P-16

2.9K 123 1
                                    

My Stranger Guy
Part – 16
“ အများဆုံးခံ တစ်လပါပဲ.....ဆေးကုသမှု အမြန်မခံယူရင် မျက်စိကို ပြန်ကုလို့ ရတော့မှာ မဟုတ်ဘူး ညီမ။ “
ကိုယ်ကြားလိုက်ရသည့် စကားပေမယ့် မယုံနိုင်လွန်းတာမို့ လူက ပါးစပ်အဟောင်းသားပင်။ တဒင်္ဂငြိမ်သက်သွားမိသလို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရင်း ဟက်ခနဲ ထရယ်မိသည်။ စန္ဒာ့မျက်နှာလေးက ထိုင်နေရာမှ အနည်းငယ်ရှေ့တိုးသွားရင်း....
“ ဒေါက်တာ့ .....အဖြေမှားနေပြီလား မသိဘူး။ အခု ကျွန်မကို ဒေါက်တာ မျက်စိကန်းတော့မယ်လို့ ပြောလိုက်တာလား။ “
ဆရာဝန်ကြီးက စန္ဒာ့ပုံစံကို ကြည့်ပြီး သက်ပြင်းချလာသည်။
“ အဖြေမမှားပါဘူး ညီမ။ ညီမကို သေချာစစ်ဆေးပေးခဲ့တာပါ။ ဒါကို အစ်ကိုတို့ကအမြင်အာရုံတဖြည်းဖြည်းကွယ်ပျောက်ခြင်း ပျက်စီးခြင်း AMDလို့ သတ်မှတ်တယ်။ အစ်ကို စစ်ကြည့်ရသလောက် ညီမ ဆေးသာမကုရင် တစ်လအတွင်း ကန်းသွားမှာ။ ပြန်ကုလို့ အလားအလာကောင်း သိပ်ရှိနိုင်မှာ မဟုတ်တော့ဘူး။ “
စန္ဒာ အသက်ကို ပြင်းပြင်းရှူလိုက်မိသလို ပါးပြင်ပေါ် မျက်ရည်စက်က ပေါက်ခနဲ ကျလာသည်။ ကယောင်ကတမ်းဖြင့် ကိုယ့်ပါးပေါ်မှ မျက်ရည်စီးကြောင်းကို လက်ချောင်းလေးဖြင့် တို့ထိစမ်းကြည့်မိသည်။ ငိုနေတာလား.....။
“ ညီမ အမြင်အာရုံ ပျောက်ပျောက်သွားတာ အားနည်းလို့ မူးတာလဲ မဟုတ်ဘူး။ မျက်စိထဲ အမှိုက်ဝင်တာလောက်လေး မဟုတ်ဘူး ညီမ။ ညီမ မျက်စိထဲက အာရုံကြောသေးသေးလေးတွေက ယောင်နေပြီ။ ပေါက်သွားရင် တကယ်ကို ဒုက္ခရောက်မှာ။  “
ဆရာဝန်ကြီး၏ စကားတွေက စန္ဒာ့နားထဲ ဝင်တစ်ချက် မဝင်တစ်ချက်ပင်။ ကိုယ်သိနေသည့် အသိတစ်ခုက ကန်းတော့မည်ဆိုတာပဲ ဖြစ်ကာ အကြီးအကျယ်ကို တုန်လှုပ်စရာကောင်းနေသည်။ ဒီအတိုင်းဆို ကိုယ်က တစ်လအတွင်း အချိန်မရွေး ကန်းသွားနိုင်သည့် သဘော မဟုတ်လား။
