာဇပလ္လင် ....”
“ အင်း...”
“ ရှင် ဟိုဂျပန်မအပေါ် စိတ်ရှင်းတာ သေချာလား။ “
“ ဟာ....လကလေး မင်း ဒါ မေးစရာတောင် မဟုတ်တဲ့ဟာ။ ကိုယ်သာ စိတ်မရှင်းရင် ခုချိန်ညားနေလောက်ပြီလေ။ “
“ ကောင်းပြီလေ....လက်ထပ်ကြတာပေါ့။ “
“ ပြီးရော....ဟမ်..ဘာ ဘာပြောတာ တကယ် တကယ်ပြောတာလား။”
လှဲအိပ်နေရာမှ ဝုန်းခနဲ ထထိုင်ရင်း စန္ဒာ့ကိုယ်လေးကို ဆွဲလှည့်ကာ မေးလာသည်မို့ အမြင်ကတ်လွန်းစွာပင် အိပ်ယာပေါ်ကနေ ကန်ထုတ်ပစ်၏။ ဘာမှမဝတ်ထားသည်မို့ ကိုယ်ပဲ မျက်လုံးပြူးသွားရကာ အားခနဲအော်ရင်း စောင်ကို ခေါင်းမြီးခြုံပစ်ရသည်။ တကယ်ပါပဲ။
@@@@@@@@@
ရာဇပလ္လင် ဒီနေ့ လကလေးကို ဒက်ဒီနဲ့ မိတ်ဆက်ပေးရန် စဥ်းစားထားသည်။ ကြိုပြောထားတာမို့ လကလေးလဲ ကောင်းကောင်းမွန်မွန် ဝတ်စားထားပါသည်။ ခါတိုင်းလို မဟုတ်ပဲ မိန်းကလေး ပီပီသသနှင့် နူးညံ့ပျော့ပျောင်းနေဟန်ရသည့် ပုံစံလေးက သူ့မျက်စိထဲ တစ်မျိုးဆန်းနေသလို ကြည့်မဝနိုင်ပဲ ဖြစ်နေသည်။ စန္ဒာ တစ်ချိန်လုံးလူကို လိုက်ကြည့်နေသည့် သူ့ကို မျက်စောင်းထိုးလိုက်ရင်းမှ....
“ ရှေ့ကို ကြည့်မောင်းစမ်းပါ။ “
“ အဟွန်းးးးးကြည့်လို့ကို မဝဘူး။ ဘေးကနေ မျက်တောင်မခတ်ပဲ ထိုင်ကြည့်နေချင်တာ။ ကျစ်.....ဒီလိုမှန်းသိ ဖိုက်တူးကို ခေါ်လာပြီး ကားမောင်းခိုင်းထားပါတယ်။ “
သူ့စကားကြောင့် သူမလေးက မျက်နှာလှလှအား မဲ့ချလိုက်သည့်တိုင် ရုပ်ကဆိုးမသွားပေ။ သူ့ဖို့ သမီးချောလေးမွေးပေးထားသည့် ယောက္ခမကြီးကိုရော ပန်းပုထုတော်လွန်းသည့် ယောက္ခထီးကြီးကိုရော ကျေးဇူးတင်လိုက်သည့်ဖြစ်ခြင်း။ စန္ဒာ ကားလေးဝင်လာသည့်နေရာကို ကြည့်လိုက်မိရင်းမှ ရင်ထဲ အနည်းငယ်တုန်နေသည်။ သူ ကြည့်ပြောမည် ပြောထားပေမယ့် စန္ဒာလဲ သေချာလေး တောင်းဆိုရန် စကားကို ကြိုစီထားလိုက်သည်။
ကားလေးက ခြံဝန်းကြီးတစ်ခုထဲ ဝင်လာသလို ဝင်လာသည်နှင့် လုံခြုံရေးယူထားသည့် ဝတ်စုံပြည့်နဲ့လူတွေကို တစ်ခြံလုံး အပြည့်နီးပါး တွေ့ရသည်။ ကားလေးထိုးရပ်လိုက်သည်နှင့် လုံခြုံရေးတစ်ဦးပြေးလာကာ သူ့ဖက်က ကားတံခါးကို ပြေးဖွင့်ပေး၏။
“ အစ်ကိုလေး ရောက်လာပြီ။”
“ အဖေရှိလား....”
