My Stranger Guy
အပိုင်း ( ၁၅ )
ကားသံကြားသည်နှင့် မမ ရောက်လာတာမှန်း သူ ကြိုသိနေသည်။ အိမ်ထဲဝင်လာသည့် ငွေစန္ဒာ့ပုံစံက တည်တင်းနေသလို မောင်ဖြစ်သူကို မြင်တော့ ပေါင်ခွကို လှမ်းကန်ပစ်သည်။
“ အ....အားးးးးသပွေီ....”
Light ခုန်ဆွခုန်ဆွဖြစ်သွားရသလို အစ်မဖြစ်သူကို လက်ညိုးတထိုးထိုးဖြင့်ရှိနေပေမယ့် အသံမထွက်နိုင်သေးပဲ မျက်နှာကြီးက ရှုံ့မဲ့နေသည်။
“ နင် ငါ့ကို ဘာမှမပြောပဲ ဘာတွေ လျှောက်လုပ်နေတာလဲ Light။ အနည်းဆုံး တစ်ခုခုဆို ငါ့ကို ကြိုပြောဖို့ မကောင်းဘူးလား။ “
Lightအံကိုတင်းခနဲ ကြိတ်လိုက်ရင်းမှ ကိုယ်ကို မနည်းပြန်မတ်ရင်း.....
“ အစ်မက အဖွဲ့ထဲကလူမှ မဟုတ်တော့ပဲ။ ကျွန်တော်တိုင်ပင်စရာ အကြောင်းမှ မရှိတာ။ “
“ ငါ လုပ်လိုက်ရ.....”
စန္ဒာ့လက်တစ်ဖက်က မြောက်တက်လာသည်မို့ Light နောက်ကို ကမန်းကတန်း ဆုတ်လိုက်ရသည်။ အကြည့်က အစ်မဖြစ်သူ မျက်နှာဆီရောက်သွားတော့ မျက်မှောင်ကြီးကျုံ့လိုက်ရင်းမှ....
“ နင် အရိုက်ခံလာရတာလား အစ်မ။ “
ပြောပြောဆိုဆို မေးစေ့မှ ကိုင်ကာ မျက်နှာအား ဆွဲလှည့်ကြည့်လိုက်တော့ ပါးတစ်ဖက်နီမြန်းနေသည်။ Lightမျက်နှာက တည်တင်းသွားသလို ....
“ ဟိုလူကြီးရိုက်တာလား။ “
“ ရတယ်....ဘာမှမဖြစ်ဘူး။ “
စန္ဒာ မောင်ဖြစ်သူလက်ကို ဖယ်ချလိုက်ရင်းမှ ဆိုဖာပေါ် ဝင်ထိုင်လိုက်သည်။ Lightက လိုက်လာရင်းမှ ဒေါသထွက်နေသလို ကိုယ့်အစ်မကို ကိုယ်တောင် နာကျင်အောင် လုပ်တာမဟုတ်။
“ ဟိုကောင်က ဘာလုပ်နေလဲ။ သူ့ကို စိတ်ချလို့ ထည့်ပေးလိုက်တာကို အဲ့သူတောင်းစားက ရပ်ကြည့်နေတာလား။”
“ စကားပြောဆင်ခြင်စမ်း အလင်း။ သူ မသိဘူး။ သူ မြင်ရင် ရိပ်မိမှာစိုးလို့ ထွက်လာတာ။ “
ဒေါသထွက်လိုက်သည့်ဖြစ်ခြင်းမှာ သွေးပင် တိုးလာသလို ခံစားရသည်။ အစ်မက သူ့အသားနာအောင် လုပ်ရင် ဘယ်သူ့မှ သီးခံတာ မဟုတ်။ ဒါကို ငြိမ်ခံလာသည်ဆိုထဲက ရာဇပလ္လင်ကို အတော်ချစ်မှန်း သူ ရိပ်မိပါသည်။
“ ဒီကောင် အတော် အသုံးမကျတာပဲ။ “
ထပ်ပြီး မကျေမနပ်ပြောလာတာမို့ စန္ဒာ မောင်ဖြစ်သူကို ခပ်စူးစူးကြည့်မိသွားသည်။ Lightကလဲ ဒါကို ပင် မကျေမနပ်ဖြစ်သွားရရင်းမှ.....