မျက်စိထဲ မှောင်ကျသွားမှုတွေကို ပေါ့ပေါ့တန်တန် သဘောထားမိခဲ့သည်။ သိပ်လဲ ဂရုမစိုက်မိခဲ့။ ကန်းမည်....ကန်းသွားမယ်တဲ့လား....ငွေစန္ဒာဆိုတဲ့ မိန်းမကလေ။ အရာရာကို ကိုယ့်ခြေကိုယ့်လက်နဲ့ သိပ်မာနကြီးတဲ့ မိန်းမတစ်ယောက်က သူများအကူအညီတွေယူပြီး နေဥရတော့မယ့် အဖြစ်ကို ရောက်တော့မှာလား။ စန္ဒာ အံကိုတင်းခနဲ ကြိတ်လိုက်မိသည်။
“ ကုသဖို့ ဆွေးနွေးကြရ‌အောင် ညီမ။ “
စန္ဒာ ဒယီးဒယိုင် မတ်တတ်ထရပ်မိသလို လက်ကလေး ကာပြလိုက်မိသည်။
“ နောက်မှ.....နောက်မှ ပြောကြတာပေါ့ ဒေါက်တာ။ “
မိုင်း အခန်းအပြင်ထွက်လာသည့် မမကို တစ်ချက်ကြည့်ရင်းမှ မသိမသာ မျက်နှာလွှဲလိုက်မိသည်။ သနားသလို ကြည့်မိလို့ ကြိုက်မှာမဟုတ်သလို ပိုစိတ်ထိခိုက်သွားလိမ့်မည်ဆိုတာ သူ သိနေသည်။ အနောက်ကနေသာ ခပ်ဖြည်းဖြည်းလိုက်လာခဲ့သလို ကားပေါ်တက်ရန်လဲ မပြော၊ ဘယ်သွားမှာလဲ ဟုပင် သူ မမေးပေ။ စိတ်နဲ့လူနဲ့ မကပ်တာမို့ သူ ဘေးကငေးကြည့်ပြီး လိုက်စောင့်ရှောက်ပေးရုံသာ တတ်နိုင်သည်။ ဖြစ်နိုင်လျှင် သူသာ ဖြစ်လိုက်ချင်ပါသည်။
ရာဇပလ္လင် ခုချိန်ထိ အိမ်ပြန်ရောက်မလာသေးသည့် လကလေးကြောင့် ဖုန်းကို အထပ်ထပ်အခါခါ ခေါ်နေမိသည်။ သူ့ဖုန်းကို မကိုင်လေ သူက ပိုခေါ်လေဖြစ်ကာ စက်ပါပိတ်ပစ်တော့ စိတ်ကတိုလာ၏။ မနက်ထဲက မိုင်းနဲ့အတူ ထွက်သွားတာ ဖြစ်သလို ဘယ်သွားသွား ဘာလုပ်လုပ် သူ့ကို တိုင်ပင်တယ်ဆိုတာကို မရှိ။
“ မင်းတို့ ဘာစောက်သုံးကျလဲကွ....စည်းစိမ် မင်းအားနေ ဆေးပဲကုန်းရှူနေတာလား။ လူတစ်ယောက်တောင် သေချာမစောင့်ကြည့်နိုင်ပဲ မင်းကို ဘယ်လို သုံးစားမလဲ....ဟမ်။ “
စည်းစိမ် ခေါင်းကို ငုံ့ချလိုက်မိသည်။ ဂိုဏ်းချုပ် သိပ်စိုးရိမ်နေတာ သူတို့ သိပါသည်။ ဒါပေမယ့် အပြင်သွားလေးပဲကို မိုင်းပါ ပါသွားလို့ ပိုဆိုးတာ ဖြစ်မည်။
“ ပလ္လင်....နင့်မိန်းမကို နင် မထိန်းနိုင်ဘူးထင်တယ်။ ခုချိန်ထိ မပြန်လာသေးဘူး မဟုတ်လား။ “
လှေကားပေါ်မှဆင်းလာရင်း သူ့ကို ကြည့်ကာ လာထေ့ငေါ့နေသည့် ရူကီကြောင့် ရာဇပလ္လင် မျက်နှာက ရှုံ့မဲ့သွားရသည်။ ခပ်စူးစူး ပြန်စိုက်ကြည့်ရင်းမှ...