“ ဟုတ်ကဲ့...”
ရာဇပလ္လင် လကလေးဘက်လျှောက်လာကာ ကားတံခါးကို ဆွဲဖွင့်ပေးလိုက်သည်။ လက်ကလေးကို အသာဆုပ်ကိုင်လိုက်တော့ အေးစက်နေတာမို့ သူ အံ့ဩသလို ငဲ့ကြည့်မိသွားသည်။ တစ်မိုးအောက်က ငွေစန္ဒာတစ်ယောက် စိတ်လှုပ်ရှားနေပုံရသည်။ စန္ဒာကလဲ ခေါင်မိုးပေါ်မှ မှန်ရောင်လက်ခနဲကို သတိထားမိသည်။ အိမ်ထဲမှာတောင် စနိုက်ပါထားထားတာပဲ။ ထိုစဥ် အိမ်ကြီးထဲမှ ထွက်လာသည့် ရူကီနှင့် ဂျပန်ဝန်ကြီးတစ်ဦးကို တွေ့လိုက်ရသည်။ ဒီဝန်ကြီးကို စန္ဒာသိသည်။
“ အမတ်မင်းကို သေချာ ပြောပေးတာ ကျေးဇူးတင်ပါတယ် ရူကီ။ “
“ ရပါတယ် ဝန်ကြီး။ နောက်လုပ်မယ့် အစည်းအဝေးမှာ ရာထူးတိုးပေးပါလိမ့်မယ်။ စိတ်ချပြန်ပါ။ “
ရာဇပလ္လင် အိမ်ထဲ ဝင်ရန်ပြင်လိုက်တော့ ရူကီက လက်နှစ်ဖက်နောက်ပစ်ကာ သူ့ရှေ့မှ ပိတ်ရပ်လိုက်သည်။ ရာဇပလ္လင် မျက်မှောင်ကျုူံ့သွားရသည်။
“ ဘာလုပ်တာလဲ။”
“ ဒက်ဒီ ဧည့်သည်နဲ့ စကားပြောနေသေးတယ်။ အပြင်လူ ခေါ်သွားလို့ မရဘူး။”
ရာဇပလ္လင် ရူကီကို တစ်ချက်စူးစိုက်ကြည့်မိသွားရသည်။
“ လကလေးက ငါ့ဇနီးလောင်းပဲ။ အပြင်လူ မဟုတ်ဘူး။ ရှေ့က ဖယ်စမ်း။”
“ .........”
မဖယ်ပဲ ပေကတ်ရပ်နေသဖြင့် ရာဇပလ္လင် ခါးကြားမှ သေနတ်ကို ဆွဲထုတ်ကာ ရူကီ၏ နဖူးတွင် တေ့ချိန်လိုက်သည်။
“ ရာဇပလ္လင်.....သား အထဲဝင်လာခဲ့။ “
အိမ်ထဲမှ ထွက်လာသည့်အသံကြောင့် စန္ဒာ ခါးကြားရှိပစ္စတိုကို စမ်းမိနေရာမှ အသာလက်ကို ရုတ်လိုက်သည်။ အကျင့်ပါနေသောလက်က တစ်ခုခုဆို ပါးစပ်ထက် လက်ပဲ အရင်သွားချင်နေတာ အသွင်တူလို့ အိမ်သူဖြစ်တာနေလိမ့်မည်။ ရာဇပလ္လင် လကလေးလက်ကို ဆွဲကာ အိမ်ထဲ ဝင်လာခဲ့သည်။
“ ဧည့်သည်ခေါ်လာတာပဲ....”
