My Stranger Guy
Part – 23
ဦးမောင်ကလေး ပြန်ရောက်လာသည့် မိုက်ကီ့အလောင်းကို ကြည့်ပြီး ဒေါသူပုန်အကြီးအကျယ် ထတော့သည်။ သွားလုပ်ကြံခိုင်းလိုက်ပေမယ့် ကိုယ့်လူပဲ သေသွားသည်။ ငွေစန္ဒာ…..ငွေစန္ဒာ အရိုင်းအစိုင်းတွေ။ ဆာရာ ဦးမောင်ကလေးကို တစ်ချက်ကြည့်ရင်းမှ….
“ အန်ကယ်…..ဆာရာ ကူညီပေးရမလား။ “
ဦးမောင်ကလေး ဆာရာ့ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသည်။ အဓိပ္ပာယ်ပါပါပြုံးကာ သူ့ကို ခေါင်းညိတ်ပြလာသည်မို့ ဦးမောင်ကလေး ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။
“ ကလေးမ…..မင်း ငွေစန္ဒာ့ကို သွားလျှော့မတွက်နဲ့။ မင်း သေသွားလိမ့်မယ်။ “
ဆာရာ ပြုံးလိုက်မိသလို ဦးမောင်ကလေးအား စိုက်ကြည့်ရင်းမှ….
“ သူ ဆာရာ့ကို လွယ်လွယ်သတ်လို့ မရဘူး။ ဆာရာက နာမည်ကြီး မင်းသမီး။ အသတ်ခံရရင် လူထုက စိတ်ဝင်စားပြီး မီးခိုးကြွက်လျှောက်လိုက်လာမှာ။ ပြီးတော့ သူ့ကို သတ်ဖို့က အရမ်းလွယ်ပါတယ်။ ဆာရာ့မှာ ပရိတ်သတ်အင်အားရှိတယ်။ မီဒီယာအင်အားရှိတယ်။ သူ့ကို သတင်းတွေနဲ့တင် သေအောင် သတ်လို့ရတယ်။ ဆာရာ လှုပ်ရှားပါ့မယ်။ ကိုကို့ကိုတောင် သူ့နားက ရအောင်ယူနိုင်ခဲ့သေးတာပဲ။ “
ဦးမောင်ကလေး သူ့ကိုယ်သူ အဟုတ်ကြီးထင်နေသည့် ဆာရာ့ကိုကြည့်ကာ သဘောကျလွန်းတာမို့ တဟားဟားထရယ်မိသည်။ အလှောင်ခံလိုက်ရသဖြင့် ခံပြင်းစွာ ဦးမောင်ကလေးကို ပြန်စိုက်ကြည့်မိသည်။
“ ဟားးးဟားးးးနေစမ်းပါဦး ကလေးမ။ မင်း အထင်မှားနေပြီ။ မင်း စိတ်ထဲ မင်းတော်လို့ သားကို ရတယ် ထင်နေတာလား ။ သူ့ကို အခု မင်း အပိုင်ရလား….အနားတောင် မကပ်နိုင်ဘူး မဟုတ်လား။ ငါ့အကူအညီ မပါရင် မင်း သားနား ကပ်လို့တောင် မရဘူး ကလေးမရဲ့။ ငွေစန္ဒာက သားနား မင်းမရောက်ခင် မင်းကို အစိမ်းလိုက်ဝါးစားသွားလိမ့်မယ်။ ငါ့သားအနား ဘယ်မိန်းမမှ မကပ်ဖူးဘူး ထင်နေတာလား။ အများကြီး လာကပ်ဖူးတယ်။ သူတို့ ဘာတွေဖြစ်ကုန်လဲ မင်း သိလား။ “
ဆာရာ ဦးမောင်ကလေးကို စူးစိုက်ကြည့်နေမိသည်။
“ အကုန် အစရှာမရတော့ဘူး။ ပျောက်သွားတယ်။ သေသွားတယ်။ ပျက်ဆီးသွားကြတယ်။ ငါ့သားကရော မသိဘူးထင်လား….သူ့မိန်းမ လုပ်သမျှ လိုက်ဖုံးပြီး ကာကွယ်ပေးထားတာ ငါ့သားပဲ။ “
“ အခု သူတို့ ဝေးနေကြပြီလေ ။ ဒါ အချိန်ကောင်း မဟုတ်ဘူးလား။ “
ဦးမောင်ကလေး ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်မိသည်။ .