“ သွားစမ်းပါ....နင် နဲ့ ဘာဆိုင်လို့ ဝင်ပြောနေတာလဲ။ စောက်ရေးမပါတာတွေ လာမပြောနဲ့။ “
ရူကီ ပြုံးလိုက်မိသည်။ မနက်ကျလျှင် ဒက်ဒီက ရူကီ့ကို ဇနီးအဖြစ် မိတ်ဆက်ပေးမည် ပြောထားပြီးပြီမို့ လင်မယားနှစ်ယောက်လုံး ဘယ်လိုဖြစ်သွားမလဲ သိချင် မြင်ချင်ပါသေးသည်။ မပြောလို့လဲ မရပေ...ရူကီ့မှာ ဒက်ဒီနဲ့ ရတဲ့ ရင်သွေး ရှိနေပြီ မဟုတ်လား။
“ နင် ငါ့ကို တလေးတစားဆက်ဆံသင့်တယ် ပလ္လင်။ ‌နောက်မှ နောင်တမရနဲ့နော်။ “
သူ စိတ်မရှည်တော့ပေ။ ရူ့ကီမျက်နှာကို စေ့စေ့ကြည့်လိုက်မိရင်းမှ မျက်နှာချင်းဆိုင်ဝင်ရပ်လိုက်ရင်း....
“ ဘာလို့ နောင်တရမှာလဲ....ဘာလဲ....နင့်ကို တလေးတစားဆက်ဆံရအောင် နင်က ငါ့အဖေ မိန်းမမို့လား။ “
ရူ့ကီမျက်နှာက ထိန်းမရအောင် ပျက်ယွင်းသွားရကာ သိနေတာလားဟု တွေးမိသွားသည်။ သူမကို လှောင်သလို ပြုံးကာ စိုက်ကြည့်လာရင်းမှ....
“ ဘာလဲ.......ငါက နင့်ခြေလှမ်းတွေကို မသိဘူး ထင်လို့လား။ “
ရာဇပလ္လင် ဖိုက်တူးကို တစ်ချက်ကြည့်လိုက်ရင်းမှ...
“ မင်း အစ်မပြန်လာရင် ငါ့လာပြော။ ဒီမှာ စောက်ဇယားတွေ နောက်တယ်။ “
ရူ့ကီ အိမ်ပေါ်တက်သွားသည့် ရာဇပလ္လင်ကို ကြည့်ရင်းမှ ခံပြင်းစွာ တောက်ခေါက်လိုက်မိသည်။ ရာဇပလ္လင်ကိုတော့ သွားထိလို့ ရသေးမှာ မဟုတ်မှန်း သိနေသည်။ ဦးမောင်ကလေးအကြောင်း ကိုယ် ကောင်းကောင်းသိသည်။ သွေးသားကို အရမ်းအလေးထားတဲ့သူပင်။ ဒါကြောင့်လဲ ဒီကိုယ်ဝန်ကို အရယူခဲ့တာ မဟုတ်လား။
ကားသံနဲ့အတူ ခြံထဲဝင်လာသည့် ကားကိုမြင်လိုက်ရတာမို့ ဖိုက်တူးက အိမ်ပေါ်ပြေးတက်ကာ ရာဇပလ္လင်ဆီ သတင်းသွားပို့သည်။ ကားပေါ်မှ ဆင်းလာသည့် ငွေစန္ဒာ၏ပုံစံကိုကြည့်ရင်းမှ ရူကီ မျက်စပင့်မိသွားသည်။ တစ်ခုခုဖြစ်လာပုံရ၏။
“ ငွေစန္ဒာ....”