ရာဇပလ္လင် ပြုံးလိုက်မိရင်းမှ လကလေးကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ သူ့ကို ပြန်ပြုံးပြလာသဖြင့် အားရှိသွားရရင်း အသင့်ယူလာသည့် ဖိတ်စာကို စားပွဲပေါ်တင်ပေးလိုက်သည်။
“ ကျွန်တော် လက်ထပ်တော့မယ် အဖေ။”
ဦးမောင်ကလေးက လက်ထပ်ဖိတ်စာကို တစ်ချက်ယူကြည့်လိုက်ရင်းမှ ငွေစန္ဒာကို လှမ်းကြည့်သည်။ သားဖြစ်သူက ဒီမိန်းကလေးလက်ကို မလွှတ်တမ်း ဆွဲကိုင်ထာတာ မြင်နေရတာမို့ ပြန်ချထားလိုက်ရင်း....
“ သဘောမတူဘူးဆိုတာ မင်းသိလို့ ဖိတ်စာပါရိုက်ပြီးမှ လာပြတာ မဟုတ်လား။ ရည်ရွယ်ချက်က ဘာလဲ။ ငါ သဘောတူပေးဖို့လား။ ငါ့ဆီက ဘာလိုချင်တာလဲ။”
ရာဇပလ္လင် သက်ပြင်းချလိုက်ရင်းမှ...
“ အဖေ သဘောတူပေးရင်တော့ အကောင်းဆုံးပေါ့။ “
“ ရူကီနဲ့ သဘောတူပေးတယ်လေ။ “
“ ကျွန်တော်မှ မချစ်တာ။ “
ဦးမောင်ကလေး သက်ပြင်းချလိုက်မိရင်းမှ....
“ မင်းက အချစ်ဆိုတာကို ဘယ်လိုထင်နေတာလဲ။ ရူကီက အဆင်ပြေတဲ့ မိန်းကလေးပါ။ ငါ့သားကို သတ်တဲ့ကောင်ရဲ့ မိသားစုနဲ့ငါ ဆွေမျိုးမတော်ချင်ဘူး။ ပြီးတော့ အဆင့်အတန်း မတူဘူး။ “
စန္ဒာ ငြိမ်ပြီးနားထောင်နေရာမှ မျက်မှောင်ကျုံ့မိသွားရသည်။ ဦးမောင်ကလေးက စန္ဒာ့ကို လက်ကာပြလိုက်ရင်းမှ....
“ ကလေးမ စိတ်မရှိပါနဲ့....အန်ကယ့်သာကို သေချာဆုံးမချင်တာမို့ပါ။ ရာဇပလ္လင် ....ငါ ဒီကလေးမ နဲ့ မင်းကို လုံးဝသဘောမတူဘူး။ ဖအေကလဲ စာမတတ်ပေမတတ် လူမိုက်ဓားပြကနေ ဒီလိုပြောင်ရောင်လာပေမယ့် မျိုးရိုးက မတိမ်ကောဘူး။”
စန္ဒာ ဆက်နားထောင်မနေနိုင်တာမို့ စန္ဒာ့လက်ကိုကိုင်ထာသည့် သူ့လက်ထဲမှ ဆောင့်ရုန်းလိုက်ရင်း မတ်တတ်ထရပ်လိုက်သည်။
“ လကလေး....”
ရာဇပလ္လင် ကပျာကယာ မတ်တတ်ထရပ်လာသည်။ စန္ဒာ သူ့ကို တစ်ချက်ကြည့်ရင်းမှ...