“ နေစမ်းပါဦး......အစ်မ သူများရိုက်တာကျ ငြိမ်ခံလာတာလေ။ သူ့ယောကျာ်းကျ ဒေါသမထွက်ပဲ ဘာလို့ ငါ့ကို အနိုင်လာကျင့်နေတာတုန်း။ “
“ နားညီးတယ် .....ပါးစပ်ပိတ်ထား။ ငါ ခဏနားဦးမယ်။ “
စန္ဒာ ပြောပြောဆိုဆိုပင် အိမ်ပေါ်တက်လာခဲ့သလို အရင်နေနေကျ အခန်းထဲ ဝင်လာခဲ့၏။ အခန်းထဲ ရောက်သည်နှင့် အိပ်ယာပေါ် ပစ်လှဲချရုံရှိသေး ဖျတ်ခနဲ မြင်ကွင်းက အမှောင်အတိကျသွားတာမို့ စန္ဒာ အလန့်တကြား ပြန်ထိုင်လိုက်မိသည်။ ဘာဖြစ်တာလဲ....ဘာဖြစ်ပြန်တာလဲ။ ဘာလို့ ဘာမှ မမြင်ရတော့တာလဲ။
အသံတွေကို နားစိုက်ထောင်ကြည့်မိတော့ ကြားနေရသလို မြင်ကွင်းကတော့ ပိတ်မှောင်နေသည်။ တစ်ယောက်ထဲ ကမ္ဘာ့အပြင် လွင့်ထွက်သွားသည့် ခံစားချက်နဲ့အတူ ကြောက်စိတ်ဝင်လာရတာမို့ ဟိုဒီလိုက်စမ်းကာ အိပ်ယာပေါ်မှ ဆင်းလိုက်၏။
“ မိုင်း.....မိုင်း .....ငါ ဘာမှ မမြင်ရတော့ဘူး ။ မိုင်း...”
မိုင်း အောက်ထပ်တွင် အစ်ကိုလေးနဲ့အတူ စကားပြောနေစဥ် မမခေါ်သံကြောင့် ကပျာကယာ ထရပ်လိုက်မိသည်။ အပေါ်ထပ်သို့ ပြေးတက်လာစဥ် ဆူညံသံနဲ့အတူ လက်နှစ်ဖက်ကို ဆန့်တန်းထားရင်းမှ ဟိုဒီစမ်းကာ ဒလိမ့်ခေါက်ခွေးပြုတ်ကျလာသည့် မမကို တွေ့လိုက်ရ၏။
“ မမ.....”
“ အားးးးးး”
Light အသံတွေကြောင့် ဝုန်းခနဲ ထရပ်လိုက်သလို ထွက်ကြည့်မိတော့ လှေကားရင်းတွင် မိုင်းက ပက်လက်လဲကျနေသလို မိုင်း၏ အပေါ်တွင် စန္ဒာ့ကို ထပ်လျက်သားတွေ့လိုက်ရသည်။ နဖူးမှ သွေးတွေ စီးကျနေသလို မိုင်းကိုကြည့်တော့လဲ သတိက မကပ်တော့။
စန္ဒာ မျက်စိကို ဖွင့်ကြည့်မိတော့ သတိလစ်ချင်နေသည့် မိုင်းကို တွေ့လိုက်ရသည်မို့ အလန့်တကြား ဖြစ်သွားရသည်။
“ မိုင်း....မိုင်း.......သတိထားလေ။ “
မျက်စိက မပွင့်တပွင့်ဖြစ်သလို သတိကကပ်လိုက် မကပ်လိုက်ပင်။
“ မမ....မမ အဆင်ပြေရဲ့လား။”
တစ်ချက်သာမေးပြီး သတိလစ်သွားသည်မို့ စန္ဒာ ကပျာကယာ ထထိုင်မိသည်။ Light က ကမန်းကတန်း အနားရောက်လာသလို အစ်မဖြစ်သူကို ဆွဲထူသည်။ မြသစ်က မိုင်းကိုယ်ကြီးကို ဆွဲမကာ နီးရာအခန်းထဲ ခေါ်သွားကာ နောက်ကနေ ဆံနီပါ လိုက်သွား၏။
“ ဘယ်လိုဖြစ်တာလဲ။ “
စန္ဒာ ခုထိ နားကို မလည်နိုင်သေးပေ။ ခုတလော ခဏခဏ ဒီလို ဖြစ်နေသည်။ နဖူးမှ စီးကျလာသည့် သွေးစတွေကို လက်ခုံဖြင့် အသာသုတ်ကြည့်လိုက်ရင်းမှ တဖြည်းဖြည်း လူက ပျော့ခွေလာရင်း....။
@@@@@@@@@@@@@
ကားကို ခြံထဲကမူးရှူးထိုး ထိုးဝင်လာရင်းမှ သူ ကားပေါ်ကနေ အမြန်ဆင်းလိုက်သည်။ အိမ်ထဲ အမြန်ဝင်လိုက်တော့ Light ကို တွေ့လိုက်ရသလို သူ့ကို မြင်တော့...