“ ပါးစပ်ပိတ်ထား။ “
ဘာလဲဟ။ လူကို လှည့်တောင် မကြည့်ပဲ ပိတ်ပြောပြီး အိမ်ပေါ်တန်းတက်သွားသည်.။ ဒါကြောင့် ရူကီ ဒီမိန်းမကို မုန်းတာပင်။ အမြဲတမ်း ဆရာမကြီးပုံစံဖြင့် မောက်မာသည့်မိန်းမ။ သည်းခံထားတာလဲ အကြောင်းရှိပါသည်။ ဒီတစ်ညပဲ......မနက်ဖန်ဆို အခွင့်တွေအာဏာတွေ ရလာတော့မည်။
@@@@@@@@@@@@@@@
ရာဇပလ္လင် အိပ်ယာထက်ခွေခွေလေးလှဲနေသည့် လကလေးကို ကြည့်ရင်းမှ ခေါင်းကိုအသာကုတ်လိုက်မိသည်။ သူ ဒေါသအရမ်းထွက်နေတာပေမယ့် ပြန်ရောက်လာသည့်ပုံစံက မလန်းပဲ မျက်နှာလေးညိုးနေ‌တော့ သူ့ဒေါသတွေက ကြက်ပျောက်ငှက်ပျောက်ပင်။ မေးတော့လဲ ဘာမှမဖြေသလို ငြိမ်နေတာမို့ သူ့မှာ မနေတတ် မထိုင်တတ်ပင်။
“ လကလေး....နေမကောင်းဘူးလား။ “
ပြောလဲပြော နဖူးကို လက်‌ဖြင့် အသာစမ်းကြည့်လိုက်မိသေးသည်။ ကိုယ်လဲ မပူတာမို့ နေကောင်းပုံတော့ရပါသည်။ သူမဘေးဝင်ထိုင်ရင်းမှ မျက်နှာလေးကို အသာငုံ့၍ စေ့စေ့လိုက်ကြည့်ကာ ပါးလေးကို အသာအုပ်ကိုင်၏။
“ ဘာဖြစ်နေတာလဲ လက‌လေးရယ်....မျက်နှာလဲ မကောင်းဘူး။ ကိုယ် ဘာလုပ်ပေးရမလဲ..။”
စန္ဒာ လူကို စေ့စေ့လိုက်ကြည့်ကာ စိုးရိမ်နေသည့် သူ့ပုံစံကို မျက်လွှာလေးပင့်ကြည့်မိသည်။ အားတက်သရော ဖြစ်သွားပုံရသလို စန္ဒာ့ မျက်နှာလေးကို ငေးကြည့်နေတာ နူးနူးညံ့ညံ့ပင်။ သူ့အသွင်က စန္ဒာ့ကို ခုပဲ ထွေးဖက်လိုက်တော့မလိုလို ဟန်တပြင်ပြင်ရှိနေသည်ဟု ထင်ရသည်။
“ ရာဇပလ္လင်....”
“ အင်းးးပြော...ကိုယ် ဘာလုပ်ပေးရမလဲ။ “
“ စန္ဒာ့ကို သိပ်ချစ်တာပဲလား။ “
ရာဇပလ္လင် မျက်မှောင်ကြီးကျုံ့သွားရသည်။
“ ဒါ‌ မေးစရာလိုသလား လကလေးရယ်။ ကိုယ် မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မေးစရာ မေးခွန်းတောင် မဟုတ်ဘူး။ “
စန္ဒာ ပြုံးလိုက်မိရင်းမှ သူ့ကိုယ်ကြီးကို ခပ်တင်းတင်းပွေ့ဖက်ထားလိုက်မိသည်။ ရင်ခွင်ကျယ်ကြီးထဲ အတင်းတိုးဝင်လိုက်ရင်းမှ စိတ်လွတ်လက်လွတ် ငိုချပစ်လိုက်ချင်စိတ်ကို မနည်းအောင့်အီးထားရသည်။ အသိပေးသင့်သည်ဆိုတာ သိပေမယ့် စိတ်က ဒွိဟ လွန်ဆွဲနေ၏။ အသိပေးချင်သလို အသိလဲ မပေးချင်။ စန္ဒာသာ မျက်စိမမြင်ရတော့လျှင် ဒီပုံစံကို မမြင်စေချင်ဆုံးလူဟာ သူပင် ဖြစ်သည်။ ထို့အတူ အားအကိုးချင်ဆုံးလူဟာလဲ သူပင် ဖြစ်နေပြန်သည်။
“ ရှင့်ကို စန္ဒာ သိပ်ချစ်တယ် သိလား။ “
“ အင်း......ကိုယ် သိတာပေါ့။ “
ဟုတ်သည်။ သူ ကောင်းကောင်းကြီး သိပါသည်။
လကလေးလို မိန်းကလေးမျိုးက အရာရာသီးခံမျိုသိပ်ထားပြီး သူ့အနားရှိနေထဲက သူ့ကို ဘယ်လောက်ထိ ချစ်ပါတယ်ဟု ဝန်ခံစရာမလိုအောင် ချစ်ခြင်းကို ခံစားမိသည်။ သူ့ကြောင့် မာနအင်မတန်ကြီးသော လကလေးသည် မာနတွေ အတော်လျှော့ထားသည် မဟုတ်လား။
“ ဘာဖြစ်လာတာလဲ.....မင်း တစ်ခုခု ဖြစ်လာတာ ကိုယ်သိတယ် ။ “
“ ......”