“ ကောင်းပြီလေ….ငါ့အတွက် အရှုံးမရှိဘူး။ မင်း ကြိုးစားကြည့်ပေါ့ ကလေးမ။ ကံကောင်းပါစေ။“
ဆာရာ မျက်စလေး ပင့်ပြလိုက်ရင်းမှ နှုတ်ခမ်းလေးကို မဲ့ချလိုက်သည်။ ကြည့်နေလိုက်စမ်းပါ……ငွေစန္ဒာ့ကို တစ်စစီ နင်းခြေပြပေးမည်။ ဘယ်သူက ပို အဆိပ်ပြင်းလဲ သိစေရမည်။
ရာဇပလ္လင် ဖုန်းကို ပစ်ချလိုက်ရင်းမှ တောက်ကို ခပ်ပြင်းပြင်း ခေါက်မိသွားသည်။ ဖိုက်တူးက သူ့ကို အကဲခတ်ကြည့်ရင်းမှ….
“ မမလေးက စံအိမ်အပြင်ကို မထွက်ဘူး ဂိုဏ်းချုပ်။ “
“ ကားထုတ်ထားလိုက်….ငါ သွားတွေ့မယ်။ “
ဖိုက်တူး ဂိုဏ်းချုပ်ကို အလန့်တကြား ကြည့်မိသွားသည်။
“ မဖြစ်ဘူး ဂိုဏ်းချုပ်။ အခု အမတ်မင်းက ဆာရာနဲ့ ကြိတ်ပြီး ဘာတွေ ကြံနေလဲ မသိဘူး။ ဂိုဏ်းချုပ်စလှုပ်ရှားလိုက်လို့ အမှားအယွင်းဖြစ်သွားရင် …”
ရာဇပလ္လင် ခေါင်းကို ခါယမ်းလိုက်သည်။
“ လကလေးကို ပစ်ထားလို့ မရဘူး ဖိုက်တူး။ ငါ သိတယ် …အဖေ လကလေးကို ရှင်းတော့မှာ။ မဟုတ်ဘူး….အကုန်တောင် လုပ်နေလောက်ပြီ။ လကလေးကို ငါ့နား ခေါ်ထားတာ အလုံခြုံဆုံးပဲ။ ငါနဲ့ဝေးနေလေ သူ အန္တရာယ်ပိုရှိလေပဲ ဖိုက်တူး။ “
“ စည်းစိမ်ကို မမလေးတို့နား ပို့ထားပါတယ်။ သူ မမလေးကို စောင့်ကြည့်ပေးနေတယ်။ “
သူ ဖိုက်တူးစကားကြောင့် သက်ပြင်းချလိုက်မိသလို လူကလဲ ဒဏ်ရာနဲ့မို့ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေသည်။ စိတ်ထဲ ထင့်နေတာကို သဘောမကျနိုင်ပဲ ဘာလုပ်ရမလဲဆိုတာကို မနည်းတွေးနေရသည်။ လကလေးကလဲ သူ့လူတွေကို အနားကပ်ခံမှာ မဟုတ်သလို သူ့ကိုလဲ အတွေ့မခံဘူးဆိုတာ သူသိသည်။ ဘယ်နည်းလမ်းက အဆင်ပြေဆုံးဖြစ်မလဲ။
မြူတွေပိန်းပိတ်မှောင်အောင်ကျနေသလို ယိုင်တိယိုင်နဲ့ဖြင့် လမ်းလျှောက်လာသည့် လူတစ်ယောက်ကို လှမ်းမြင်နေရသဖြင့် ဘီးကျဲ မျက်မှောင်ကြီး ကျုံ့သွားရသည်။ မြူတွေကလဲ ထူလိုက်တာ။ ဒီနေရာက…သူ ရင်းရင်းနှီးနှီးကြီးကို သိနေသလိုပင်။