“ ဝါးး....မြန်လိုက်တာ။ “
“ ငါ့မိန်းမရော....”
“ အပေါ်ထပ်မှာ .....သတိမရသေးဘူး။”
ရာဇပလ္လင် အပေါ်ထပ်ကို ပြေးတက်သွားတာမို့ နောက်ကနေ Light ပါ လိုက်လာခဲ့သည်။ အခန်းထဲ ဝင်လိုက်သည်နှင့် အိပ်ယာပေါ် သတိမရသေးသည့် လကလေးကို တွေ့လိုက်ရသလို နဖူးမှာလဲ ပတ်တီးစနှင့် ဂွမ်းကို ကပ်ထားတာမို့ သူ ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။
“ ဘယ်လိုဖြစ်တာလဲ...လူတစ်ယောက်လုံး လှေကားပေါ်က လိမ့်ကျရအောင် မင်းတို့ လှေကားက ဘယ်လိုဆောက်ထားတာလဲ။ “
“ ဟ...လှေကားမှာ အပြစ်မရှိဘူးလေကွာ။ “
“ ဘာလို့ မရှိရမှာလဲကွ။ မင်းတို့ကလဲ ဘာတွေလုပ်နေကြလို့ ကိုယ့်အစ်မ လှေကားကပြုတ်ကျတာတောင် မကာကွယ်နိုင်ရတာလဲ။ “
“ နေစမ်းပါဦး......မင်းမိန်းမပြုတ်ကျတာ ဘာလို့ ငါနဲ့ငါ့အိမ်က လှေကားကို လာဆူနေရတာတုန်း။ လင်မယားနှစ်ယောက်က တကယ်ပါပဲ။ ငါ့အိမ်မှာ ငါ့ကို တစ်ယောက်တစ်လှည့်လာဆူနေကြတယ်။ “
“ လင်းရောင်ခြည်....ငါ မင်းကို ကျေနပ်နေတာ မဟုတ်ဘူးနော်။ “
“ ငါက ဂရုစိုက်ရမှာလား။ မကျေနပ်ရင် မင်းလဲ ငါ့လှေကားကနေ သွားလှိမ့်ချလိုက်ပေ့ါ။ ဒါပဲ လုပ်ပေးနိုင်တယ်။ “
ရာဇပလ္လင် လကလေးဘေးဝင်ထိုင်ချလိုက်ရင်းမှ နဖူးမှ ဒဏ်ရာလေးကို အသာဖွဖွ တို့ထိကြည့်မိသည်။ အတော်နာသွားမှာပင်။
“ ခုတလော ဘာလို့ အထိအခိုက် များနေရတာလဲကွာ။ “
“ မင်းနဲ့ညားတော့ ဇာတာညံ့သွားတာ နေမှာပေါ့။”
ရာဇပလ္လင်၏ အကြည့်က Light ဆီ စူးခနဲ ရောက်လာသည်။ သူ့ကို ပခုံးတွန့်ပြလာပုံက မချိုမချဥ်ပင်။
“ မိုင်းလဲ တော်တော်ထိသွားတယ်။ မင်း သွားကြည့်သင့်တယ်။ “
“ ဖိုက်တူးသွားကြည့်နေတယ်။ လကလေးနားမှာ ငါရှိနေမှ ဖြစ်မှာ။ “
ခပ်ယဲ့ယဲ့ညည်းညူသံကြောင့် ရာဇပလ္လင် ဆတ်ခနဲ ဖြစ်သွားရသလို လကလေးကို တစ်ချက်ကြည့်လိုက်မိသည်။ ကိုယ်လေးပါ လူးလွန့်လာသည်မို့ သူ ကပျာကယာ အနားရောက်သွားရင်း .....