ခပ်ဆိတ်ဆိတ်နေပြီး သူ့မေးခွန်းကို မဖြေတာမို့ သူ သက်ပြင်းချလိုက်မိသည်။ ရင်ခွင်ထဲမှ ကိုယ်လေးကို ပွေ့ဖက်ထားပေးရင်း နဖူးပြင်ကို အသာငုံ့နမ်းလိုက်ပြန်ကာ....
“ မပြောချင်မပြောနဲ့.....ကိုယ် မင်းအနားမှာ ရှိတယ်။ မင်း ဘာလုပ်လုပ် ကိုယ်ရှေ့က ရှိတယ်။ ဒါကို သိထားရင် ရပြီ။ “
ထိုနေ့က သူ့ရင်ခွင်ထဲမှာပင် သူမလေး အိပ်မောကျသွားသည်။ တစ်ညလုံး လူကို ကပ်နေသလို တစ်ခါတစ်ရံမှ မြင်ရတတ်သည့် အားငယ်မှု နှင့် ချွဲနွဲ့မှုကို တွေ့နေရတာ အံ့ဩသည့်တိုင် သူ သဘောလဲကျသည်။ သူမ၏ တစ်ခုတည်းသော အားကိုးရာအဖြစ် သူ့ကို သတ်မှတ်လို့။
ဖိုက်တူး ခြံထဲတွင် ညသန်းခေါင်ကြီး ရှိနေကာ ခုံတွင် အေးဆေးထိုင်ရင်း ဆေးလိပ်သောက်နေသည့် ဂိုဏ်းချူပ်ကို မြင်လိုက်ရသဖြင့် အနားလျှောက်လာခဲ့သည်။
“ ကျွန်တော် ဝိုင်ပုလင်း ယူခဲ့ပေးရမလား ဂိုဏ်းချုပ်။ “
ရာဇပလ္လင် အသာလက်ကာပြလိုက်သည်။
“ မလိုဘူး......ငါ အဆင်ပြေတယ်။ စဥ်းစားနေတာပါ....လကလေး ဘာဖြစ်လာတာလဲလို့။ “
ဖိုက်တူး ဂိုဏ်းချူပ်ကို တစ်ချက်ကြည့်မိသည်။ လက်နှစ်ဖက်နောက်ပစ်ကာ အနားရပ်နေရင်းမှ....
“ ကျွန်တော် စုံစမ်းလိုက်ရမလား။ “
“ ဟင့်အင်း...နေပါစေ။ လက‌လေးကြည့်ရတာ ငါ့ကို ပြောချင်ပုံမရဘူး။ သူ မသိစေချင်တဲ့ကိစ္စဆိုတော့ မသိတာပိုကောင်းပါတယ်။ သူ့စိတ်အဆင်သင့် ဖြစ်ရင် ငါ့ကို ပြောလာပါလိမ့်မယ်။ “
“ မပြောလာရင်ရော....”