“ ကိုကျဲ….ကိုကျဲ ကျွန်တော်လေ……ကျွန်တော် ချစ်ချော။ “
တဖြည်းဖြည်းနီးကပ်လာသည်မို့ သဲကွဲလာသလို ချစ်ချောကို မြင်လိုက်ရသည်မို့ ဘီးကျဲ ငေးကြောင်ကြည့်နေမိသည်။ သူ့အသိစိတ်ထဲ ချစ်ချောသေသွားတာ ကောင်းကောင်းသိနေသည်။ ပြီးတော့ ဒီနေရာက….သူ မှတ်မိပြီ။ ထောင်…ထောင်ထဲက တိုက်ပဲ။
“ ချစ်ချော….မင်း….မင်း သေပြီ မဟုတ်ဘူးလား။ “
သူ့စကားကြောင့် ချစ်ချောက ခေါင်းညိတ်ပြလာရင်း သူ့ကို မှိန်ဖျော့စွာ ငေးကြည့်လာသည်.။
“ ကျွန်တော် လူလာခေါ်တာ ကိုကျဲ။ စန္ဒာ….စန္ဒာ လာမယ် ကြားလို့ပါ။ “
“ ဘာ…”
“ ကိုကျဲ စိတ်ကို ပြင်ဆင်ထားစေချင်တယ်။ “
ဘီးကျဲ ခေါင်းကို ခါယမ်းလိုက်မိသလို အသက်ရှူသံတွေ ပြင်းထန်လာရသည်။ ဘာတွေလဲ…ဘာတွေ လာပြောနေတာလဲ။
“ မောင်….မောင့်…မောင့် သတိထားလေ. ။”
ကူး အသံ…။
ကူး…ကူး….။
ဖျတ်ခနဲ မျက်ဝန်းတွေကို ဖွင့်ကြည့်လိုက်မိသည်နှင့် သူ့ကို စိုးရိမ်တကြီး စိုက်ကြည့်နေသည့် ကူးကို တွေ့လိုက်ရသလို သူ့တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်နေသည်။ အသက်ကို မနည်းလုရှူနေရရင်းမှ အိမ်မက်ပဲ။ ဒါ အိမ်မက်ပဲ။
*******************************
သတင်းစာကို ကြည့်ရင်းမှ စန္ဒာ ဒေါသထွက်လွန်းတာမို့ ခုံပေါ်မှ ပစ္စည်းတွေကို ဆွဲဖယ်ချပစ်သည်။ ဒီအခြေအမြစ် မရှိသည့် သတင်းတွေက ဘယ်သူရေးတာလဲ။ ဘယ်သူ့လက်ချက်လဲဆိုတာ စဥ်းစားစရာပင်မလို။
အမတ်မင်း၏ ချွေးမဖြစ်သူသည် ကိုယ်ရံတော်နှင့် ဖောက်ပြန်နေ။
သတင်းစာတွေတိုင်း ဒီသတင်းက ခေါင်းစည်းဖြစ်နေသည်။ ဒီကောင်မကို စန္ဒာ သတ်ပစ်မည်။
“ မမ…..အဆင်ပြေရဲ့လား။ “
စန္ဒာ မိုင်းကို လှမ်းကြည့်လိုက်ရင်းမှ….