“ လကလေး......လကလေး သတိရပြီလား။ “
စန္ဒာ မျက်စိဖွင့်လိုက်သည်နှင့် သူ့ကို မြင်လိုက်ရတာမို့ အနည်းငယ် အံ့ဩသွားရသလို လူကို သူ့ရင်ခွင်ကြီးထဲ မြုပ်ဝင်သွားမတတ် တင်းတင်းကြပ်ကြပ်အဖက်ခံလိုက်ရသဖြင့် အင့်ခနဲ ဖြစ်သွားရသည်။
“ ဘယ်လိုဖြစ်တာလဲကွာ......နဖူးကိုကြည့်စမ်းပါဦး။ ကျန်တဲ့နေရာတွေရော ဘယ်နားထိသွားသေးလဲ ။ ဘာတွေဖြစ်သွားတာတုန်း.....ဘာလို့ ဒီလောက် ဂရုမစိုက်ရတာတုန်းကွ။ ကိုယ့်ကို ရင်ပူပြီး သေအောင်လုပ်နေတာလား ။ “
စန္ဒာ အူကြောင်ကြောင်လေး ဖြစ်သွားရသလို သူ့ရင်ဘတ်ကြီးကို တွန်းထုတ်လိုက်မိသည်။
“ ဘာတွေ လာဖြစ်နေတာတုန်း အခုမှ။”
“ အဲ့ဒါကြောင့် ကိုယ် ဘာပြောလဲ ။ မသွားနဲ့လို့ ပြောတာ နားမထောင်ဘူး။ “
“ အဲ့တော့ ဘာဖြစ်ချင်တာလဲ။ “
ရာဇပလ္လင် မှင်သေသေလေး ဖြစ်သွားရင်းမှ ...
“ ဘာကို ဖြစ်ချင်ရမှာလဲ။ ဖြစ်ချင်တာမျိုး မရှိပါဘူး။ “
“ မိုင်း ဘယ်လိုနေသေးလဲ။ “
“ မသိဘူး....ဖိုက်တူး သွားကြည့်နေတယ်။ လကလေးကတော့ ကိုယ်နဲ့အရင်ဆုံး အိမ်ပြန်မယ်။ “
ရာဇပလ္လင် ပြောပြောဆိုဆိုပင် စန္ဒာ့ကိုယ်လေးကို ပွေ့ချီလိုက်ရင်းမှ အခန်းထဲက ထွက်လာခဲ့သည်။ သူ့လည်ပင်းကို လက်ကလေးနှစ်ဖက်ဖြင့် သိုင်းဖက်ကာ ပခုံးတွင်မျက်နှာအပ်ထားပြီး လကလေးက ငြိမ်နေသလို သူလဲ လှေကားပေါ်မှဆင်းလာကာ ကားဆီတန်းလျှောက်လာခဲ့သည်။ ကားပေါ်ကို အသာပွေ့တင်ပေးလိုက်ရင်းမှ ခါးပတ်ပါပတ်ပေးလိုက်သလို ကားမောင်းသူနေရာတွင် သူ ဝင်ထိုင်လိုက်တော့ ဖိုက်တူးက သူ့အနားရောက်လာရင်း....
“ ဂိုဏ်းချုပ်......ကိုယ်တိုင်မောင်းမလို့လား။ “
“ အေး....မိုင်း အခြေအနေရော။ “
ဖိုက်တူး ခေါင်းကို ညိတ်ပြလိုက်ရင်းမှ...
“ အဆင်ပြေပါတယ်။ “
“ ဒါဆို မင်း ကြည့်ခေါ်ခဲ့လိုက်။ “
ကားကိုမောင်းထွက်သွားသည့် ဂိုဏ်းချုပ်အား တစ်ချက်ကြည့်ရင်းမှ သူ မိုင်း နားနေသည့် အခန်းထဲ ပြန်ဝင်လာခဲ့သည်။ သူ့ကိုမြင်တော့ တစ်ချက်ငဲ့ကြည့်လာရင်း.....