ရာဇပလ္လင် ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။
“ ပြောလာလိမ့်မယ်.....ငါ ချစ်လို့ ယူထားတဲ့ ငါ့မိန်းမပါ။ သူ့အကြောင်း ငါ့ထက် မင်းက ပိုသိမှာလား။ “
ဖိုက်တူး ခေါင်းကို ငုံ့ချလိုက်မိသည်။
“ သိပါပြီ ဂိုဏ်းချုပ်။ “
ရာဇပလ္လင် သောက်လက်စ စီးကရက်ကို ကြွေခွက်ထဲ အသာဖိချေလိုက်ရင်းမှ အိမ်ထဲ ပြန်ဝင်လာခဲ့သည်။ လကလေးက မသိစေချင်၍သာ သူ ဘာမှမလုပ်ပေမယ့် စိုးရိမ်မိတာတော့ အမှန်ပင်။ လကလေးက တော်ရုံမိန်းကလေးမဟုတ်၍သာ စိတ်အနည်းငယ် အေးရပေမယ့် ပြဿနာကတော့ အတော်ရှာလေ့ရှိသည်။ လိုက်ရှင်းရတဲ့ကိစ္စများသလို ဆိုးတာတော့ အတ်ောဆိုးသည်။ သူက ဘယ်လောက်ဆိုးဆိုး ဂရုမစိုက်ပါ....သူကလဲ ဆိုးတာမို့ပင်။
@@@@@@@@@@@@@@
မနက်စာစားရန် ထမင်းစားခန်းထဲ အတူဝင်လာကြသည့် ရာဇပလ္လင် နှင့် ငွေစန္ဒာကို ကြည့်ပြီး ရူကီ ဦး‌မောင်ကလေးကို တစ်ချက်လှမ်းကြည့်မိသည်။ အသာမျက်ရိပ်ပြသည်မို့ နေရာမှာတင် ငြိမ်ငြိမ်ထိုင်နေကာ စားလက်စခေါက်ဆွဲကို ဆက်စားနေလိုက်သည်။
“ အကုန်လုံးကို အသိပေးစရာ ရှိတယ်။ “
ဦးမောင်ကလေးဆီမှ အသံကြောင့် ရာဇပလ္လင်ရော ငွေစန္ဒာပါ စားလက်စကို ရပ်ရင်း ဦးမောင်ကလေးကို ကြည့်လိုက်မိသည်။ ဦးမောင်ကလေးက ရူ့ကီကို တစ်ချက်ငဲ့ကြည့်လိုက်ရင်းမှ ရာဇပလ္လင်အား ပြန်ကြည့်လာသည်။
“ ရူ့ကီကို နောက်ဆို လက်လွတ်စပယ် မဆက်ဆံကြနဲ့။ သူက ငါ့ဇနီးဖြစ်နေပြီ။ ပြီးတော့ ငါ့ရင်သွေးကို လွယ်ထားတဲ့ မိန်းကလေး။ “
စန္ဒာ သူ့မျက်နှာကို တစ်ချက်ကြည့်မိသွားသည် ။ တည်တည်ငြိမ်ငြိမ်ပင် ရှိနေတာမို့ သူသိပြီးသားမှန်း ရိပ်မိလိုက်၏။
“ ကောင်းပါပြီ။ သေချာဆက်ဆံပေးပါ့မယ်။ “
ဦးမောင်ကလေး၏ အကြည့်က စန္ဒာ့ဆီ ရောက်လာတာမို့ စန္ဒာ မသိဟန်ဆောင်လိုက်ရင်းမှ စားလက်စကို ဆက်စားနေလိုက်သည်။ သို့ပေမယ့် ထင်သည့်အတိုင်းပင်....