“ ရာဇပလ္လင် ....နင် ငါ့အိမ်ကို လိုက်လာတုန်းက ငါ့မိဘ နင့်ကို ဒီလို မချေမငံ ဆက်ဆံတာလား။ “
ဦးမောင်ကလေး မျက်နှာက တည်တင်းသွား၏။
“ ရာဇပလ္လင်က သမီးရှင်တိုင်းလိုချင်တဲ့ သမက်လောင်းပဲလေ ကလေးမရဲ့။ ကောင်းကောင်းဆက်ဆံတာ အံ့ဩစရာမရှိဘူး။ “
စန္ဒာ နှုတ်ခမ်းကို မဲ့ချလိုက်မိသည်။
“ ဟုတ်လား....ဒါဆိုရင်တော့ သမက်လုပ်ခိုင်းမှ ရမှာပေါ့။ ရာဇပလ္လင် နင် ဒီမှာ နေခဲ့လိုက်။”
ရာဇပလ္လင် လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ လကလေး သူ့ကို လက်မထပ်တော့ဘူးဟု စိတ်ပြောင်းသွားမှာ သူကြောက်သည်။
“ လကလေး....ဘာတွေပြောနေတာလဲ။ ကိုယ် ရှင်းပါ့မယ်။ “
“ မဟုတ်ဘူး ...နင် နေခဲ့ရမယ်။ အန်ကယ့်သားကို ခေါ်ထားလိုက်ပါ။ ဖိတ်စာထဲက မင်္ဂလာရက်နဲ့အချိန်ကို နင်သိတယ် မဟုတ်လား ရာဇပလ္လင်။ ငါစောင့်နေမယ်။ အန်ကယ့်သားကို ရအောင်တားထားကြည့်လိုက်ပါ။ “
ဦးမောင်ကလေး အံကို တင်းခနဲကြိတ်မိသွား၏။ ငွေစန္ဒာက သားရဲ့နားနားကပ်ကာ တစ်ခုခုကို မှာသွားပုံလဲရသည်။ ကိုယ့်သား မျက်နှာက နီရဲတင်းမာသွားတာ ကောင်းကောင်း သတိထားမိလိုက်သည်။
နေရာမှ လှည့်ထွက်သွားသည့် လကလေးကို ကြည့်က ရာဇပလ္လင် တအံ့တဩ ကျန်ခဲ့ရသည်။ ဒါ အလောင်းအစားလုပ်စရာလား။ နောက်ကို တစ်ချက်ပင် ပြန်လှည့်မကြည့်ပဲ ကျောခိုင်းထွက်သွားတာများ လွယ်လွယ်ကူကူပင်။ သူ့ဆို အမြဲထားခဲ့ချင်သည့် မိန်းကလေးပင်။
@@@@@@@@@@@
ရာဇပလ္လင် ဆိုဖာပေါ်ထိုင်နေရင်းမှ ဒီပြဿနာကို ဘယ်လိုရှင်းလို့ ရှင်းရမှန်း မသိတော့။ ကိုယ့်အိမ်မှာ ကိုယ့်ကို လာလွှင့်ပစ်သွားသလို လူကခံစားနေရသည်။ ဘာလဲ ဒီအခြေအနေက။ သူ နဲ့ ဝေးရမှာလဲ နည်းနည်းလေးမှ ကြောက်သည့်ပုံမပေါ်။ သူကတော့ သူမနဲ့ ဝေးရမှာကို သေမတတ်ကြောက်သည်။ ထပ်ပြီး အဆုံးရှုံးမခံနိုင်။
ဦးမောင်ကလေးအနေနဲ့လဲ ငွေစန္ဒာ့ကို လုံးဝ ချွေးမ မတော်နိုင်ပေ။ ရူကီသည် သူ ထားရာနေ စေရာသွားပေမယ့် ငွေစန္ဒာ့ပုံစံက သူ ထိန်းချုပ်ထားလို့ ရနိုင်မယ့်ချွေးမ မဟုတ်။ ရူကီနဲ့ဆို ကိုယ့်သားက ကိုယ့်ဘက်ပါနိုင်ပေမယ့် ငွေစန္ဒာနဲ့ဆို ကိုယ့်သားက ရူးရူးမိုက်မိုက် အချစ်ကို ကိုးကွယ်မည့်ပုံစံပင်။ ငွေစန္ဒာ....ငွေစန္ဒာ ဒီကလေးမ သူ့ကို ရာရာစစစိန်ခေါ်ရဲသည်။ ဒါမှမဟုတ်.....ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေသည်လား။