“ မမရော...ပြန်သွားပြီလား။ “
“ ဂိုဏ်းချုပ် ခေါ်သွားပြီ။ မင်းက ငါနဲ့အတူ ပြန်ဖို့ပြင်။ ထနိုင်ရဲ့လား။ “
သူ့ကို ခေါင်းညိတ်ပြလိုက်ပေမယ့် အိပ်ယာပေါ်မှ ဆင်းတာတောင် ယိုင်ကျသွားတာမို့ သူ ကပျာကယာ ဆွဲဖမ်းထိန်းလိုက်ရသည်။ ရင်ခွင်ထဲ ကိုယ်ကြီးက ရောက်လာသလို သူ့ကို ရန်လိုစွာ ကြည့်လာရင်းမှ.....
“ ကျုပ် အဲ့လောက် မပျော့ဘူးဗျ။ ဖယ်စမ်းပါ။ “
ဖိုက်တူး ထိန်းထားသည့် လက်ကို ချက်ချင်း ရုတ်ပေးလိုက်တော့ မိုင်း ကြမ်းပြင်ပေါ် ဘိုင်းခနဲ လဲကျသွားသည်။ ဆဲဆိုသံနဲ့အတူ မျက်နှာကြီး ရှုံ့မဲ့သွားတာ မြင်ပေမယ့် သူကလဲ အမြင်ကတ်၍ မထူပေ။ မမာတဲ့ကောင် ကိုယ့်ဘာသာ ရအောင်ထပါစေ။
“ -ီးပဲ.....ခင်ဗျားက ။ “
ဘာလဲဟ။
ထိန်းပေးတော့လဲ အပြစ်ဖြစ်သလို မထိန်းပေးတော့လဲ အဆဲခံရသည်။ ဘာလို့ ဒီအဖွဲ့ထဲကလူတွေ တိုက်ကြက်နဲ့တူနေမှန်းကို မသိ ။ မမလေးလဲ ထိုနည်းတူပင်။
@@@@@@@@@@
ခုတလော သူ စန္ဒာ့နားကနေကို မခွာသလို ဘာမှန်းမသိ အရမ်းကြီးအဖြစ်သည်းနေသည်။ စန္ဒာ နှင့် သူ့အဖေ ကတောက်ကဆဖြစ်ခဲ့သည့် ကိစ္စကို သူ မသိသေးသလို စန္ဒာကလဲ ပေးမသိထားပေ။ သားအဖနှစ်ယောက် ကတောက်ကဆ မဖြစ်စေချင်တာရော သူက အမြဲ ကိုယ့်ဘက်သာရှိနေပေးသည့်လူမို့ ကြာလျှင် ငရဲအိုးထဲကို ဇောက်ထိုးရောက်တော့မည်ဆိုတာ သိနေသည်။
“ လကလေး......ခြေထောက် နာနေသေးလား ။ “
“ လကလေး....မူးနေလား။ အားသိပ်မရှိသလိုပဲ။ “
“ လကလေး....မင်း အဆင်ပြေရဲ့လား။ “
မြောက်များစွာသော မေးခွန်းတွေနဲ့အတူ စန္ဒာ့မှာ အနေအထိုင်လဲ ကြပ်လှပါသည်။ စန္ဒာမှ မဟုတ် စန္ဒာ့အနားရှိသည့် မိုင်းတို့ သူ့အနားရှိသည့် ဖိုက်တူးတို့ စည်းစိမ်တို့ပါ စိတ်ညစ်ကြရသည်။ အခုလဲ သူ အပြင်ထွက်သွားတုန်း စိတ်လွတ်ကိုယ်လွတ် စီးကရက်လေးဖွာရန်ပြင်နေပေမယ့် အခန်းတံခါး ခေါက်သံနဲ့အတူ မိုင်း၏ အသံကို ကြားလိုက်ရသည်။
“ မမ.......ဦးမောင်ကလေး ခေါ်နေတယ်။ ဧည့်ခန်းကို လာခဲ့ပါဦးတဲ့။ “
အခန်းထဲ ဝင်လာကာ စန္ဒာ့အရှေ့လာရပ်ရင်း ခေါင်းငုံ့ထားသည့် ပုံစံကြောင့် တစ်ချက်ကြည့်လိုက်ရင်းမှ....
“ ခေါင်းကိုမော့ထားစမ်း မိုင်း။ အောက်ကို ငုံ့မကြည့်နဲ့.....အပေါ်ကိုပဲ ကြည့်ဖို့ ကြိုးစား။ “
“ မှတ်ထားပါ့မယ် မမ။ “
“ သွားကြတာပေါ့။ “
စန္ဒာ ဧည့်ခန်းထဲ ဝင်လာခဲ့သလို ရဲမင်းကြီးကိုပါ တွေ့လိုက်ရတာမို့ တည်တင်းနေသည့် မျက်နှာအား လှစ်ခနဲ ပြုံးရယ်လိုက်ရင်းမှ......