“ ငွေစန္ဒာ......ကြားတယ်နော်။ “
“ ကြားပါတယ်...ကျွန်မယောကျာ်းသဘောအတိုင်းပဲ။ “
“ လကလေး.....ကိုယ့်ကို အပြင်သွားဖို့ ပြင်ပေးဦး။ “
သူက ထရပ်လာသည်မို့ စန္ဒာ သူ့လက်ကိုဆွဲကာ လိုက်လာခဲ့သည်။ အခန်းထဲရောက်သည်နှင့် ခါးကြီးထောက်ကာ တစ်ခုခုကို ငြိမ်ပြီးစဥ်းစားနေသည့် သူ့ပုံစံကြောင့် စန္ဒာ ဘေးကနေသာ ရပ်ကြည့်နေမိသည်။
“ ကိုယ် ဘာလုပ်ရင် ကောင်းမလဲ လကလေး။ “
“ စိတ်ထဲရှိတဲ့အတိုင်း လုပ်ချင်တာသာလုပ်....စန္ဒာ ကူပေးမယ်။ “
ရာဇပလ္လင် သူမလေးကို ငဲ့ကြည့်မိသွားသည်။ ခပ်စစပြုံးမိသွားရင်းမှ လကလေး၏ လက်လေးကို အသာဆွဲကိုင်ကာ သူ့ခါးကြီးတွင် ချိတ်လိုက်တော့ ပြုံးပြုံးလေး မော့ကြည့်လာသည်။
“ ရူ့ကီကို သတ်ချင်လား.....စန္ဒာ သတ်ပေးမယ်။ နဂိုထဲကိုက အဲ့ကောင်မကို သတ်ချင်တာ လက်ယားနေတာ။ “
“ နေပါဦး လကလေးရယ်.....ခဏတော့ သည်းခံလိုက်ပါဦး။ “
သူ့စကားကြောင့် သူမ၏ မျက်နှာလေးက မဲ့ရှုံ့သွားသည်။ ဘယ်လောက်တောင် ရူ့ကီကို မျက်မုန်းကျိုးနေလဲ မသိ။ သူမအတွက် အတော်လေး အနှောက်အယှက် ဖြစ်နေပုံရသည်။ သူ့ရင်ခွင်ထဲ တိုးဝင်လာရင်းမှ ...
“ တကယ်ပါပဲ.....အဲ့ဟာမ ကြည့်နေရတာ သိပ်ကြာပါပြီဆို။ ဂွင်ထဲရောက်လာကြည့်ပါ.....သေချာသတ်ပစ်လိုက်မှာ။ တအား အနှောက်အယှက်ဖြစ်တယ်။ “
ဒီမိန်းမက တကယ့် အနှောက်အယှက်ဆိုတာ စန္ဒာ သိနေသည်။ မထိခလုတ် ထိခလုတ်တွေ လုပ်တာ အသေမုန်းသလို ဘာမှထိထိရောက်‌ရောက် လုပ်နိုင်တဲ့ မိန်းမလဲ မဟုတ်။
“ လကလေး.....ကိုယ်တို့ ကလေးယူကြမလား။ “
စန္ဒာ ပြုံးမိသွားတော့ သူက ထူးဆန်းသလို ကြည့်လာသည်။
“ ဘာလဲ အဲ့အကြည့်က....ဧကန္တ..”
“ မဟုတ်ပါဘူး....အစောထဲက ကလေးယူမလို့ ပြင်ထားတာပဲလေ။ မရသေးတာ။ “
ရာဇပလ္လင် မျက်မှောင်ကျုံ့မိသွားရသည်။ မဖြစ်နိုင်လိုက်တာ။ မတားထားပဲနဲ့ မရသေးတာတဲ့လား ။
“ လောကမှာ ကိုယ့်လိုအင်ဆန္ဒအတိုင်း မဖြစ်နိုင်တာတွေလဲ ရှိတယ် ။ “
လကလေးဆီမှ စကားကြောင့် သူ အသာခေါင်းညိတ်ပြလိုက်သည်။ ကလေးတော့ လိုချင်တာ အမှန်ပင်။ လကလေးက သူ့ခေါင်းကို ခပ်ဖွဖွပုတ်ရင်း ....
