Chapter 3 🍂

698 87 38
                                    

~~ တောင်... တောင်... တောင် ~~

ရွာဦးကျောင်းက အုန်းမောင်းခေါက်သံက ဆော့ဂျင်အတွက်တော့ နှိုးစက်တစ်ခုလိုဖြစ်နေပြီဖြစ်သည်။မြို့ပေါ်မှာတုန်းက မနက်စောစောထနိုင်ဖို့ Alarm ပေးပြီးထခဲ့ရပေမယ့် ဒီမှာတော့ ဆေးခန်းနဲ့ ဘုန်းကြီးကျောင်းက ကပ်လျက်ရှိသဖြင့် အုန်းမောင်းခေါက်သံကိုသာ အမှီပြုပြီး အိပ်ယာထရသည်။

တပို့တွဲလထဲရောက်နေပြီဖြစ်သောကြောင့် ရာသီဥတုသည်ကား ချမ်းအေးလှ၏။အအေး‌ဓာတ်ကြောင့် တစ်နေ့တစ်နေ့ မနက်ဖက် အိပ်ယာထနိုင်ဖို့ကို အတော်လေးရုန်းကန်ရပါသည်။သို့သော်လည်း အလုပ်တွေရှိတယ်ဟူသော အသိကြောင့် မထပဲ ကွေးနေလို့မရပြန်။ခြောက်နှစ်ကျော်လောက် စာအုပ်ပုံထဲ ခေါင်း၀င်တိုးပြီး နေ့နေ့ညည စာနဲ့နှစ်ပါးသွားခဲ့ရတဲ့ ဆေးကျောင်းသားဘ၀တုန်းကထက်စာရင် ချမ်းလို့အိပ်ယာမထချင်တဲ့ကိစ္စလောက်ကတော့ စာမဖွဲ့တော့။

ဆော့ဂျင်နေတဲ့ သစ်သားဆောင်လေးက ဆေးခန်းရဲ့ နောက်ကျောဘက်မှာဖြစ်သည်။ဘုန်းကြီးကျောင်း၀န်းနှင့် ဆော့ဂျင်နေတဲ့အဆောင်နဲ့က လူသွားလမ်းတလမ်းစာလောက်သာ ခြားသည်။ဒီဘက်ဒေသမှာက ရေရှားသောအရပ်ဖြစ်သောကြောင့် ရေတွင်းတူးရတာက အင်မတန်ခက်လှသည်။ရေကိုပေါပေါသီသီရတဲ့နေရာဆိုလို့ ဘုန်းကြီးကျောင်းတစ်နေရာပဲရှိ၏။ထို့ကြောင့်လည်း ဆေးခန်းကို ဘုန်းကြီးကျောင်းရဲ့ အနီးအနားမှာ ဆောက်ထားပေးခြင်းဖြစ်သည်။

ဆော့ဂျင် မျက်နှာသစ်ဖို့ အရင်ဆုံးရေနွေးကျိုရန်တွေးပြီးမှ စိတ်ညစ်သွားရပြန်သည်။မနေ့တုန်းက လူနာတွေ‌အတော်များသွားသဖြင့် သူ ပင်ပန်းသွား၍ ညဘက်ရေချိုးတော့ စည်ထဲက ရေတွေကိုအကုန်ချိုးပစ်လိုက်ပြီး တခါတည်း ပြန်မဖြည့်ထားမိ။ဆရာတော်က ဆော့ဂျင်ကို ရေဖြည့်ရေခပ် တောက်တိုမယ်ရခိုင်းဖို့ ကောင်လေးတစ်ယောက်လွှတ်လာပေးသော်လည်း ကလေးကငယ်သေးသည်ဖြစ်တာကြောင့်ရော၊ မြို့သားဆိုတဲ့ အကြောင်းပြချက်နဲ့ အခန့်သားထိုင်ပြီး သူများအပေါ်အားမကိုးချင်တာရောကြောင့် ရပါတယ်လို့‌ လျှောက်ပြီး ငြင်းလွှတ်လိုက်သည်။

နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်Where stories live. Discover now