Light မင်္ဂလာပွဲသာ ပြင်ဆင်နေရပေမယ့် စိတ်တော့ အနည်းငယ်ပူနေမိသည်။ ရာဇပလ္လင်၏ အဖေက အကောင်ကြီးကြီးဆိုတာ သိပေမယ့် အမတ်တစ်ယောက် ဖြစ်နေမယ်လို့တော့ လုံးဝ မထင်ခဲ့တာပင်။ ပြီးတော့ ရေပန်းအစားဆုံး အမတ်။ ဒီလိုလူမျိုးကို ထိပ်တိုက်ဆုံရင် အန္တရာယ်က မမတစ်ယောက်ထဲအတွက်တင်မဟုတ်။သူရော သူ့ဂိုဏ်းသာမက တစ်မိသားစုလုံး အန္တရာယ်များသည်။ မင်္ဂလာဆောင်သာ ပြင်ဆင်နေရပေမယ့် မမက ဘယ်ပန်းကိုမှ မသုံးရန်မှာထားသဖြင့် သူ့မှာ မနည်းလှအောင် ပြင်ရသည်။ မိုင်းလဲ ရှိနေသည်မို့သာ တော်သေးသည်ဟု ပြောရမည်။ မမရဲ့ မင်္ဂလာပွဲကို မိုင်းက သေချာ လုပ်ကိုင်ပြင်ဆင်ပေးရှာသည်။ ဒီကောင်လေး မမကို စိတ်ဝင်စားနေတာ သိပေမယ့် ဒီလောက်ထိလုပ်ပေးမယ်လို့တော့ မထင်ခဲ့တာ အမှန်ပင်။
မိုင်း သတို့သမီးဂါဝန်ကို ယူလာကာ အခန်းတံခါးကိုခေါက်လိုက်တော့ အခန်းထဲမှ ဝင်လာခဲ့ရန်လှမ်းအော်၏။ သူ ဝင်လာတော့ သူ့ကို လှည့်မကြည့်ပဲ တစ်ခုခုကို စဥ်းစားနေဟန်ရတာမို့ လက်ထဲမှ ဂါဝန်ကို အိပ်ယာထက် အသာချကာ...
“ ရာဇပလ္လင် မရောက်လာမှာ စိုးရိမ်နေတာလား မမ။”
“ သူ ရောက်လာမှာပါ။ “
ယုံကြည်နေတာကို သူ အားမလျော့စေချင်။ ဘာမှ ထပ်မပြောတော့ပေမယ့် သိချင်တာကိုတော့ မေးမိသေးသည်။
“ မင်္ဂလာဆောင်မှာ တကယ်ပဲ ဘာပန်းမှ မထည့်တော့ဘူးလား။ မလှမှာ မစိုးရိမ်ဘူးလား။”
မိုင်းဆီမှ အမေးကြောင့် စန္ဒာ ခပ်အေးအေးပြုံးလာသည်။
“ မင်္ဂလာပွဲက ခဏပဲ ကြာတာပါ ....ကိုယ့်ပျော်ရွှင်မှုတစ်ခုအတွက်နဲ့ အပြစ်မရှိတဲ့ ပန်းတွေကို မစတေးချင်ဘူး ။ ပန်းဆိုတာ သူ့အပင်မှာ ပွင့်နေတာမှ ပိုလှပဝံ့ကြွားတာမျိုးလေ။ “
မိုင်း ပြုံးလိုက်မိသည်။ ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်ရင်းမှ အခန်းအပြင်ပြန်ထွက်လာခဲ့သည်။ သူ့ရဲ့ အချစ်ဆုံး ၊ တန်ဖိုးအထားရဆုံး မိန်းကလေးမို့ ပျော်ရွှင်စေချင်သည်။ မချစ်မနှစ်သက်သော သူတွေနဲ့ ဝေးစေချင်သည်။ ထို့ကြောင့် သူတောင် ရယူဖို့ မစဥ်းစားဖူးခဲ့။ သူ့ကို မချစ်တာ သိတာမို့။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
P – 10 မျှော်
Author - အနမ်းခြွေ
YOU ARE READING
My Stranger Guy ( Complete)
Romanceငွေစန္ဒာဆိုတဲ့ မာနခပ်ကြီးကြီး ခပ်ချေချေမိန်းမ တစ်ယောက်က ရာဇပလ္လင်ဆိုတဲ့ မာဖီးယားတစ်ယောက်နဲ့ မတော်တဆမှားယွင်းမိခဲ့တယ်။ မာဖီးယားကြီးက ခြွေချပေမယ့် မကြွေကျတဲ့ ဒီအရွတ်တုံးလေးက မာဖီးယားကြီးကို Possisive ဆန်ဆန် ဘယ်လိုတွေ အုပ်စိုးမလဲဆိုတာ ဖတ်ရမှာပါ။