“ ရဲမင်းကြီး ရောက်နေတာပဲ။ မတွေ့တာတောင် ကြာပြီနော်။ “
ပြောပြောဆိုဆိုပင် ဦးမောင်ကလေး၏ ဘေးမှာပင် ဝင်ထိုင်လိုက်၏။ ဦးမောင်ကလေးက စန္ဒာ့ကို တစ်ချက်ကြည့်လာရင်းမှ.....
“ သမီးကူညီမှ ဖြစ်တော့မယ်နဲ့တူတယ်။ ရဲမင်းကြီးက အကူအညီတောင်းစရာလေး ရှိနေတယ်။ “
ဒါကြောင့်ကိုး။ စန္ဒာ လှစ်ခနဲ ပြုံးလိုက်မိသည်။
“ ရတာပေါ့။ အဖေ့ကို အများကြီး ကူညီပေးနေခဲ့တဲ့ လူပဲဟာ စန္ဒာကလဲ ကူညီရမှာပေါ့။ ဒါပေမယ့်....”
စကားစဖြတ်လိုက်သည့် စန္ဒာ့ပုံစံကြောင့် ဦးမောင်ကလေးရော ရဲမင်းကြီးပါ စန္ဒာ့မျက်နှာကို စိတ်ဝင်တစား စူးစိုက်ကြည့်လာကြသည်။
“ စန္ဒာ့ကိုလဲ တစ်ခု ပြန်ကူညီပေးရင် ကောင်းမှာပဲ။ “
ဦးမောင်ကလေး ပြုံးမိသွား၏။
“ ဟုတ်တယ် .....စစ်ဆေးရေးလေး တစ်ခု လုပ်ပေးစေချင်တယ်။ “
“ရတာပေါ့။ “
ဧည့်သည်ပြန်သွားသည်နှင့် စန္ဒာ ထိုင်နေရာမှ ထကာ ဧည့်ခန်းထဲမှ ထွက်လာခဲ့သည်။ ကားသံနဲ့အတူ ကားပေါ်မှ ဆင်းလာသည့် သူ့ကို မြင်လိုက်ရတာမို့ စန္ဒာ အနားလျှောက်လာရင်း အင်္ကျီရင်ဘတ်မှ သွေးစတချို့ကို ကြည့်ကာ....
“ မသေမသပ်နဲ့.....ကိုယ်တိုင် နေရာတကာ ဝင်ပါနေတာလား။ “
“ ကိုယ့်ကို ဘယ်သူမှ မထိနိုင်ပါဘူး. “
“ နောက်ဆို ကိုယ်တိုင် ဝင်မပါစမ်းပါနဲ့။ “
ပြောလဲပြော အိမ်ပေါ်ပြန်လှည့်တက်သွာသည့် လကလေးပုံစံက နေရာတကာ သူ လိုက်ပါနေတာကို မကြိုက်မှန်း သိသာနေသည်။ သူကလဲ နေရာတကာ သူ့လူတွေချည်းပဲ မလွှတ်နိုင်သလို ကိုယ်တိုင် ဝင်ပါမိသည်။ လကလေးက မာနကြီးသူမို့ စည်းထားသည်။ အလုပ်သမားတွေ အိမ်ဖော်တွေဆိုတာမျိုးနှင့် အရောမဝင်သလို သူ့ကို ပမာမခန့်လုပ်တာမျိုးလဲ မကြိုက်။
အခန်းထဲ လိုက်ဝင်လာရင်းမှ အပေါ်ထပ်ထားသည့် ကုတ်အင်္ကျီကို ချွတ်လိုက်ရင်း သေနတ်တွေကို စားပွဲပေါ် တင်လိုက်သည် ။ လကလေးက သူ့သေနတ်တွေကို ယူကာ အံဝှက်ကို ဆွဲဖွင့်ရင်း သေချာပြန်ထည့်သိမ်းပေးနေတာမို့ နောက်ကနေ သိုင်းဖက်၍ နားသယ်စပ်လေးကို နမ်းကာ....