“ စန္ဒာ ကလပ်သွားကြည့်ဦးမယ်။ ညနေ စောစောပြန်လာမှာမို့ ကလပ်ကိုပဲ လာကြိုလိုက်နော်။ “
ကုတ်အင်္ကျီအရှည်တစ်ထည်ကို ကောက်ဝတ်ရင်း အခန်းထဲမှ ထွက်သွားပြီမို့ ရာဇပလ္လင် ခပ်ပြုံးပြုံးငေးကြည့်ရင်းသာ ကျန်နေခဲ့သည်။ လကလေးကို သူလိုက်ထိန်းလို့မရပေ။ သူမက ထိန်းရင် ပိုအရွဲ့တိုက်တတ်သည့် အကျင့်ရှိတာမို့ သူက လိုက်သာရှင်းပေးရသည်။ ခုလဲ ရူကီ့ကို အတော်လေး မျက်စိထဲခရောစ့်ဖြစ်နေပုံရ၏။ သူ ရှင်းရင်ရှင်း မရှင်းရင်း သူမနဲ့ထိပ်တိုက်ဆုံသည့်အခါ လကလေးက လက်ရှောင်တော့မှာ မဟုတ်။
“ ဖိုက်တူး.....”
သူ့ခေါ်သံကြောင့် ဖိုက်တူးက အခန်းထဲ ဝင်လာသလို မလှမ်းမကမ်းတွင် ရပ်လိုက်၏။
“  ရူ့ကီကို နောက်ကြောင်း လိုက်ခိုင်းထားတာ အမြန်လုပ်။ “
“ မနက်ဖန်ဆို သိရပါပြီ ဂိုဏ်းချုပ်။ “
***ကြားဖြတ်သတင်း အစီအစဥ်ပါ **
** အမတ်လောင်း ဦးမောင်ကလေးရဲ့ အတိုက်အခံပါတီ‌ခေါင်းဆောင် အမတ်လောင်း မစ္စတာ ရှင်ဇူဟာ လူထုထောက်ခံမှုကို တဟုန်ထိုး ရရှိသွားပါပြီ။ အကြောင်းအရင်းကတော့ မစ္စတာရှင်ဇူလုပ်လိုက်တဲ့ အပြုအမူဟာ လူထုကြား ထောက်ခံမှုသာမက ယုံကြည်အားကိုးမှုကို များပြားစွာ ရရှိသွားပါတယ်။ **
ရာဇပလ္လင် ဆက်နားထောင်ကြည့်ရင်းမှ နောက်ကွယ်က ကူညီသူဟာ Light မှန်း တန်းသိလိုက်တာမို့ လကလေးကို စိုးရိမ်သွားရသည်။ ဒီတစ်ခါ အဖေက ဒီအတိုင်းထားမှာ မဟုတ်တော့။
“ ဖိုက်တူး.....မင်းအစ်မကို အမြန်ရှာစမ်း။ “
ပြောလဲပြော လကလေးရဲ့ ဖုန်းကို အလောတကြီးဆက်လိုက်သည်။ တစ်ဖက်မှ ဖုန်းဝင်သံကြားလိုက်ရသလို လကလေး၏ အသံမာမာလေးက ထွက်လာ၏။
“ ပြော ရာဇပလ္လင်.....ခုမှ ထွက်လာတာကို ဘာလို့...”
ကျွီ....ဒုန်း
ဖုန်းထဲမှ ကြားလိုက်ရသည့် အသံကြောင့် ရာဇပလ္လင် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်မိသည်။
“ ဟယ်လို....လကလေး....လကလေး။ “
“ အဲ့ဟာမကို ဖမ်းခေါ်လာခဲ့။ “
ပီပီသသ ကြားလိုက်ရသည့်အသံကြောင့် ရာဇပလ္လင် မျက်မှောင်ကြီးကျုံ့မိသွားသည်။ ရူကီ....ရူကီ့အသံပဲ။ သူ သိလိုက်သည်။ အဖေ လက်ဦးသွားပြီ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
P – 17 မျှော်
Author -  အနမ်းခြွေ

My Stranger Guy ( Complete) Where stories live. Discover now