“ အဲ့ကောင်မကို ငါ့ဆီ ဆွဲခေါ်လာခဲ့။ “
“ ဟုတ်ကဲ့။”
မိုင်း နေရာမှ ထွက်လာခဲ့သလို ခုတလော မမ ဘယ်လိုမှ အဆင်မပြေတာ သူပဲ သိသည်။ ထမင်းလဲ ကောင်းကောင်းမစားသလို ညဆိုလဲ မအိပ်ပေ။ မျက်စိကိုလဲ ဆေးနှင့် ရသလောက် ထိန်းထားပေမယ့် အခြေအနေက သိပ်မကောင်းတော့ပဲ အမြင်တွေ မကွဲမပြား ဖြစ်လာသည်။ မြင်ရသည့် ပုံရိပ်တွေက ဝေဝါးလာသည်။ မျက်စိအစားထိုးဖို့ စဥ်းစားကြည့်ပေမယ့် မဖြစ်နိုင်ဟု ပြောတာမို့ လက်လျှော့လိုက်ရသည်။ မမသည် သူ အားနည်းနေသည့် ပုံစံကို ဝှက်ထားလေ့ရှိသည့် မိန်းမမို့ ဘယ်သူ သနားတာမှ ခံမှာ မဟုတ်ပေ။ အသနားခံမလား သေမလားဆို သေတာကို ရွေးမည့်သူပင်။
ဆာရာ ရှုတင်ပြီးသည်နှင့် ကားဆီ မန်နေဂျာအစ်မနှင့် အတူလျှောက်လာခဲ့သလို ကားတံခါးတံခါးကို ဆွဲဖွင့်လိုက်ရုံရှိသေး မိုင်းကို မြင်လိုက်ရသဖြင့် အလန့်တကြား ဖြစ်သွားရသည်။
“ နင်…နင်….”
“ မမက နင့်ကို တွေ့ချင်နေတယ်။ “
ဆာရာ မန်နေဂျာအစ်မကို မျက်စပင့်ပြလိုက်ရင်းမှ ကားပေါ် အမြန်တက်လိုက်ပေမယ့် ဒိုင်းခနဲ သေနတ်သံနှင့်အတူ သွေးတွေဖြင့် လဲကျသွာသည့် အစ်မ။
“ မလှုပ်နဲ့နော်…..နောက်တစ်ခါ နင့်ခြေထောက်ကို ပစ်မှာ။ “
ဆာရာ အံကိုတင်းခနဲ ကြိတ်လိုက်မိရင်းမှ မိုင်းကို မကျေမနပ် ကြည့်လိုက်မိသည်။ လက်ကို ဆောင့်ဆွဲရင်း သူတို့ကားဆီ ဆွဲခေါ်လာသလို ကားပေါ်ရောက်လာရသည်။ ကိစ္စမရှိပါ….ဦးမောင်ကလေးက ဆာရာ့ကို ပစ်ထားမှာ မဟုတ်။
ဦးမောင်ကလေး ကားပေါ်မှ မြင်နေရသည့် မြင်ကွင်းကို သဘောကျစွာ စောင့်ကြည့်နေလိုက်သည်။ သူ ထင်ပြီးသားပင်။ ငွေစန္ဒာ့ရှေ့ကို ငါးစာတော့ ပစ်လိုက်ပြီ ဖြစ်သည်။ သတ်လိုက်စမ်းပါ။ ဆာရာ့လို လူကို သတ်လိုက်မှ သူ ထောင်ထဲ ဆွဲထည့်ပစ်လို့ရမှာ။ ကျန်တာ အကုန် သူ စီစဥ်ပြီးသားပင်။ သားကိုပါ သူ ချုပ်ထားရန် ပြင်ထား၏။
ရာဇပလ္လင် စံအိမ်ထဲကို ဝင်လာသည့် ထောက်လှမ်းရေးတွေကိုကြည့်ရင်းမှ ဖိုက်တူးကို လှမ်းကြည့်လိုက်မိသည်။ ချက်ချင်းကြီး သူ့အိမ်ကို ဝရမ်းနှင့်အတူ ထောက်လှမ်းရေးတွေ အမှုစစ်တွေရောက်လာသည်။