“ နေလို့ရော ကောင်းရဲ့လား။ “
“ လာပြန်ပြီ.....လူမမာ မဟုတ်ပါဘူး။ “
“ ဟုတ်ပါပြီဗျာ.....လွမ်းနေတာ။ “
ပြောလဲပြော လူကို အတင်းဆွဲလှည့်ကာ လိုက်နမ်းနေတာမို့ စန္ဒာ သူ့ကိုယ်ကြီးကို ပြန်ဖက်ထားလိုက်သည်။
“ ကျွီ.....”
“ မမ......အာ...”
အခန်းတံခါး မခေါက်ပဲ တန်းဝင်ချလာသည့် မိုင်းကြောင့် ရာဇပလ္လင် ဒေါသထောင်းခနဲ ထွက်သွားရသည်။
“ ဘာလုပ်တာလဲ.....မင်း အခန်းတံခါး ခေါက်ရမယ်ဆိုတာ နားမလည်ဘူးလား။ “
“ စန္ဒာ ခေါ်ထားလို့ပါ။ “
ရာဇပလ္လင်၏ အကြည့်က ငွေစန္ဒာ့ဆီ ရောက်သွားရသည်။
“ ခေါ်ထားထား မခေါ်ထားထား....ဒီအခန်းက လင်မယားခန်း။ မိုင်း....မင်း အရင်က လကလေးနဲ့ လက်ပွန်းတတီးနေသလို ခုနေလို့ မရတော့ဘူးဆိုတာ သိထားပါ။ ခု မင်း စောင့်ရှောက်နေတဲ့လူက ငါ့ဇနီး....ငါ့မိန်းမကို စည်းမထားပဲ ဆက်ဆံလို့ မရဘူး။ “
မိုင်း ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်ရင်းမှ....
“ ကောင်းပါပြီ...ခွင့်ပြုပါဦး။ နောက်မှ ပြန်လာခဲ့ပါမယ်။ “
စန္ဒာ အခန်းထဲမှ ပြန်ထွက်သွားသည့် မိုင်းပုံစံကြောင့် သက်ပြင်းချလိုက်မိရင်းမှ...
“ သူ ကလေးထဲက စန္ဒာ့အတား ရှိနေခဲ့တာပါ။ “
“ အခုက ကလေးမဟုတ်တော့ဘူး။ ကိုယ် မကြိုက်ဘူး လကလေး။ မင်း သူ့ကို သနားနေစရာ မလိုဘူး။ “
ဆက်ပြောရင် စကားများရမယ်မှန်း သိနေသည်။ စန္ဒာ သက်ပြင်းချလိုက်ရင်းမှ မျက်နှာလွှဲလိုက်မိတော့ လူကို အတင်းမျက်နှာချင်းဆိုင်လာကာ....
“ ဘာဖြစ်တာလဲ. ...မကျေနပ်တာ မြင်နေရတယ်။ “
“ အဲ့တော့....”
ရာဇပလ္လင် အံကို တင်းတင်းကြိတ်မိသည်။ ရန်ဖြစ်ရတော့မည်။ အခြားကောင်တစ်ကောင်ကြောင့် ရန်ဖြစ်ရတာမျိုး မုန်းတာမို့ တောက်ခေါက်လိုက်မိရင်းမှ အခန်းထဲကနေ ပြန်ထွက်လာကာ အိမ်ပေါ်ထပ်မှ ဆင်း၍ ကားဆီ လျှောက်လာခဲ့သည်။
စောက်ရေးကို မပါပေ။ အခြားကောင်ကြောင့် သူ့ကို လာြပီး စိတ်တိုအောင် လုပ်နေသည် မဟုတ်လား ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
Part – 16 မျှော်
Author - အနမ်းခြွေ
YOU ARE READING
My Stranger Guy ( Complete)
Romanceငွေစန္ဒာဆိုတဲ့ မာနခပ်ကြီးကြီး ခပ်ချေချေမိန်းမ တစ်ယောက်က ရာဇပလ္လင်ဆိုတဲ့ မာဖီးယားတစ်ယောက်နဲ့ မတော်တဆမှားယွင်းမိခဲ့တယ်။ မာဖီးယားကြီးက ခြွေချပေမယ့် မကြွေကျတဲ့ ဒီအရွတ်တုံးလေးက မာဖီးယားကြီးကို Possisive ဆန်ဆန် ဘယ်လိုတွေ အုပ်စိုးမလဲဆိုတာ ဖတ်ရမှာပါ။