“ ကိုရာဇပလ္လင်ကို မူးယစ်မှုတွေနဲ့ ပတ်သက်နေတယ်ဆိုပြီး သတင်းပေး အတိအကျရထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း ပြည်ပထွက်ခွင့်မရှိသလို အိမ်ထဲမှာပဲ နေရပါမယ်။ လုံခြုံရေးကို လိုက်နာစေချင်ပါတယ်။”
သူ့တစ်ခြံလုံး ရဲတွေ အစောင့်ချထားသလို သူ အံကို တင်းခနဲ ကြိတ်ထားမိသည်။ သူ့ကို ခြေချုပ်လိုက်တာပဲ ။ လကလေးကို သူ စိတ်ပူသည်။ သူ့ကို ခြေချုပ်လိုက်တယ်ဆိုထဲက လကလေးကို ကြီးကြီးမားမား ကြံစည်ထားတာ ကျိန်းသေသည်။ ဒီလို အာဏာနှင့် သူ့ကို ချုပ်ထားအောင် အဖေပဲ လုပ်နိုင်တာ ။
“ ဖိုက်တူး…ဝရမ်းကို စစ်ပြီးပြီလား။ “
“ ဟုတ်ကဲ့ ဘောစ့်။ ဝရမ်းက အစစ်ပါပဲ။ “
ရာဇပလ္လင် အမှုစစ်ခေါင်းဆောင် မျက်နှာကို ခပ်ထေ့ထေ့ စိုက်ကြည့်လိုက်ရင်းမှ …
“ ကောင်းပြီ…..စိတ်ကြိုက် ရှာဖွေပြီး စစ်လိုက်ပါ။ “
“ ပူးပေါင်းပေးတာ ကျေးဇူးတင်ပါတယ်။ “
ရာဇပလ္လင် အိမ်ပေါ်ထပ်တက်လာခဲ့သလို အခန်းထဲ ရောက်သည်နှင့် လကလေးဆီ ဖုန်းလှမ်းဆက်သည်။ ဖုန်းဘယ်လိုမှ ဆက်မရသလို စက်ပိတ်ထားတာမို့ သူ ကျစ်ခနဲ စုပ်သပ်လိုက်မိ၏။ သတင်းစာတွေကလဲ လကလေးကိုပဲ သိက္ခာမဲ့ ဖောက်ပြန်သော မိန်းမအဖြစ်ရေးသားထားသလို သူကလဲ ထွက်ရှင်း၍ မရနိုင်ပေ။ Light ဆီကို ဖုန်းလှမ်းဆက်လိုက်သလို တစ်ဖက်မှ ကိုင်လိုက်သည်နှင့် သူ့ကို မကျေလည်သည့် အသံက အရင်ထွက်လာ၏။
“ သစ္စာရှင်ကြီးက ဖုန်းဆက်လာပါလား။ “
“ လကလေး....လကလေး အန္တရာယ်ရှိနေပြီ ။ ငါ ထွက်လို့မရဘူး။ အခု အစစ်ဆေးခံနေရတယ်။ မင်း အမြန်ပြန်လာပါ ။”
Light မျက်နှာက တည်တင်းသွားသလို ဖုန်းကို ချပစ်လိုက်၏။ မြသစ်ကို တစ်ချက်ကြည့်လိုက်ရင်းမှ......
“ တိုကျိုချက်ချင်းပြန်ဖို့ ပြင်စမ်း။ အမြန်လုပ်။ “
“ ဘာဖြစ်နေတာလဲ။ “
အသံနဲ့အတူ အနားရောက်လာသည့် ဘီးကျဲ။ သူ အဖေ့ကို တစ်ချက်ကြည့်လိုက်ရင်းမှ သက်ပြင်းချလိုက်မိသလို ဘယ်ကစပြောရမှန်း မသိ။ မမက အဖေ့ကို မပြောခိုင်း၍သာ သူ မပြောပဲနေရခြင်းပင်။ ခုတော့ ပြောသင့်သည်ဟု သူထင်သည်။
*******************************
ဆာရာ လက်မှာ အချည်ခံထားရသည့် ကြိုးတွေကို အတင်း ရုန်းကာ ဖြည်ရန်ကြိုးစားပေမယ့် အချည်းနှီးပင်။ အခန်းတစ်ခုထဲရောက်နေသလို အနည်းငယ်မှောင်ကာ ခုတင်တစ်လုံးပဲ ရှိသည်။
ကျွီ….
အခန်းတံခါးပွင့်လာသလို မိုင်း အရင်ဝင်လာ၏ . ပြီးမှ မိုင်းနောက်ကနေ တစ်လှမ်းချင်းဝင်လာသည့် ငွေစန္ဒာ။ အနက်ရောင် ဘောင်းဘီရှည်နှင့် တီရှပ်အနက်တစ်ထည်ကို တွဲဝတ်ထားကာ အမြဲကျော့ရှင်းလှပနေသည့် မိန်းမပင်။ အကြည့်ကလဲ စူးရဲလွန်းသလို ဆာရာ့ကို ခပ်စူးစူးစိုက်ကြည့်နေ၏။
“ သတင်းတွေက နင် ရေးခိုင်းလိုက်တာ မဟုတ်လား။”
ဆာရာ အသံကို တည်ငြိမ်အောင် ကြိုးစားထိန်းလိုက်ရင်းမှ….
“ ဘယ်သတင်းတွေလဲ။ “
ဖြောင်း!!!!!
ပါးတစ်ဖက်ထူပူသွားသလို ဆာရာ မခံချင်စိတ်ဖြင့် ပြန်မော့ကြည့်လိုက်မိသည်။
“ နင်ကများ ငါ့ကို ဘယ်လိုလာကြည့်နေတာလဲ ။ “
ဖြောင်း….!!!!!
ပါးတစ်ဖက်က ထပ်မံအရိုက်ခံလိုက်ရသလို ဆာရာ အံကိုတင်းခနဲ ကြိတ်လိုက်မိသည်။
“ ရှင် ဘယ်လိုပဲလုပ်လုပ် ကိုကိုက ရှင့်ကို မုန်းသွားပြီ ။ ကိုကိုနဲ့ ဆာရာလဲမကြာခင် လက်ထပ်တော့မှာ။ “
စန္ဒာ ခပ်လွန့်လွန့်ပြုံးလိုက်မိသလို ဆာရာ့မေးဖျားကို အသာဆွဲမော့လိုက်၏။
“ ဟုတ်လား……ဒါဆို ငါလက်ဖွဲ့ပေးရမှာပေါ့။ ရာဇပလ္လင်က ငါထားခဲ့တာပါ။ ငါက နင့်လိုမိန်းမနဲ့ နေရာယှဥ်လုမယ် ထင်နေလား။ နင့်စောက်ဆင့်နဲ့ကိုလေ။ အကုန်လုံးကို နင် ညာလို့ရတယ်။ နင် ယဥ်ကျေးသလို၊ စိတ်ကောင်းရှိသလို ၊ အင်မတန်အေးချမ်းသလို ဟန်ဆောင်လို့ရတယ် ။ ဒါပေမယ့် နင့်ကိုယ်နင် သိတယ်လေ။ ငါက နင့်ကို လူရာမသွင်းဘူး။ “
“ ရှင်…”
“ နင်က ငါ့ကို သိက္ခာမဲ့ ဖောက်ပြန်တဲ့မိန်းမအသွင် ဖြစ်အောင် လုပ်ခဲ့တာပဲ။ ဒါတောင် ငါနင့်ကို ဒီအတိုင်း လွှတ်ထားပေးမယ် ထင်နေတာလား။ “
ဆာရာ ခပ်လှောင်လှောင်ပြုံးကြည့်နေသည့် ငွေစန္ဒာ့ပုံစံကြောင့် ကြက်သီးထသွားရသည်။
“ မိုင်း…..ယူခဲ့။ “
အခန်းအပြင်မှ ပုလင်းတစ်လုံးဆွဲယူလာကာ ငွေစန္ဒာ လက်ထဲ ထည့်ပေးလိုက်သဖြင့် ဆာရာ ငေးကြည့်နေစဥ် မိုင်းက ဆာရာ့ကိုယ်ကို ဖမ်းချုပ်လာသည်။
“ ဒါ ဘာလဲ သိလား။ “
“…..”
“ အက်ဆစ်လေ…..မင်း က မျက်နှာလှလှလေးနဲ့ ရာဇပလ္လင်နား ကပ်လာတာ မဟုတ်လား။ ငါက အဲ့ကိစ္စကိုလဲ မထားပေးနိုင်ဘူး။”
အလန့်တကြားဖြစ်သွားကာ အသဲအသန်ထရုန်းသည့် ဆာရာ့ပုံစံကို ကြည့်ရင်းမှ စန္ဒာ နှုတ်ခမ်းကို မဲ့ချလိုက်မိသည်။ ရှေ့သို့ တိုးလာရင်းမှ ပုလင်းးကို ဆာရာ့ညာဖက်ပါးပေါ် လောင်းချပစ်လိုက်သည်။
“ အားးးးးအားးးးးးးးးးး”
ဆာရာ့အော်သံနက်ကြီးက အခန်းထဲ ပဲ့တင်ထပ်သွားသလို လူးလိမ့်သွား၏။ ခပ်အေးအေးပင် စိုက်ကြည့်နေစဥ် ပြေးဝင်လာသည့် အစောင့်တစ်ဦး။
“ မမလေး…..ရဲတွေ…ရဲတွေ ကလပ်ထဲ ဝင်လာပြီ။ “
မိုင်း အလန့်တကြား ဖြစ်သွားသလို မမနားကပျာကယာ ရောက်သွားရသည်။
“ မမ….မမ သွားကြရအောင်။ “
အော်သံတွေ ကြားလိုက်ရသလို မလွတ်တော့မှန်း သိလိုက်တာမို့ မိုင်းက စန္ဒာ့ကို ငေးခနဲ ကြည့်လာ၏။
“ မမ သွားပါ။ ကျွန်တော် အချိန်ဆွဲထားပေးမယ်။ “
“ နင့်ကို ထားပြီးတော့လား။ “
“ အားးးအင်းးးးးဟားးးးဟားးးဝဋ်…ဝဋ်က မနေဘူးပဲ။ နင် အဖမ်းခံရတဲ့ မြင်ကွင်းကို ငါသေချာ ကြည့်မှာ..အ….နင် “
လဲကျနေရာမှ ဗလုံးဗထွေးထပြောလာသည့် ဆာရာ့ကို စန္ဒာငေးခနဲ လှမ်းကြည့်လိုက်မိ၏။ ခါးကြားမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်သလို အနားရောက်သွားရင်းမှ….
“ ဟင့်အင်း…နင် မြင်ရမှာ မဟုတ်ဘူး ။ နင်က သေပြီလေ။”
မျက်နှာကို ဆွဲမော့ရင်းမှ လည်ပင်းကို ဓားဖြင့် ဆွဲဖြတ်ပစ်သလို ….
“ လက်မြှောက်ထား.။။.”
အခန်းထဲ ဝင်လာကြသည့် ရဲတွေနှင့် အမှုစစ်တွေကိုကြည့်ရင်း စန္ဒာ ဓားကို ပစ်ချလိုက်သည်။ မျက်နှာကို တင်းချီထားလိုက်ရင်းမှ လက်ထိတ်အခတ်ခံလိုက်သလို မိုင်းအား လှမ်းပြုံးပြလိုက်သည်။ အဆင်ပြေသွားမှာပါ။
***********************************************************************
Part – 24 မျှော်
Author - အနမ်းခြွေ
YOU ARE READING
My Stranger Guy ( Complete)
Romanceငွေစန္ဒာဆိုတဲ့ မာနခပ်ကြီးကြီး ခပ်ချေချေမိန်းမ တစ်ယောက်က ရာဇပလ္လင်ဆိုတဲ့ မာဖီးယားတစ်ယောက်နဲ့ မတော်တဆမှားယွင်းမိခဲ့တယ်။ မာဖီးယားကြီးက ခြွေချပေမယ့် မကြွေကျတဲ့ ဒီအရွတ်တုံးလေးက မာဖီးယားကြီးကို Possisive ဆန်ဆန် ဘယ်လိုတွေ အုပ်စိုးမလဲဆိုတာ ဖတ်ရမှာပါ။